11(Z & U)
1.6K 197 52
Zawgyi
နောက်ဆုံးဘာသာဖြေဆိုအပြီးမှာ သူ့ဘဝတစ်ဝက်လောက်ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ဆရာမဆီကို ဖြေနိုင်ကြောင်းလှမ်းပြောတော့ တက္ကသိုလ်တက်ဖို့ကိစ္စတွေအထိကို ပူပင်ပေးနေသေး၏။အားလုံးထဲမှာဆရာမတစ်ယောက်ကတော့ သူ့အပေါ်အမှန်တကယ်ကောင်းခဲ့ပါသည်။အိမ်ကိုပြန်ရောက်သည်နှင့် မနက်ခင်းဝတ်သွားသည့် အနွေးထည်ထူထူကိုချွတ်လို့ အဖြူအစိမ်းဖြင့်ပင် ခြံထဲဆင်းရတော့သည်။ဒီရက်ပိုင်း သေချာဂရုမစိုက်ဖြစ်ပေမယ့် ပုံမှန်လေးရေလောင်းပေးနေတော့ အညွှန့်လေးတွေပြန်အစပျိုးလာလေပြီ။မကြာခင်တော့ ပြန်ပြီးထူထူထောင်ထောင်ဖြစ်မည်ထင်ပါရဲ့။
ခြံထဲလုပ်စရာရှိတာလုပ်ပြီးတော့ နေ့လည်စာကိုအပြေးအလွှားစားကာ နေ့စားခေါ်ထားသောခြံသို့ သွားရသည်၊အပင်တွေ အဆင်မပြေသေးသရွေ့တော့ သူများဆီနေ့စားလုပ်မှ ဝမ်းရေးမှန်ပေမည်။သူ့ကိုမြင်တော့ ခြံရှင် ဦးစိုင်းဘက ခပ်တင်းတင်းတစ်ချက်ကြည့်ပြီး ဝင်လာဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြလာသည်။
"မင်းလာတာအတော်ပဲ၊ဒီနေ့တော့ ဒီခြံမှာမလုပ်နဲ့၊အလယ်ပိုင်းကခြံမှာလူနည်းပြီးအသီးများနေလို့ အဲ့ကိုသွားကူပေး။ဒီနေ့ ကုန်တင်ရမှာမို့လို့ ခပ်သွက်သွက်တော့လုပ် ကြားလား''
ဟုတ်ကဲ့တစ်ခွန်းသာပြောပြီး ထိုခြံဘက်ကို သူခြေဦးလှည့်ရတော့သည်။နေရာက သိပ်မနီးသလို ဝေးလှသည်လည်းမဟုတ်။ခြံကိုရောက်တော့ အမှန်တကယ်ပင် လူအင်အားကမရှိ။အသီးတွေသီးချက်က အရွက်ပင် မမြင်ရချေ။ဒီနေ့အပြီးခူးရမှာမို့ ရောက်နှင့်နေသောအဒေါ်ကြီးပေးလာသည့် ခြင်းကို ယူလို့ ခပ်သွက်သွက်လှုပ်ရှားရတော့၏။
#
ခုတလော တစ်ဖက်ခြံမှ စကားပြောသံလေးတွေကြားကြားနေရလေသည်။ဦးစိုင်းဘ ခြံမှာ နေ့စားအနေနဲ့ဝင်လုပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုကလေးသံလေးတွေကို ဒီရက်ပိုင်းမှ သတိထားမိသည်။ဟိုနေ့က  တစ်ချက်လှမ်းကြည့်လိုက်တော့ အပျိုပေါက်အရွယ်ကောင်မလေးတစ်ယောက်နှင့် လူကောင်သေးသေးကလေးတစ်ဦး။ပုံစံကြည့်ရသလောက်တော့ ဆင်းရဲသည့် မိသားစုမှမဖြစ်နိုင်။ဘာကြောင့် ဒီစိုက်ခင်းထဲ တောက်တိုမယ်ရ လာလုပ်နေသလဲတော့မသိ။ထားပါလေ။ကိုယ်နဲ့လည်းဆိုင်တာမဟုတ်။