UniCode
အနားကခလုတ်ကို အလျင်အမြန်လှမ်းနှိပ်လိုက်တော့ ဘတ်စ်ကားဆရာက ဘရိတ်အုပ်ပြီးရပ်လိုက်သည်။ ခရီးဆောင်အိတ်ကိုမရင်း ကားပေါ်ကပြေးဆင်းကာ တက်စီတစ်စီးစီးလာဖို့အတွက် မိနစ်နှစ်ဆယ်လောက် ဂျူဟျွန်းရပ်စောင့်ခဲ့ရသည်။
"ငါလာနေပြီ ယုံဆွန်း "
ထိုစာကိုပို့လိုက်ပြီးနောက် အကြောင်းပြချက်မဲ့စွာ ဂျူဟျွန်းဖုန်းစက်ပိတ်လိုက်သည်။
သူမ ဆူးလ်ဂီဆီသွားမည်။ ဖြစ်ကြောင်းကုန်စင် တစ်လုံးမကျန်ပြောပြမည်။ နောင်တရကြောင်းလည်း ဝန်ခံဦးမည်။ တကယ်တမ်းဂျူဟျွန်းမှာ ဆူးလ်ဂီကိုပြောပြစရာတွေ အများကြီးရှိနေပြီး ထိုအရာအားလုံးကို ထုတ်ပြောဖို့အတွက် သူမဦးတည်ရာသည် မင်္ဂလာခန်းမတစ်ခုသာဖြစ်သည်။
ကံအကြောင်းမလှစွာ စိတ်အလိုရှိသလို မြန်မြန်ဆန်ဆန်မရောက်နိုင်။ နာရီကိုကြည့်လိုက်၊ ပိတ်နေသောကားတန်းကိုကြည့်လိုက်ဖြင့် စိတ်မရှည်နိုင်။
"ဦးလေး ဒီကားက ဘယ်လောက်တောင်ပိတ်နေမှာလဲ "
"မပြောတတ်ပါဘူး တူမကြီးရယ် လေဆိပ်ဘက်ကပြန်လာရင် ဒီလိုမျိုးပဲ အမြဲတမ်းနီးပါးကားပိတ်တယ်ကွ "
သက်ပြင်းချရုံမှလွဲ၍ ဂျူဟျွန်းမတတ်နိုင်တော့ပါ။
* * *
"အိုင်ရင်းစံ အဆောင်အောက်မှာ နင့်နာမည်အရင်းနဲ့လာစုံစမ်းနေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့တယ် "
"အယ်? ငါ့နာမည်အရင်း? ဘယ်ဂျူဟျွန်းနဲ့လား "
"အင်း ကိုရီးယားမှာကျန်ခဲ့တဲ့ နင့်သူငယ်ချင်းတစ်ယောက်ယောက်လား သူ့ပုံစံက မျက်လုံးနည်းနည်းမှေးသလိုလိုနဲ့ မျက်ရစ်မပါဘူး ဆံပင်ပုခုံးကျော်ကျော်အညိုရောင် အရပ်နည်းနည်းရှည် နာမည်က ဆုရုဂီစံလို့ပြောတယ် "
"ဟို နင်အခုမှပြန်တက်လာတာသိပေမယ့် ငါ့ကိုတစ်ခုလောက်ကူညီပါလား ဟနကိုစံ "