လင်ရှုယီက ခေါင်းငြိမ့်သည်။

ရှန်ဖူက စာချုပ်နဲ့အိမ်ဂရမ်ကိုချလိုက်ကာ သူ့ဘေးမှနေရာလွတ်ကိုပုတ်ပြပြီး လင်ရှုယီကို လာထိုင်ရန်အချက်ပြ၏။

"တကယ်တော့ ကိုယ် ဒါတွေမလိုပါဘူး။ ကိုယ် မင်းကိုပိုက်ဆံချေးမှာပါ။ မင်းက ကိုယ့်ကို ပိုက်ဆံပြန်မပေးဘူးလို့တော့ မပြောနဲ့နော်။"

ရှန်ဖူက လင်ရှုယီကို ပြုံးကာကြည့်သည်။ လင်ရှုယီက သူ့ကို ချက်ချင်းပြန်ကြည့်လာကာ ခေါင်းယမ်း၏။ သူက အဲ့လိုလူမျိုးနဲ့တူလို့လား?

ရှန်ဖူက လင်ရှုယီရဲ့ အကြီးအကျယ်အလေးအနက်ထားနေတဲ့အမူအရာကိုကြည့်ကာ ထပ်ရယ်သည်။

"ဒါဆို အဆင်ပြေပြီမဟုတ်ဘူးလား?"

ဒါ့အပြင် လင်ရှုယီက သူ့ကို ပိုက်ဆံပြန်မပေးရင်တောင် ကိစ္စမရှိလို့ ရှန်ဖူတွေးလိုက်မိသည်။ ပြီးတော့ ဒီအချိန်မှာ သူတို့ကြား ဒီလိုမျိုးစည်းခြားထားဖို့မလိုဘူးလေ။

လင်ရှုယီက တွေးဆလိုက်ပြီး ရှန်ဖူ့ကို အိမ်ဂရမ်ကိုထိုးပေးနေသေး၏။

"မဟုတ်ဘူးလေဗျာ။ အဲ့ဒါက မှန်တယ်ဆိုပေမယ့်လည်း ခင်ဗျားမှာ ကျွန်တော့်ကိုကူညီဖို့နဲ့ ဒီလိုကြီးကြီးမားမားစွန့်စားရလောက်တဲ့အကြောင်းပြချက်မှမရှိတာပဲ။"

အကြောင်းပြချက်မရှိဘူး? သူ့ကိုလိုက်နေတယ်ဆိုတာကိုရော ထည့်တွက်လို့ရလား? သို့သော်လည်း ရှန်ဖူ့မှာ အနှီအကြောင်းပြချက်အား ထုတ်မပြောနိုင်ပါပေ။ သူက လင်ရှုယီကို အခက်တွေ့နေသည့်ဟန်ဖြင့် ကြည့်လာ၏။ မင်းက ကိုယ်တို့ကြားမှာ ဒီလိုရှင်းရှင်းလင်းလင်းကြီး စည်းခြားထားရမှကိုဖြစ်မှာလား?

သို့တိုင် ရှန်ဖူက ထိုအကြောင်းကိုတွေးပြီးနောက် ထပ်ပြုံးလိုက်လေ၏။

"အိမ်ဂရမ်စာချုပ်ကို ကိုယ့်ကို အပေါင်ပစ္စည်းအနေနဲ့ပေးချင်တာ မင်းသေချာရဲ့လား?"

တစ်စုံတစ်ရာသောအကြောင်းပြချက်ကြောင့်မဟုတ်ဘဲ ရှန်ဖူ့မျက်လုံးတွေလင်းလက်နေတာကိုတွေ့လိုက်ရသည်မို့ လင်ရှုယီမှာ ခဏမျှတွန့်ဆုတ်သွားရ၏။ အဆုံးတွင်မူ လင်ရှုယီသည် 'အမ်း'ဟုဆိုကာ သဘောတူလိုက်လေ၏။ ဘာကြောင့်မှန်းမသိသော်လည်း သူ ရှန်ဖူ့အပေါ်အကြွေးတင်နေရမည်ကို အတော်လေးဝန်လေးနေပေ၏။ သို့သ်ာလည်း အခြားရွေးချယ်စရာမရှိပေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now