Chapter-11

2K 198 1
                                    

(Zawgyi)

ဝေ့ဝူရှန့် ခေါင်းထဲ တစ်ချက်မျှ ထိုးကိုက်သွားသည်။ ထို့နောက် တစ်ကိုယ်လုံးမှ သွေးများ ‌ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ချီစွမ်းအင်များ ကမောက်ကမဖြင့် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ အလူးအလဲ ဖြစ်သွားလေ၏။

"ဝေ့ရင်း...."

လန်ကျန့်က ခွေယိုင်ကျတော့မတတ်ဖြစ်နေသော ဝေ့ရင်းကို ဆွဲပွေ့လိုက်သည်။

"လန်ကျန့်...ရတယ်။ ငါ...ဘာမှ မဖြစ်ဘူး"

ဝေ့ရင်းက ဝေဒနာကို ကြိတ်မှိတ်ခံရင်း ပြန်အားတင်းလိုက်၏။ ယခု အချိန်တွင် သူလဲပြိုသွား၍ မဖြစ်။ သူ့‌တွင် ဖြေရှင်းရမည့် ကိစ္စများစွာ ကျန်နေသေးသည်။ လန်ကျန့်ကို မပင်ပန်းစေချင်ပါ။

လန်ကျန့်က ဝေ့ရင်း၏ သွေးခုန်နှုန်း၊ ချီစွမ်းအင် တို့ကို စမ်းသပ်လိုက်သည်။ ထို့နောက် ထူးဆန်းစွာပင် ဝေ့ရင်းမှာ ကျင့်ကြံဆင့်အင်အား အနည်းငယ်တိုးလာသည်မှ အပ ပုံမှန်အ‌‌ခြေအ‌နေအတိုင်း ရှိနေသည်ကို တွေ့ရလေသည်။ ကျင့်ကြံဆင့်တိုးလာလျှင် ဤမျှ ဝေဒနာခံစားရသည်ဟု မသိဖူးခဲ့။ ဝေ့ဝူရှန့်၏ ဝိဉာဉ်မှာ အငြိုးအတေးစွမ်းအင်ကို သုံးခဲ့ရဖူးသဖြင့်လားတော့ မပြောတတ်။ လောလောဆယ်မူ ဝေဒနာ သက်သာစေရန် မည်သို့ ကူညီပေးရမည်ကို မသိသဖြင့် လန်ကျန့်မှာ ဝေ့ရင်းကို တင်းတင်းပွေ့ဖက်ထားရုံမှ အပ မတတ်နိုင်လေ။

ရုတ်တရက် ဝေ့ရင်း၏ ဝေဒနာများမှာ ယူပစ်လိုက်သလို ပျောက်သွားလေသည်။ အမှန်တကယ်ပင် တစ်ယောက်ယောက်က ယူပစ်လိုက်သလို ခံစားရခြင်းဖြစ်၏။

ဝေ့ရင်းမှာ လန်ကျန့်ကို အလန့်တကြား မော့ကြည့်လိုက်လေသည်။ အမှန်တကယ်ပင် သူ့ဝေဒနာများကို ယူပစ်လိုက်ခြင်းများလား။

လန်ကျန့်ကလည်း သူ့ကို ပြူးပြူးပျာပျာ ကြည့်နေသော ဝေ့ရင်းကို အလန့်တကြား ပြန်ကြည့်လေ၏။ ဝေ့ရင်းကို ကြည့်ရသည်မှာ အလွန်ထိတ်လန့်နေပုံရလေရာ လန်ကျန့် စိတ်ပူသွားလေသည်။

"ဝေ့ရင်း....ဘာဖြစ်လို့လဲ"

"လန်ကျန့် မင်း ငါ့ကို..."

Mo Dao Zu Shi (Continued Adventures of Wangxian Couple and Juniors)Where stories live. Discover now