အပိုင်း - (၃၄)

528 18 0
                                    

သီချင်းသံတွေကြားမှာ ကြားလိုက်ရတဲ့ အသံတိုးတိုးကြောင့် နားကြားမှားတယ် ထင်လိုက်ပေမယ့် တစ်ချိန်တည်းမှာပဲ ဆွဲလှည့်ခံလိုက်ရတဲ့ ခန္ဓာကိုယ်က လျှန် နားကြားမမှားကြောင်း သက်သေပြလိုက်သည်။ မီးရောင်စုံကြားမှာ လျှန့်ကို စိုက်ကြည့်ရင်း မတ်တပ်ရပ်နေသူက လျှန့်အတွက် နှစ်ယောက်မရှိနိုင်သော နေးလက်ျာ ဖြစ်နေသည်။

" နေး ... ဘယ်လိုဖြစ်ပြီး ဒီကို "

" ပြောတော့ ကိုကို အလုပ်ရှုပ်နေတာဆို "

" အင်း . ကိုယ် အလုပ်ကိစ္စ ... "

" ညာတယ် !! ... "

လျှန့်ရင်ဘတ်ကို လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးကာ အနားကနေ ရုတ်တရက်ထွက်ပြေးသွားတဲ့ နေးလက်ျာကြောင့် နေရာမှာတင် ကြောင်အစွာရပ်နေမိသည်။

" အဆင်ပြေရဲ့လား "

" အာ. အင်း... ကိုယ် အခုပြန်လို့အဆင်ပြေနိုင်မလား . ရေချယ် "

" အဆင်ပြေပါတယ်... ရေချယ့်ကို အခုထိ အဖော်လုပ်ပေးပြီးပြီပဲ "

နှုတ်ဆက်ပြီးသည်နှင့် လျှန်လည်း ခုံပေါ်မှာ ချွတ်ထားခဲ့တဲ့ အပေါ်ထပ်ကို ခပ်သွက်သွက်ကောက်ကိုင်ရင်း ငွေမြန်မြန်ရှင်းကာ အပြင်ကို ပြေးထွက်ခဲ့လိုက်သည်။ နေးလက်ျာက လျှန်ရှိနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာလဲဆိုတာကို မတွေးနိုင်သေး။ ပြေးထွက်သွားတဲ့ နေးလက်ျာလေး ခပ်ဝေးဝေးကို မရောက်နေဖို့သာ ဆုတောင်းရင်း သွက်သွက်ပြေးလိုက်ရသည်။

" နေး . ကိုယ့်ကိုစောင့်ပါဦး "

အပြင်ကိုရောက်တော့ ဘေးဘီကို ဝေ့ဝဲရှာပြီးကာမှ ခပ်လှမ်းလှမ်းမှာ တစ်ရွေ့ရွေ့သွားနေတဲ့ ကျောပြင်သေးသေးလေးကို လှမ်းတွေ့လိုက်ရသည်။ ခြေလှမ်းကြဲတွေနဲ့ မှီအောင်ပြေးလိုက်ရင်း လက်တစ်ဖက်ကို ပြေးဆွဲလိုက်တော့ အံ့ဩနေတဲ့ မျက်နှာလေးနဲ့ လျှန့်ကို လှည့်ကြည့်လာသည်။

" ဘာလဲ . နေး လက်ကိုလွှတ်ပေး "

" ဘယ်သွားမလို့လဲ နေး... ကိုယ်နဲ့ အိမ်ပြန်လိုက်ခဲ့ "

" ကိုယ့်ဘာသာကိုယ် ပြန်လို့ရတယ် ... ပြီးတော့ အိမ်မပြန်ဘူး . ကိုကိုရှားမြတ်ဆီသွားမှာ . ဟင့် . လွှတ်ပေး "

My Beautiful SPOUSEWhere stories live. Discover now