အပိုင်း - (၃၈)

2K 250 12
                                    

" ရာသီဥတုက အအေးလျော့လာပြီနော်... ခိုက် "

" အအေးလျော့လာပေမယ့် နွေးနွေးထွေးထွေးဝတ်ထားဦး... ရာသီဥတုအပြောင်းအလဲကို ဂရုစိုက်ရမယ် "

ဒိုင်းကနဲလွင့်ကျလာတဲ့ အကြည့်တစ်ချက်ကြောင့် ခိုက်ကတွဲထားတဲ့ လက်တစ်ဖက်ကို ဖျစ်ညှစ်လိုက်သည်။ ကိုလျှန်တို့ မင်္ဂလာပွဲအမီ လာရတာကြောင့် ခိုက်တို့လေယာဉ်ဆိုက်တော့ နေ့လယ်ခင်းသာရှိသေးသည်။ နှင်းမကျတော့ပေမယ့် အအေးငွေ့ရှိနေသေးတာကြောင့် အနွေးထည်ချွတ်ချင်နေတဲ့ရှားကို ခိုက်ကြိုပြီးတားလိုက်သည်။

" ခိုက်... ဟိုမှာ ငါတို့နာမည် "

" ကိုလျှန်တို့လာကြိုဖို့ လွှတ်လိုက်တာဖြစ်မယ်ထင်တယ် "

ခိုက်တို့ လေယာဉ်ကွင်းထဲကထွက်လာတော့ ခိုက်နဲ့ရှားနာမည်ကို ရေးထားတဲ့ ဘုတ်ပြားကိုကိုင်လို့ စောင့်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသည်။

"‌ တွေ့ရတာဝမ်းသာပါတယ် ... ဘုတ်ပြားပေါ်က နာမည်က ကျွန်တော်တို့ပါ "

ရှားတို့ကို သိပုံမရပဲ လာကြိုတဲ့လူက ဟိုရှာဒီရှာ လုပ်နေတာမလို့ ရှားကပဲ ဦးအောင်သွားပြီး နှုတ်ဆက်လိုက်သည်။

" အာ မင်္ဂလာပါ ... Mr.Hlyan က လာကြိုခိုင်းလိုက်တာပါ . မင်္ဂလာပွဲကြောင့် ကိုယ်တိုင်လာမကြိုနိုင်တာကို အားနာကြောင်းလည်း ပြောလိုက်ပါသေးတယ် "

ခရီးဦးကြို‌ပြုလာတဲ့ကောင်လေးက ကိုဘုံလျှန်တို့မှာလိုက်တဲ့အမှာစကားကိုလည်း ရှားတို့ကို အတိအကျပြန်ပြောသည်။

" ရပါတယ်... ကျွန်တော်တို့နားလည်ပါတယ်... သွားကြတာပေါ့ "

" ဟုတ်ကဲ့... ကူသယ်ပေးပါ့မယ် "

ရှားတို့ပါလာသမျှပစ္စည်းတွေကို လာကြိုတဲ့ကောင်လေးက ခွဲဝေသယ်ပေးပြီး ကားနောက်ခန်းမှာ သေချာထည့်သည်။

" ဟိုတယ်ကို တစ်ခါတည်းလိုက်ပို့ပါ့မယ် "

" ဟုတ်ကဲ့ဗျာ့ "

အိုင်ယာလန်ကနေပြန်သွားပြီး သိပ်မကြာခင်မှာ ကိုလျှန်တို့မင်္ဂလာပွဲကို ခပ်မြန်မြန်ကြားရလိမ့်မယ်လို့တော့ တကယ်ကိုထင်မထားခဲ့။ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာဦးမယ်ထင်ထားတာ။ ဒီလိုဆိုတော့လည်း ကိုလျှန်က တကယ်ကို လက်သွက်တာပဲ။

My Beautiful SPOUSEWhere stories live. Discover now