အပိုင်း - (၁၆)

3.9K 463 42
                                    

" ဟင်း ... မိုးကလည်း မတိတ်သေးဘူး "

မုန်တိုင်းအရှိန်သည် မနေ့ညကလောက် မပြင်းထန်တော့ပေမယ့် လက်ကျန်မိုးတိမ်မည်းများကတော့ ကောင်းကင်ပြငမှာ ကျန်ရစ်နေဆဲဖြစ်သည်။ အပြင်မှာ ခပ်ဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေကို ပြတင်းပေါက်ကနေကြည့်ရင်း နေး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" ဒီအခြေအနေအတိုင်းဆို ညနေပိုင်းလောက်တော့ မိုးတိတ်နိုင်ပါတယ် နေးလက်ျာရဲ့... ကိုယ်တို့ ပြန်လို့ရမှာပါ "

ပြတင်းပေါက်နားမှာ တစ်ယောက်တည်းရပ်နေတုန်း အနားရောက်လာပြီး ပြောလာတဲ့ဒုဥက္ကဌကြောင့် နေး ခေါင်းညိတ်ပြလိုက်သည်။

" နေ့လယ်တောင် ရောက်နေပြီဆိုတော့ မိုးမတိတ်မှာ စိုးရိမ်လို့ပါ... မနေ့ကထွက်လာပြီးတော့ ဘယ်သူနဲ့မှလည်းအဆက်အသွယ်လုပ်လို့မရဘူးဆိုတော့ စိတ်ပူနေကြမှာစိုးလို့... ပြီးတော့ မနက်ဖြန်ညစာစားပွဲလည်းရှိသေးတယ် "

" မပူပါနဲ့ နေးလက်ျာ... ညနေပိုင်းတော့ ပြန်ဖို့ အဆင်ပြေမှာပါ "

နတ်ဘုရားငယ်လေး စိတ်မပူအောင် နှစ်သိမ့်လိုက်ပေမယ့် မိုးစဲသွားရင်တောင် ပြန်ဖို့အဆင်မပြေနိုင်မှန်း လျှန် သိသည်။ မိုးမရွာတော့ရင်တောင် ရာသီဥတုအခြေအနေ မတည်ငြိမ်သေးသရွေ့ စက်လှေတွေထွက်မှာမဟုတ်။

" ကောင်လေးတွေ.. နေ့လယ်ခင်းအဆာပြေ မုန့်လေးလာစားကြဦး "

အဘွားက မုန့်ဗန်းလေးတစ်ခုနဲ့အတူ အနားရောက်လာပြီး ဧည့်ခန်းထဲက စားပွဲပေါ်မှာ ချပေးသည်။ လျှန်တို့နှစ်ယောက် အဘွားအိမ်မှာ တစ်ညတာတည်းခိုပြီးတော့ မနက်က တည်းခိုခန်းရှာပြီးပြောင်းနေဖို့ စီစဉ်ပေမယ့် မိုးရွာနေတာကြောင့် အဘွားက အိမ်မှာပဲ နေစေသည်။

သူစိမ်းတွေပေမယ့် ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို နေစရာ၊ ဝတ်စရာ၊ စားစရာကအစ အဘက်ဘက်ကနေ လိုအပ်တာမရှိအောင် အဘွားကစီစဥ်ပေးသည်။ ပြီးတော့ အဘွားက သူတို့နှစ်ယောက်အကြောင်းကိုလည်း မေးမြန်းတာမျိုးမရှိ။ အပြောချိုလှသည်မဟုတ်သော်လည်း စိတ်အရင်းခံကတော့ကောင်းသည်။

My Beautiful SPOUSEWhere stories live. Discover now