အပိုင်း - (၁၂)

5.4K 516 45
                                    

ရိုးမာန်ဘွဲ့တစ်ယောက် ဒီညနေတော့ အထီးကျန်နေသည်။ ဘုံလျှန်က မနက်ကအလုပ်ခရီးထွက်သွားသလို ယံကြီးကလည်း သူ့ကောင်မလေးနှင့်အတူ နိုင်ငံခြားဖက်ရှင်ပြပွဲတစ်ခုကို လိုက်သွားသည်။ သုံးယောက်သားပြန်ဆုံတာ သိပ်မကြာသေးရာကနေ အခုလိုရုတ်ချည်းတစ်ယောက်တည်း ကျန်ခဲ့တော့လည်း ယောင်ချာချာနိုင်လှသည်။

အလုပ်စားပွဲကို ကားသော့နဲ့ တတောက်တောက်ခေါက်နေရင်းကနေ ဉာဏ်အလင်းပွင့်သွားခဲ့သည်။ နေးလက်ျာက ဒီညနေ ဦးနော်ပြန်ရောက်မယ်လို့ ပြောထားခဲ့သည်။ အတွေးတို့ခေါင်းထဲရောက်လာသည်နှင့်တစ်ပြိုင်နက် နှုတ်ခမ်းထက်မှာအပြုံးစ,တို့ ခပ်ရေးရေးပေါ်လာသည်။ စိတ်ကူးထက်လက်တွေ့က ပိုမြန်သည်။ အပေါ်ဝတ်ဂျာကင်ကို ဝတ်လိုက်ပြီး ကားသော့ကို လက်ထဲလှည့်ရင်း အပြင်ထွက်လာခဲ့သည်။

" အစ်ကို ပြန်တော့မယ်... ကိစ္စရှိရင် ဖုန်းဆက်လိုက်ပါ... ညီလေးတို့ပြန်ရင် တံခါးတွေသေချာစစ်ဦး... စိတ်ချမယ်နော် "

" ဟုတ်ကဲ့... ကိုရိုးမာန် စိတ်ချပါ "

ကား showroom အပြင်ဘက်ကိုရောက်တော့ ရိုးမာန်ရဲ့ ဦးတည်ချက်က သူ့ကွန်ဒိုရှိရာနှင့် ဆန့်ကျင်ဘက်အရပ်ကို။ အထီးကျန်သူအချင်းချင်း ဖေးမကူညီသင့်သည်။ တရိပ်ရိပ်မောင်းနှင်းနေတဲ့ကားလေးက မိနစ်အချို့ကြာပြီးနောက်မှာတော့ သူသွားလိုရာအရပ်ကို ရောက်လာသည်။ ကားပါကင်မှာ တာဝန်ကျနေတဲ့လုံခြုံရေးက သူ့ကိုမြင်တော့ ကားတံခါးဖွင့်ပေးလာသည်။

" အစ်ကို... ဦးနော် ရောက်နေပြီလား "

ကားပေါ်ကမဆင်းသေးပဲ လုံခြုံရေးလူကြီးမင်းဆီ သတင်းအရင်ထောက်လိုက်သည်။

" ဘော့စ်... ခုနကပဲ ရောက်တယ်ဗျာ့... ဧည့်သည်တစ်ယောက်လည်း ပါလာသေးတယ် "

ရိုးမာန် ခေါင်းခပ်ဆတ်ဆတ်နှစ်ချက်ငြိမ့်ပြီး နှစ်ထပ်အဆောက်အဦထဲ ဝင်သွားသည်။ အထဲရောက်လို့ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ ဦးနော်က အောက်ထပ်ရဲ့ထောင့်ကျတဲ့စားပွဲတစ်လုံးမှာ ထိုင်နေသည်။

ရိုးမာန်ဝင်လာတာကိုတွေ့တော့ ဦးနော်ကတစ်ချက်ပြုံးပြရင်း ခေါင်းညိတ်အသိပြုသည်။ ဉီးနော်အရှေ့မှာထိုင်နေတဲ့အမျိုးသားကလည်း ရိုးမာန်ကို သမင်လည်ပြန်ကြည့်လာသည်။ မျက်လုံးအကြည့်တို့ကတော့ စူးရှရှနှင့် တိကျပြတ်သားသည့်အသွင်။ ရိုးမာန် ထိုလူကိုတစ်ချက်သာအကြည့်ပေးပြီး ' အပေါ်ထပ်မှာ ထိုင်မယ်နော် ' ဆိုတာကို ပါးစပ်လှုပ်ရုံလေး ဦးနော်ကိုပြောလိုက်သည်။

My Beautiful SPOUSEHikayelerin yaşadığı yer. Şimdi keşfedin