အခန်း ၁၂

1.4K 48 0
                                    

Unicode

မကြာသေးခင်က ရလာသည့် ဓာတ်ပုံ Album ကို
ကိုင်ပြီး တစ်ပုံပြီးတစ်ပုံ လှန်လျောကြည့်ကာ သဘောတကျ
ပြုံးလိုက်မိ၏။ ဒီထဲက ကြည့်အကောင်းဆုံး ဖြစ်လောက်မယ့်
ပုံကိုယူပြီး ဘောင်သွင်းကာ နံရံမှာချိတ်ရမယ်လို့ ရာသက်ပန်
တေးထားလိုက်သည်။ ဧည့်ခန်းမှာတော့ ဦးက ချိတ်ခွင့်ပြုမှာ
မဟုတ်မှန်း သူသိနေသောကြောင့် ချက်ချင်းဆိုသလို
မျက်နှာက ညှိုးကျသွားရ၏။

သို့သော် ခဏအတွင်း စိတ်ပြန်တင်းထားနိုင်လိုက်သည်။
ဧည့်ခန်းထဲမှာ မချိတ်ရတော့လည်း အိပ်ခန်းထဲမှာသာ
ချိတ်ရုံပေါ့။ ထိုစဉ် ရေချိုးခန်းထဲမှ ထွက်လာသည့် ဦးအား
ကြည့်ရင်း ထရပ်လိုက်သည်။ ထို့နောက် ဦးအတွက်
ထုတ်ထားသည့် ဝတ်စုံကိုလှမ်းပေးလိုက်၏။

‌ဦးက အသားညိုတဲ့ထဲမပါသလို အရမ်းကြီးလည်း
အသားမဖြူပါ။ ဦးရဲ့အသားရေက အလယ်အလတ်အဆင့်မှာသာ ရှိ၏။ သို့သော် သဘောဝကျကျနဲ့ အလွန်လည်း
ကြည့်ကောင်း၏။ သူသဘောကျတဲ့ ဦးရဲ့အစိတ်ပိုင်း
တစ်ခုကိုပြောပါဆိုရင် မျက်ခုံးတုတ်ကြီးတွေဖြစ်သည်။

မန်းကျည်းရောင် ရှပ်အင်္ကျီရှည်ကို ဝတ်လိုက်ပြီး
လက်ကောက်ဝတ်က အင်္ကျီကြယ်သီးကို သေချာတပ်ကာ
ပြီးမှ တစ်ခြားကြယ်သီးတွေအားတပ်ရသည်။ အရောင်
သိက်မတောက်သည့် ပုဆိုးကို သေသပ်ကျကျနနလည်း
ဝတ်ရသည်။

ရာသက်ပန် ဦးကို သဘောကျသည်က ပုဆိုးချည်း
ဝတ်တာလည်းပါမည်ထင်။

"ဦး ထမင်းစားတော့မလား ကျွန်တော်သွားပြင်ထားမယ်"

ဆိုတော့တစ်ချက်သာကြည့်လာပြီး ဘာမှမပြောပဲခေါင်းကို
ညိတ်ပြ၏။ ဝမ်းသာအားရဖြစ်သော အသက်က ချက်ချင်း
ထမင်းစားခန်းထဲကို ပြေးထွက်လာလိုက်သည်။ ဦးက
အသက်ပေါ်မှာ အေးစက်တယ်ထင်ရပေမယ့် ဦးဘက်က
အသက်ကို ရင်မခုန်ခဲ့ဘူးဆိုတာကို အသက်မယုံကြည်ချင်။
ယုံကြည်လို့လည်းမရ။

ထမင်းစားခန်းမှာ လူစုံတက်စုံက ရောက်နှင့်နေပြီဖြစ်ပေမယ့်
ကုဋေပန်းပန်က သူ့ကိုမြင်တာနဲ့ ထမင်းပွဲကို အရှေ့ကိုသာ
တွန်းပို့ရင်း နှုတ်ခမ်းစူထား၍ ပြာပြာသလဲဖြစ်ရသေးသည်။
မလှိုင်တို့လင်မယားနဲ့ ဒေါ်ရတီစိုးက ကိုယ့်ထမင်းကိုသာ
ငုံ့စားနေလို့ အဖြစ်ပျက်အား သတိထားမိပုံမပေါ်။

Hope Love Me 'Completed'Where stories live. Discover now