🚨 သတိ! သတိ ! သတိ! ရိုင်းစိုင်းတဲ့အသုံးနှုန်းအပြုမူတွေပါလို့ အဆင်ပြေမှဖတ်ပါ🚨
တီ***တောင်!
လူခေါ်ဘဲလ်က အဆက်မပြတ်မြည်နေတော့ သူပျင်းရိစွာနဲ့ အိပ်ရာကထလိုက်သည်။
ဒီလောက်အေးနေတဲ့အချိန်ကြီးကို ဘယ်သူကများ သူ့ဆီလာပါလိမ့်။အိပ်ရာကထဖို့တောင် အားအတော်ယူလိုက်ရတာမို့ သူတံခါးသွားဖွင့်တဲ့အချိန်မှာ သုံးမိနစ်လောက်ပင် ကြာသွားသည်။
တံခါးရွက်ကို ဆွဲလှပ်လိုက်ရင်ပဲ အေးစက်စက်အငွေ့အသက်တို့ကိုပါ တပြိုင်နက်ခံစားလိုက်ရခြင်းနှင့်အတူ ရှည်မြောမြောပုံရိပ်ကပါ မျက်စိရှေ့တိုးလာသည်။
" ကြာလိုက်တာ !"
နှင်းတွေစိုနေသူက သူ့ကိုတိုးတိုက်လျက် အခန်းထဲ၀င်ရောက်သွားတာကြောင့် သူမျက်လုံးတွေ ပြူးကျယ်ကုန်၏။
" ဒီနေ့ တရုတ်ကို ပြန်မယ်ပြောခဲ့တာ မဟုတ်ဘူးလား ၊ဘာလို့ဒီမှာ ရှိနေသေးတာလည်း ? "
သူ့ကိုဂရုမစိုက်စွာ အိမ်ထဲလှည့်ပတ်ကြည့်နေတဲ့ ကောင်လေးက ပုခုံးတွန့်ပြသည်။
" ဒါ ခင်ဗျားနေရာလား ? မျက်စိနောက်လိုက်တာ ပစ္စည်းတွေ အများကြီးပဲ "
အခန်းထဲမှာ ရှိနေတဲ့ fans တွေဆီမှ လက်ဆောင်ရထားတဲ့ တန်ဖိုးကြီးပစ္စည်းပုံကြီးကို ကြည့်ရင်းပြောသည်။
" ကိုယ့်မွေးနေ့မို့ ဖန်တွေဆီက လက်ဆောင်ရထားတာလေ ၊ခုထိမသိမ်းရသေးတာ ၊အဲ့တာက ထားပါ ဘာလို့ ဒီမှာရှိနေသေးတာလည်း?"
သူ့ရှေ့ကကောင်လေးက လည်ပင်းက မာဖလာကို ဆွဲချွတ်ကာ ခုံပေါ်ပြစ်တင်လိုက်သည်။
ခေါင်းကအနက်ရောင် ခေါင်းစွပ်ကိုပါ ဆွဲချွတ်လိုက်ပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ရှည်တွေထဲ လက်ငါးချောင်းထိုးသွင်းရင်း" မှန်းကြည့်လေ !"
မျက်ခုံးကို အသာပင့်လျက် ဘာမှဂရုမစိုက်သော မျက်နှာထားဖြင့် သူ့ကိုပြောလာသည်။
" နောက်ဆုံးလေယာဉ်တောင်ထွက်သွားပြီ၊လေယာဉ်မမှီတာလို့တော့ မပြောနဲ့နော် "