လင်းသည် စိတ်မကြည် မသာဖြင့် ထိုင်နေသည်။ အနားတွင်လည်း မြတ်ဝန်းညီက ရှိနေသောကြောင့် မျက်နှာကိုလည်း အတတ်နိုင်ဆုံး လျှော့ထားရသေးသည်။
"ငြိမ်းတို့၊ ကျော့ကျော့တို့ ဆိုင်သွားတော့လေ"
"ဟင် မမလင်း နေမကောင်းသေးဘဲ နဲ့ "
" လင်း နေကောင်းပါတယ် ဘာမှ မဖြစ်တော့ဘူး၊ ဆိုင်မှာသာ ဂရုစိုက်"
"ဟုတ်ကဲ့ပါ ဒါဆို ငြိမ်းတို့ ညနေမှ လာခဲ့မယ်လေ"
"မလာနဲ့၊ ညနေ လေးနာရီဆို တံခါးပိတ်ပြီး ပြန်ကြတော့၊ ဒါနဲ့ လင်းရဲ့ စားပွဲပေါ်မှာ စာအုပ်အထူနှစ်အုပ်ရှိတယ် အဲဒါလေးကို နေ့လည်လောက် လာပို့ပေးပါလား"
"ဟုတ် မမလင်း"
မြတ်ဝန်းသညီသည်း လင်းကို ကြည့်သည်။ ထို့နောက် ငြိမ်းငြိမ်းတို့ကို တစ်လှည့်ကြည့်သည်။ တစ်ခွန်းဆိုလိုက်တိုင်း ဟုတ်ကဲ့ဟု ဆိုကာ နားထောင်ကြသော ကြောင့် အတော်ကလေးလည်း စိတ်ဝင်တစား ကြည့်နေမိခြင်းပင်။
"လင်း"
လင်းက လှည့်ကြည့်လာသော အခါ မြတ်ဝန်းညီက ရေတစ်ခွက်ကို လင်း၏ လက်ထဲသို့ထည့်ပေးလိုက်သည်။
"အလုပ်လုပ်မလို့လား"
"အင်း"
"နားနားနေနေ ခဏလောက် နေပါဦးလား လင်းရယ်"
လင်းသည် မြတ်ဝန်းညီအား ကြည့်သည်။ တစ်စက္ကန့်..နှစ်စက္ကန့်.. သုံးစက္ကန့်.. လေးစက္ကန့်..။ ဆယ်စက္ကန့်မျှ ကြာသော အခါ လင်းက မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
"ညီညီက အလုပ်မရှိဘူးလား"
"ဟင်"
မြတ်ဝန်းညီသည် ထိုမေးခွန်းကို မမျှော်လင့်ထားခဲ့ပေ။
"ရှိတယ်လေ"
"ရှိရင် ပြန်တော့လေ"
"အတန်းက နောက်နေ့မှ ပြန်စမှာ"
ထိုအခါမှ လင်းက အင်း ဟု ဆိုကာ တစ်ဖက်သို့ လှည့်သွားသည်။
"လင်း လည်း နားပါဦးလား၊ အလုပ်တွေကို ငြိမ်းငြိမ်းတို့ကို စိတ်မချရလို့လား "
"စိတ်ချတာက စိတ်ချရပါတယ်၊ လင်း နေမကောင်းတာကို သူတို့ကပါ ငုတ်တုတ်ထိုင်နေရတာတော့ မဟုတ်သေးဘူးလေ၊ ပြီးတော့ ငြိမ်းငြိမ်းတို့ ဒီမှာနေတော့ရော လင်း ဒဏ်ရာက ပိုပြီးမြန်မြန်ပျောက်မှာ မလို့လား "
လင်းက လက်တွင် ကိုင်ထားသော ရေခွက်ထဲမှ ရေကို မော့သောက်လိုက်ပြီးသော အခါ ခွက်ကို ဘေးမှ ခုံပေါ်သို့ ပြန်တင်လိုက်သည်။ မြတ်ဝန်းညီက ထိုခွက် ထဲသို့ ရေထပ်ထည့်ကာ လင်းအားထပ်ပေးသည်။
"ညီညီက ရွဲ့တာလား"
"မဟုတ်ရပါဘူးဗျာ"
ရုတ်တရက် ကြားလိုက်ရသော အသံများကြောင့် မြတ်ဝန်းညီသည် အာရုံစိုက်မိလိုက်သည်။
"ဒါဆေးရုံပါ၊ ဒီလိုတွေ မလုပ်ပါနဲ့"
"အဲ့အကောင် ဘယ်မှာလဲ၊ အခု ထွက်ခဲ့ "
ထိုအသံများကို ကြားသော အခါ မြတ်ဝန်းညီက လင်းကို စိုးရိမ်စွာကြည့်သည်။ လင်းက ခုတင်ပေါ်မှ ချက်ချင်းဆင်းလာပြီး အပြင်ဘက်သို့ထွက်လာသည်။
" လင်း စိတ်ထိန်းပါဦး"
"စိတ်ထိန်းရမှာ လင်းမဟုတ်ဘူး၊ ညီညီ ခဏ နေခဲ့နော်"
"လင်း"
နေခဲ့ဆိုတိုင်း နေခဲ့မည့်သူသည် ငြိမ်းငြိမ်းနှင့် ကျော့ကျော့ဝေသာ ရှိမည်။ မြတ်ဝန်းညီကတော့ နေခဲ့ဟုဆိုတိုင်း မနေခဲ့နိုင်ပေ။ ထို့ကြောင့်ပင် အလျှင်အမြန် ထွက်သွားသော လင်းနောက်သို့ အပြေးအလွှားလိုက်ရတော့သည်။
"ဆရာမ အားနာပါတယ်၊ လင်း စကားပြောလိုက်ပါ့မယ်"
"မဟုတ်ဘူးလေ ဆေးရုံမှာ အခုလိုမျိုး.."
"ရန်မဖြစ်ပါဘူး လင်းတို့ စကားပြောရုံပါ၊ ပြီးတော့ ဆေးရုံ ခြံဝန်းထဲမှာပဲ စကားပြောမှာပါ"
အလုပ်များနေသော သူနာပြုက အထဲသို့ ဝင်သွားသော အခါ မြတ်ဝန်းညီက လင်းကို အသံတိုးတိုးဖြင့်ခေါ်သည်။
"လင်း"
"ညီညီ ဝင်မပါပါနဲ့၊ ဒါ လင်းတို့ ပြဿနာမလို့ လင်းရှင်းမယ်"
"ဒါပေမယ့် ..."
"ညီညီက ဆရာတစ်ယောက်လေ၊ ရန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ"
မြတ်ဝန်းညီသည် လင်းကို စိတ်ပူသည်။ ထို့ကြောင့် မျက်နှာ တည်တည်ဖြင့် ထွက်သွားသော လင်းကို စိတ်မချစွာဖြင့် ခပ်လှမ်းလှမ်းက လိုက်လာသည်။
"ကဲ အဒေါ် က လင်းနဲ့ ဘာစာရင်းရှင်းချင်တာလဲ "
"နင်ကများ မာမာထန်ထန် ပြောရတယ်ရှိသေး"
လင်းသည် စိတ်ထိန်းသည့် အနေဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အဒေါ် ဘာစာရင်း ရှင်းချင်တာလဲ"
လင်း အသံ ခပ်တင်းတင်းဖြင့် မေးလိုက် သောအခါ ထိုအမျိုးသမီးက မျက်နှာ တစ်ချက်မဲ့ပြလာသည်။
"ငါ့တူ မျက်နှာကို နင်လုပ်တာဆို"
တူဖြစ်သူ ဟူသော တစ်ယောက်သည် ထိုအမျိုးသမီး၏ ဘေးတွင် အပြစ်ကင်းသည့်ပုံစံဖြင့် ရပ်နေသည်။
"အင်း ဟုတ်တယ်လေ"
"နင် လုပ်တာ ငါ့တူ မျက်နှာ တစ်ခုလုံး ရောင်ကိုင်းနေတာပဲ၊ အစားတောင် မစားနိုင်ဘူး၊ တွေ့လား "
"အဲဒီတော့.. လင်းကို ပြန်လုပ်ချင်လို့လား"
အသံကျယ်ကျယ်ဖြင့် အော်နေသော အမျိုးသမီးသည် လင်း၏ မထုံတက်တေး အမူအရာကြောင့် ဒေါသချောင်းချောင်းထွက်သွားသည်။ လင်းသည် လေသံအေးအေးဖြင့်ပင် ဆက်ပြောပြန်သည်။
"ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ လင်းကို ပြန်လုပ်ရင် တရားပြန်စွဲမှာနော်"
"ဟဲ့ နင့်လို အကောင်က ဘာမှန်နေလို့ တရားစွဲမယ့် စကားပြောရတာလဲ"
ဒေါသထွက်နေသော အမျိုးသမီးကို လင်းက ပြုံးကြည့်ရင်း တူဖြစ်သူကို မေးငေါ့ပြလိုက်သည်။
"ဒီကလေးက လင်းရဲ့ ညီမလေးတွေကို နှောက်ယှက်တာက ကာယိနြေ္ဒ ပျက်ပြားစေမှူမြောက်တယ် ၊ ပုဒ်မ ၅၀၉ နဲ့ တရားစွဲရင် ထောင်တစ်နှစ်ထိ ချလို့ရတယ်နော်၊ ပြီးတော့ လင်းကို ထိခိုက်အောင်လုပ်ထားတဲ့အတွက် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၀ နဲ့လည်း တရားစွဲလို့ရသေးတယ်"
"နင်..."
"ပြီးတော့ အခု အဒေါ်က ဆေးရုံမှာ လာသောင်းကျန်းနေတာနော်၊ ဒီက ဆရာဝန်တွေနဲ့ သူနာပြုတွေသာ ဆန္ဒရှိရင် ဝတ္တရားနှောက်ယှက်မှုပါ ထပ်တိုးလို့ရတယ်"
ရဲရဲနီနေသော အမျိုးသမီးမျက်နှာက အညိုဘက်ပင် သန်းလာလေသည်။
"ဟဲ့ နင်ပြောတော့ နင့်ကို ဒီအတိုင်း လာရိုက်သွားတာဆို"
အသံတိတ်နေသောကောင်လေးက လင်းကို မကျေနပ်သလို ကြည့်လာသည်။
"အော် ဒါနဲ့ မနေ့က အရက်နံ့တောင် မပျောက်သေးဘူးနော်၊ တူလေးကို သေချာ စစ်ဆေးကြည့်ပါဦး"
ပြုံးတစ်ဝက်ရယ်တစ်ဝက်ဖြင့် စကားပြောနေသောလင်းက ထိုအမျိုးသမီးကို ကျောခိုင်းကာ အထဲဘက်သို့ လမ်းပြန်လျှောက်လိုက်သည်။ မျက်နှာအမူအရာကလည်း ချက်ချင်းပင်တည်သွားသည်။
မြတ်ဝန်းညီသည် ခပ်လှမ်းလှမ်းက ရပ်ကြည့်နေသည်ကို လင်းက သတိထားမိသော်လည်း မသိဟန်ဆောင်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ မြတ်ဝန်းညီက လင်း အခန်းဆီရောက်သော အခါမှ ဖြည်းဖြည်းလိုက်လာသည်။ ထို အချိန်အထိ မြတ်ဝန်းညီသည် လင်းအား စကားမဆိုရဲသေး။ လင်း၏ အရိပ်အခြည်ကို ကြည့်ကာ လင်း၏ ခပ်လှမ်းလှမ်းမှယပင် ထိုင်နေရတော့သည်။
***********
"မမလင်း စာအုပ်လာပို့တာ"
"အင်း လင်းကိုပေး၊ ခဏနားပြီးမှ ပြန်လေ နေပူနေတယ်"
လင်းမျက်နှာတည်နေသောကြောင့် ငြိမ်းငြိမ်းတို့က မြတ်ဝန်းညီ ဘက်သို့ ကြည့်ကာ တိုးတိုးမေးလာသည်။
"မမလင်း ဘာဖြစ်နေတာလဲ"
မြတ်ဝန်းညီသည် တိုးတိုးနေ ဟူသော အမူအရာကို ပြကာ ခေါင်းခါပြလိုက်သည်။ ငြိမ်းငြိမ်းတို့သည်လည်း လင်းနှင့်ပတ်သတ်လျှင် သဘောပေါက်လွယ်ကြသောကြောင့် အသာကလေးပင် နှုတ်ဆက်ကာ ပြန်သွားကြသည်။
ကျော့ကျော့ဝေတို့ ပြန်သွားသောအခါမှ လင်းက စာအုပ်တစ်အုပ်ကို အာရုံစိုက်ကာ ကြည့်နေသည်။ လက်ထဲတွင်လည်း ခဲတံတစ်ချောင်း။
"လင်း "
မြတ်ဝန်းညီက ခေါ်လိုက်သောအခါ လင်းက မျက်လုံးလှန်ကြည့်ကာ မေးငေါ့ပြလာသည်။
"လင်း ခုနက ကလေးတွေကို တကယ်တရားစွဲမလို့လား"
"မစွဲဘူး ခြောက်လိုက်တာ"
"ဟင်"
"သူ့ အဒေါ်ကို အမြင်ကတ်လို့ ခြောက်လွှတ်လိုက်တာ"
"ဒါဆို လင်းက သူ့ကို စိတ်ပြေသွားပြီပေါ့"
" စိတ်ပြေစရာလား၊ အနိုင်မကျင့်ချင်သေးလို့ လွှတ်ထားလိုက်တာ တစ်ချိန်ချိန်တော့ လင်း ပြန်လုပ်မှာပေါ့ "
မြတ်ဝန်းညီသည် လင်းအား ထိုကဲ့သို့ တေးမှတ်ထားတတ်သူဟု မထင်ခဲ့သောကြောင့် ဆက်ပြောမည့်စကားကိုပင် မေ့သွားရသည်။
လင်းက စကားပြောပြီး စာအုပ်ကို ပြန်ကြည့်နေသည်။ ခဲတံကို ကိုင်ထားသည့် လက်တို့ကမူ စာရွက်ပေါ်တွင် ပြေးလွှားနေတော့သည်။
"လင်း ဘာဆွဲနေတာလဲ"
"ဝတ်စုံဒီဇိုင်းလေ၊ နောက်လကုန်ရင် ဒီဇိုင်နာ ပြိုင်ပွဲရှိတယ်"
"လင်း ဝင်ပြိုင်မလို့လား"
"အင်း လင်းက အောင်မြင်တဲ့ ဒီဇိုင်နာ တစ်ယောက် ဖြစ်လာဖို့ကြိုးစားနေတာ"
"ဒါဆိုဘာလို့..."
လင်းက မြတ်ဝန်းညီကို ကြည့်ရင်း စာအုပ်ကို ပိတ်လိုက်သည်။
"ဘာလို့ ဒီလိုနယ်လေးမှာ ကြိုးစားနေတာလဲ လို့ မေးချင်တာလား"
"အင်း.."
"လင်း ပြောဖူးတယ်လေ၊လင်းကို မိဘအသိုင်းအဝိုင်းက စွန့်လွှတ်ခဲ့တာလို့ ၊ လင်း သူတို့ ရှိတဲ့နေရာကို မသွားချင်ဘူး "
"........."
"ပြီးတော့ လင်းသာ တကယ်လို့ သူတို့နဲ့ အမှတ်မထင် ဆုံရရင် ခေါင်းမော့နိုင်တဲ့သူက လင်းကိုယ်တိုင်ပဲ ဖြစ်ချင်တယ်"
တည်တည်ငြိမ်ငြိမ် ပြောနေသောလင်းကို မြတ်ဝန်းညီက ခေါင်းညိတ်ရင်း ပြုံးပြလိုက်သည်။ လင်းကတော့ စာအုပ်ကို ပြန်ဖွင့်ကာ ပုံတစ်ပုံကို ဆက်ဆွဲနေသည်။
မြတ်ဝန်းညီသည် လင်းအား တမေ့တမောပင် ကြည့်နေမိတော့သည်။ အာရုံစိုက်နေသည့် လင်းကတော့ မြတ်ဝန်းညီကို သတိထားမိပုံမရပေ။
"လင်း အမြင့်ဆုံးကို ရောက်မှာပါ၊ ပြီးတော့ အတောက်ပဆုံး အနာဂတ်မှာ လင်း ပျော်ရွှင်ရမှာပါ။ကျွန်တော်ကတော့ ဘေးကနေ ဝမ်းပန်းတသာလက်ခုပ်တီးပေးပါ့မယ်"
*******
14/11/2020