"ငါတို့ စကားနည်းနည်းပြောသင့်တယ်လို့ ထင်တယ် ''
ယွန်ရှစ်ဇူဟာ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ကာ
သူ့ကိုလည်း ကုလားထိုင်ကို ညွှန်ပြပြီး ထိုင်ခိုင်းတယ် ။
"အဲဒီမှာထိုင် ''
".......ဟုတ်ကဲ့ ''
ဂျီယီလည်း နာခံစွာပဲ ထိုင်လိုက်တယ်။
အချိန်အတော်ကြာတဲ့အထိ ဘယ်က စပြောရမှန်း
မသိတာကြောင့် တစ်ယောက်ကို တစ်ယောက်
ကြည့်နေလိုက်ကြတာ နေ့တစ်ဝက်နီးနီးလောက်ကို ကြာသွားပြီလို့
ထင်ရမတတ်ဘဲ.... ။
နောက်ဆုံးမှာ ယွန်ရှစ်ဇူဟာ လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း
စကားစလိုက်တယ် ။
"အာ....အဲဒါကလေ.... ယီ....မင်းလည်း ယွန်မိသားစုဆီကို
ရောက်တာ နည်းနည်းတော့ ကြာပြီမလား....
နေသားကျနေရောပေါ့....''
"ဟုတ်ကဲ့.... လူတိုင်း ကျွန်တော့်ကို ဂရုစိုက်ကြပါတယ်ခင်ဗျ....''
"ဒါလည်း တစ်မျိုးကောင်းတာပဲ....''
ယွန်ရှစ်ဇူဟာ ကိုယ့်ဟာကိုယ် ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
ခဏတာ တုန့်ဆိုင်းနေပြီးမှ ဂျီယီလည်ပင်းပေါ်က
အနီရောင်အမှတ်အသားကို လက်ညှိုးထိုးရင်း
လှမ်းမေးလိုက်တယ် ။
"အဲဒါ ထျန်းယျန် လုပ်တာလား....??''
သူလည်း ပြောစရာမရှိတော့ ရှာကြံပြီး မေးလိုက်တာပါ....။
ဂျီယီခမျာလည်း ရှိုးတိုးရှန့်တန့်နဲ့ သူ့လည်ပင်းက အနီကွက်လေးကို
ခပ်ဖွဖွ ပွတ်ရင်း ဘာဖြေရမလဲမသိဘဲ ချွေးပြန်နေတယ် ။
"...ဟို.....အဲဒါကလေ....''
"အာ....ရပြီ...ရပြီ....အဲဒီမေးခွန်းကို မေ့လိုက်တော့...''
သူလည်း မဆိုင်တာတွေ အပိုတွေ လျှောက်ပြောခဲ့တာပဲ..... ။
ယွန်ရှစ်ဇူဟာ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်တယ် ။
"ဒါနဲ့ မင်း ထျန်းယျန်ကို သဘောကျလား....?''
ဂျီယီဟာ ဒီမေးခွန်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။
"ဒီမှာရှိတဲ့လူတိုင်း သဘောကောင်းကြပါတယ်.....
ကျွန်တော်လည်း အကုန်လုံးကို သဘောကျပါတယ်..... ''
"ကဲ.....ငါတို့ စကားတွေကို ကွေ့ပတ်ပြီးတော့ ပြောမနေတော့ဘူးကွာ...
ဒဲ့ပဲ ပြောကြစို့....''
ယွန်ရှစ်ဇူဟာ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး
ဂျီယီကို စူးစိုက်ကြည့်ကာ လေးလေးနက်နက် မေးလိုက်တယ်။
"ထျန်းယျန်က မင်းသဘောမပါဘဲ အတင်းအကျပ်လုပ်တာမလား....??
မင်း ထျန်းယျန်အပေါ်မှာ ဘာခံစားချက်မှ မရှိဘူးမလား...??''
"အာ.....အဲဒါက.... မဟုတ်ပါဘူး..... အဲဒါ..... ''
ဂျီယီဟာ စကားကို ဆုံးအောင်မပြောလိုက်ရဘူး ။
ယွန်ရှစ်ဇူက သူ့စကားကို ဖြတ်ပြောပြန်တယ်။
"တကယ်လို့ သဘောကျခဲ့တယ်ဆိုရင်လည်း
အမှားလို့ မပြောနိုင်ပါဘူး...
ဘာလို့ဆို ထျန်းယျန်က အမြဲတမ်းကိုယ့်ကိုယ်ကို
ကိုယ်ရည်သွေးတတ်တယ်....
မင်းကလည်း သခင်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ဘူး....
ရွေးစရာလမ်းလည်း မရှိဘူးလေ.....
ငါပြောတာ ဟုတ်တယ်မလား.... ?''
ယွန်ရှစ်ဇူဟာ သူပြောတဲ့စကားတွေအကုန်လုံး
အမှန်တွေချည်းပဲဟု ယူဆရင်း အားတက်သရော ဆက်ပြောတယ်။
"ဒါကြောင့် မကြောက်ပါနဲ့..... ငါ့ကိုသာ အမှန်အတိုင်း အားလုံးပြော...
ထျန်းယျန်ကို မင်းဘေးကနေ ငါ ပထုတ်လိုက်မယ်.....''
သူဟာ ဂျီယီလက်ကို တစ်ချက်ပုတ်လိုက်ပြီး ဆက်ပြောတယ်။
"ဒီလိုမျိုး ယောက်ျားနှစ်ယောက် အတူရှိကြတာဟာ
နည်းနည်းတော့ အမြင်မတင့်ဘူးလေ.....''
"သခင်လေးက ကျွန်တော့်ကို ဖိအားပေးခဲ့တာ မဟုတ်ပါဘူး... ''
ဂျီယီဟာ ပြန်ငြင်းလိုက်တယ် ။
ယွန်ရှစ်ဇူရှေ့မှာတော့ ဂျီယီဟာ ကိုယ့်ကိုယ်ကို
အစေခံတစ်ယောက်လို သတ်မှတ်ပြီး ထျန်းယျန်ကို
သခင်လေးဆိုပြီး သုံးလိုက်တာဖြစ်တယ် ။
ထျန်းယျန်က ဒီကိစ္စကို ကန့်ကွက်ပေမယ့်လည်း
သူကတော့ ကိုယ့်ကိုယ်ကို အမှန်လို့ မယူဆနိုင်သေးဘူး ။
"ဒါတွေက သခင်လေးအပေါ်မှာထားတဲ့ ကျွန်တော့်စိတ်ရင်း
အမှန်ပါ.....
သခင်လေးက ကျွန်တော့်ကို ဘာဖိအားမှ မပေးခဲ့ပါဘူး...
အားလုံးဟာ ကျွန်တော့် အမှားတွေပါ.....''
ဂျီယီဟာ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် ။
"ကျွန်တော် ပြောတာတွေဟာ အမှန်တွေပါ....
သခင်လေးကို ကျွန်တော် လိမ်ခဲ့တာပါ....''
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... ?''
ယွန်ရှစ်ဇူဟာ စူးစမ်းလိုစိတ်နဲ့ ထပ်မေးလိုက်တယ်။
"အစတုန်းက သခင်လေးက ကျွန်တော့်ကို
မိန်းမတယောက်လို့ ထင်တာပါ....
ကျွန်တော်ကလည်း သတိုးသမီးတစ်ယောက်လို
မိန်းမအစစ်တစ်ယောက်လို ဟန်ဆောင်နေခဲ့တာပါ....''
"သြော်....ဒီလိုမျိုးလား....?''
ယွန်ရှစ်ဇူဟာ အခုမှ ဇာတ်ရည်လည်တော့တယ် ။
"အဲဒါဆို မင်းကိုပဲ အပြစ်တင်ရတော့မှာပေါ့....
ထျန်းယျန်လည်းပါတာပဲ....
ဒီရွှံ့အိမ်လေးဟာ ကုန်လှောင်ရုံလေးပါ....
ဘယ်လိုလုပ် လူနေလို့ရမှာလဲ...?
ထျန်းယျန်....ထျန်းယျန်....မင်းဘာတွေများ စိတ်ကူးရတာလဲ...?''
"အဲဒီအချိန်တုန်းက သူ ကျွန်တော့်ကို အရမ်းမုန်းနေတာပါ....''
ဂျီယီဟာ အဲဒီအချိန်တုန်းက အဖြစ်တွေကို တွေးမိရင်း
ခပ်ဖွဖွ ပြုံးမိတယ် ။
"ကျွန်တော့်ကို ဖြစ်နိုင်ရင် အမြန်ဆုံး အဲဒီနေရာက
သွားစေချင်ခဲ့တာပါ....
ကျွန်တော့်မှာလည်း အကျဉ်းအကျပ်ထဲ ရောက်နေတယ်ဆိုတာကို
သူမသိခဲ့ပါဘူး.....
ဒါပေမယ့် ကျွန်တော် သခင်လေးကို တကယ်ပဲ
တောင်းပန်ချင်ခဲ့တာပါ.....
ယွန်မိသားစုချမ်းသာကြွယ်ဝတာကိုလည်း ကျွန်တော်မှ
မသိခဲ့တာ....
ဒါကြောင့်လည်း အိပ်ရာကုတင်တွေ စားပွဲခုံတွေ ကုလားထိုင်တွေကို
သူ့ကို လုပ်ခိုင်းခဲ့တာ...
သူ့ကို တကယ်ကို ဒုက္ခပေးခဲ့တာပဲ......''
"ဘာဒုက္ခလဲ...?''
ယွန်ရှစ်ဇူဟာ လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်တယ်။
"အဲဒါ သူနဲ့ ထိုက်တန်တာပဲ....''
"တကယ်တော့ သခင်လေးက ဆင်းရဲဒဏ်ကို
တော်တော်လေး ခံခဲ့ရတာပါ....
ရွှံအိမ်လေးမှာ နေတုန်းကဆိုရင် ကျွန်တော် ဘာပဲချက်ကျွေးကျွေး
အားလုံးစားတာပဲ......
ဘာမှ အထွန့်မတက်ဘူး....
ကျွန်တော်လည်း သူ့ရဲ့ အယောင်ဆောင်သတိုးသမီးလုပ်ရတာ
မကြိုက်ပါဘူး....
ပြီးတော့ မြင်းစီးရင်းနဲ့ ကျွန်တော် ဒဏ်ရာရသေးတယ်.....
ဒါပေမယ့် သခင်လေးကပဲ ကျွန်တော့်ကို
အလုံးစုံဂရုစိုက်ခဲ့တာပါ....
ကျွန်တော့်ကြောင့် သခင်လေး ပင်ပန်းခဲ့ရပါတယ်....''
"မင်းက ဘယ်မြင်းကို စီးခဲ့တာလဲ? "
"ရှန်ဒီယန်ပါ.... !''
"ဒါဆို မင်းဒဏ်ရာရတာ အံသြစရာ မဟုတ်တော့ဘူး....
ဒီခြံကြီးထဲမှာ ရှန်ဒီယန်က အဆိုးဆုံးပဲ....
ထျန်းယျန် ဘာသဘောနဲ့များ ဒီလိုလုပ်ပါလိမ့်....?''
"ကျွန်တော်သိရသလောက်ကတော့ သခင်လေးမှာ
ကျွန်တော်နဲ့ ပတ်သက်လို့ လျှို့ဝှက်ချက်တွေ အများကြီးပဲ.... ''
"အင်း....ပြောရမယ်ဆို ထျန်းယျန် မင်းအပေါ် ဘာကြောင့်
သဘောကျလည်းဆိုတာကို ငါမြင်မိသလိုပဲ.....
ဒါပေမယ့် သူက မင်းကိုချစ်တယ်ဆိုတာကို
ဝန်ခံဖို့တော့ ဝန်လေးနေသလိုပဲ....
မင်းရော ဘယ်လိုလဲ...ဂျီယီ..... . ??
ထျန်းယျန်ကို ဘယ်လိုဖြစ်လို့ ကြိုက်သွားရတာလဲ...?''
"......ကျွန်တော်.... အစကတော့ အမှန်တကယ် လုံးဝ
နားမလည်နိုင်ဘူး....''
ဂျီယီဟာ စိတ်ရှုပ်ထွေးစွာနဲ့ လက်ချောင်းတွေကို
အချင်းချင်း ပွတ်သပ်နေတယ်။
သူ့ကိုကြည့်ရတာ ဝေခွဲမရဟန်နဲ့ တွေဝေနေသလိုပဲ ။
"မင်းက နားမလည်ခဲ့ဘူး...ဟုတ်လား?''
ယွန်ရှစ်ဇူဟာ အံ့သြသင့်သွားတယ် ။
"အစကတော့ ကျွန်တော် မိသားစုတစ်ခု လိုချင်ခဲ့တာပါ....
ထျန်းယျန်ကလည်း ပြောတယ်လေ.....
သူလည်း အမည်ခံ ဇနီးတစ်ယောက်ပဲ လိုချင်တာဆိုပြီးပေါ့...
ဒါကြောင့် ကျွန်တော်လည်း ဒါဟာ သိပ်ကိစ္စမရှိဘူးလို့
စဉ်းစားမိပါတယ်....
သူ့မှာလည်း ဇနီး ရတယ်...ကျွန်တော့်မှာလည်း
အရမ်းတောင့်တနေတဲ့ မိသားစုကို ရမယ်လို့ ထင်ခဲ့တာ....
နောက်တော့မှသာ...........''
အတိတ်ရဲ့အရိပ်တွေဟာ ဂျီယီအာရုံမှာ ဝိုးတဝါး....။
"နောက်တော့ ထျန်းယျန်က သိသွားပြီး ကျွန်တော့်ကို
နှင်ထုတ်ခဲ့တာကြောင့် ကျွန်တော် အဲဒီနေရာက ထွက်ခဲ့ရတယ်....
ဒါပေမယ့်လည်း............ ''
"ဒါပေမယ့် ဘာဖြစ်လဲ.... ?''
"ကျွန်တော် ထွက်လာရပေမယ့် ရင်ထဲမှာ နင့်နေအောင်
ခံစားရပါတယ်.....
ထျန်းယျန်နဲ့ဝေးရမယ်ဆိုတာနဲ့ ကျွန်တော် ဘယ်လိုမှ
မခံစားနိုင်ဘူး....''
ဂျီယီဟာ အားတင်းပြီးပြောလိုက်တယ် ။
"ကျွန်တော် ထွက်လာပြီးနောက်ပိုင်းလည်း
သူနဲ့ မတွေ့တော့ပေမယ့် ကျွန်တော် သူ့အကြောင်းကို
အချိန်တိုင်း တွေးနေမိတယ်.....
သူ့အကြောင်းကို စဉ်းစားလိုက်ရင် ရင်ထဲမှာ
ဆောက်တည်ရာမရ ခံစားရပါတယ်.... ''
သူဟာ ခပ်တိုးတိုး ဆက်ပြောတယ်။
"နောက်ဆုံးတော့ ကျွန်တော်နားလည်လိုက်တာက
ဒါဟာ ထျန်းယျန်ကို လွမ်းလွန်းလို့ ကျွန်တော် တစ်ယောက်တည်း
အထီးကျန်ခံစားနေရတယ်ဆိုတာပဲ....
ကျွန်တော်.... ကျွန်တော် သတိမထားမိခင်အချိန်ကတည်းက
ထျန်းယျန်အပေါ်မှာ ကျွန်တော့်စိတ်ခံစားချက်တွေ အကုန်လုံး
သက်ဆင်းသွားပြီးပါပြီ....''
ဂျီယီရဲ့ရင်ဖွင့်စကားသံကို နားထောင်ပြီး
ယွန်ရှစ်ဇူဟာ ဒီကလေးရဲ့ ခံစားချက်တွေကို နားလည်လိုက်ပါတယ် ။
ဒါပေမယ့် သူလည်း ဘာပြောရမှန်းမသိတော့
ယီလေးကိုပဲ ခပ်ငေးငေးကြည့်နေမိတော့တယ် ။
"အစကတော့ ချက်ချင်း ထွက်သွားမလို့ပါပဲ....
ဒါပေမယ့် ရွှံ့အိမ်လေးကို ကြည့်ပြီးမှ ဂျောင်နန်ကို
ပြန်မယ်ဆိုပြီး နောက်ဆုံးအနေနဲ့ ကြည့်ဖို့သွားတာ....
ဘယ်သူသိမှာလဲ.... ?''
"ဘာကိုလဲ....?''
"အဲဒီမှာ ထျန်းယျန် ရှိနေတယ်လေ.... ''
ဂျီယီဟာ ရှက်စနိုးလေးဖြစ်နေတယ် ။
သူ့အသံလေးကတော့ ကြည်နူးမှုကြောင့် မြူးထူးနေတယ် ။
"သူက....သူက ကျွန်တော် အိမ်ပြန်အလာကို
စောင့်နေတာတဲ့....!!
အဲဒီလိုနဲ့ ကျွန်တော် အိမ်မှာ နေဖြစ်သွားတာပါ.....''
"ဒါဟာ ကံတရားပဲ......!!''
ယွန်ရှစ်ဇူဟာ ခပ်တိုးတိုး ပြောလိုက်တယ်။
ကောင်းတဲ့ရေစက်လား ဆိုးတဲ့ရေစက်လားဆိုတာကတော့......
အေးလေ.....
လူအမျိုးမျိုး စိတ်ကူးအထွေထွေဆိုသလိုပဲပေါ့....။
"ဒါဆို သခင်ကြီး ကျွန်တော် ပြောတာကို
သဘောပေါက်ပြီပေါ့နော်....!!''
ဂျီယီဟာ စိတ်အားထက်သန်စွာ ပြောနေတယ် ။
"ကျွန်တော် ပြောသလိုပဲ သခင်လေးထျန်းယျန်က
ကျွန်တော့်ကို အတင်းအကျပ်လုပ်ခိုင်းတာ မဟုတ်ပါဘူး....
အားလုံး ကျွန်တော့်ရဲ့အမှားတွေပါ...''
"တော်လောက်ပြီ....အဲလောက်ထိ စိတ်ပါလက်ပါ
ရှင်းပြစရာမလိုပါဘူးကွာ...
ထျန်းယျန်က ငါ့သားပါ....
သူ့စိတ်ကူးဘယ်လို ဆိုတာကအစ ငါသိပါတယ်ကွ....''
ယွန်ရှစ်ဇူဟာ ရယ်ရယ်မောမောနဲ့ လက်ကာပြကာ
လှမ်းတားလိုက်တယ် ။
"ဒီကောင်လေးဟာ နည်းနည်းတော့ အတ္တ ကြီးတယ်....
သူပိုင်တဲ့အရာဆို မလွှတ်တမ်း ဆုပ်ကိုင်ထားတတ်တာ...
သူ မကြိုက်တဲ့အရာဆို နည်းနည်းမှ
လှည့်ကြည့်တတ်တဲ့သူမဟုတ်ဘူး..''
ဒီစကားကိုတော့ ဂျီယီဟာ ငြင်းချင်ပေမယ့် ပါးစပ်ပိတ်ပြီးတော့သာ
နေလိုက်ရတော့တယ် ။
"မင်းရဲ့ဆွဲဆောင်သိမ်းသွင်းမှုကြောင့်
ထျန်းယျန်ပြောင်းလဲသွားတယ်ဆိုတာတော့
အမှန်ပါပဲကွာ....''
ယွန်ရှစ်ဇူဟာ စကားကို အလေးအနက်ထားပြောလိုက်တယ် ။
ဆွဲဆောင်တယ်.....!!
ဟင့်အင်း.....မဟုတ်ပါဘူး....
ဒီလိုပုံစံမျိုးနဲ့ ဘယ်လောက်ကြာကြာ ဆွဲဆောင်နိုင်မှာတဲ့လဲ...?
ပြီးတော့ သူက ယောက်ျားတစ်ယောက်လေ.....။
"မင်းမသိဘူးမလား....?
ထျန်းယျန် ဘယ်လောက် ပြောင်းလဲသွားလဲဆိုတာ...
ရယ်ရယ်မောမော စကားတွေပြောလာတယ်....
ပြီးတော့ မင်းအပေါ်ထားတဲ့သူ့ရဲ့သဘောထားကလည်း
အရင် သူတွေ့ဖူးတဲ့ မိန်းမတွေနဲ့မတူဘူးကွ....
ငါတို့အပေါ်ကိုရောပဲ....''
ဂျီယီဟာ ရင်ထဲမှာ အပျော်လှိုင်းလေး ဖြတ်စီးသွားသလို
ခံစားလိုက်ရတာကြောင့် တိတ်တခိုး ပြုံးမိတယ် ။
ဟုတ်မှာပါ...... ထျန်းယျန် သူ့အပေါ်တကယ်ချစ်တယ်ဆိုတာ
ဖြစ်နိုင်ပါတယ်......
ထျန်းယျန်ဆီက သူနဲ့ ပတ်သက်တဲ့ ချစ်စကားတွေကို
ကြားရတာဟာ တကယ့်ကို လှပတဲ့ အိပ်မက်လေးလိုပဲ ။
ယုံတောင် မယုံနိုင်ဘူး..... ။
အခုလိုမျိုး တခြားလူတွေဆီက ပြောသံတွေပါ ကြားရတော့
ကိုယ့်ဟာကိုယ်တောင် မြောက်ချင်လာပြီ ။
"ထျန်းယျန်ဟာ အရင်တုန်းကဆိုရင် ဒေါသထွက်ပြီး
မာန်ဖီနေတဲ့ မြင်းရိုင်းလိုပဲ...
သူ့ကို စော်ကားတဲ့လူမှန်သမျှကို သင်ခန်းစာ
ပြန်ပေးပစ်တာပဲ....
ထျန်းယီတို့နဲ့ သူဘယ်လိုဆက်ဆံလည်းဆိုတာကို
မင်းလည်းမြင်တာပဲ....
နည်းနည်းတော့ အသိဥာဏ်လေး ဘာလေးရှိသင့်တယ်မလား...?''
"ထျန်းယျန်က နည်းနည်းတော့ စိတ်တိုလွယ်တယ်...''
ဂျီယီဟာ တွန့်ဆုတ်ဆုတ်နဲ့ ဝေဖန်လိုက်တယ် ။
သူ့စိတ်ထဲမှာ အစ်ကိုကြီးထျန်းယီနဲ့ တွေ့တုန်းက
အချိန်တွေကို သတိရလိုက်မိတယ် ။
အဲဒီတုန်းက ထျန်းယျန်ဟာ အစ်ကိုကြီးကို
လက်သီးနဲ့ မိတ်ဆက်လိုက်တာကို မှတ်မိနေသေးတယ် ။
"အခုတော့ သူက စိတ်ဓာတ်တွေကို အများကြီး
ပြင်လိုက်ပါပြီ...
အဲဒါလည်း မင်းကြောင့်ပဲ ဖြစ်လိမ့်မယ်.... ''
ယွန်ရှစ်ဇူဟာ ဂျီယီကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။
"မင်းပုံစံက စိတ်အေးလက်အေးနဲ့ အေးချမ်းတဲ့ စရိုက်ရှိတဲ့ပုံမျိုး....
မင်းနားမှာ နေလိုက်တာနဲ့ ဆိုးသွမ်းတဲ့လူတောင်
ငြိမ်ကျသွားမှာပဲ....
မဟုတ်ရင် မင်းရဲ့ အားလုံးအပေါ် သည်းခံစိတ်ရှိပြီး
ဘယ်သူ့အပေါ်မှ အနိုင်မယူချင်တဲ့စိတ်ကြောင့်လည်း
ဖြစ်နိုင်ပါတယ်...
မင်းက ဒီလိုပုံစံမျိုးနေလေလေ မင်းရဲ့လိုအင်ဆန္ဒတွေကို
ဖြည့်ပေးမယ့်သူ များလာလေလေပဲ....''
"....................''
ဂျီယီဟာ ဘာပြန်ပြောရမှန်း မသိတော့ဘူး။
××××××××××××××××××××××××××××××
နောက်တစ်ပိုင်းဆိုရင် ဂျီယီလေးတို့နဲ့ နှုတ်ဆက်စကား
ပြောရတော့မယ်......