အခန်း(၂ဝ) - ဖုန်းရွှေဆရာသခင်
စူးမြောင်အာ ထွက်လာပြီးသည့်နောက်တွင် သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်၌ ရပ်နေသော ရုံချီကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ သို့သော် ရုံချီ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး တစ်စုံတစ်ခုနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့လာရသကဲ့သို့ပင်။
"ရုံချီ ရှင်ဘာဖြစ်လာတာလဲ"
စူးမြောင်အာ ရုံချီရှိရာသို့ အမြန်ပြေးသွားလိုက် သည်။ ရုံချီ၏ဝိညာဉ်သည် လုံးဝ ဖောက်ထွင်းမြင်ရလုနီးပါး မှိန်ဖျော့ပြီး အားနည်းနေသည်။ သူမအနေနှင့် ရုံချီကို မည်သို့ကူညီသင့်ကြောင်း မသိသည့်အတွက် ခြေမကိုင်မိ လက်မကိုင်မိဖြစ် နေရုံသာ တတ်နိုင်ခဲ့သည်။ ရုံချီက သူမကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးပြသည်။
"မြောင်မြောင် အရမ်းမစိုးရိမ်ပါနဲ့... ကိုယ်အဆင်ပြေပါတယ် ဒါက ဒီအတိုင်း ဒါက ဒီအတိုင်း ဒဏ်ရာဟောင်းပြန်ထလာရုံပါ... ပြီးတော့ ကိုယ် ဒီနေ့ တစ္ဆေစွမ်းအားတွေကို ခဏခဏ သုံးနေလို့ အခြေအနေပိုဆိုးသွားရုံပဲ"
"ဒါဆိုရင် ရှင် ဟိုဟာ... ."
ရုံချီကို ယန်ချီစွမ်းအားအချို့ပေးလိုက်ခြင်းက အကူအညီဖြစ်လိမ့်မည်ဟု စူးမြောင်အာ တွေးလိုက်မိသည်။
ရုံချီက သူမ၏စကားကို ကြားသော် ပြောချင်သည့် အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး မဆိုင်းမတွ ခေါင်းခါပြသည်။
"ဟင့်အင်း ကိုယ် မင်းဆီက ယန်ချီစွမ်းအား ထပ်ယူလို့မဖြစ်ဘူး... မဟုတ်ရင် မင်းကိုပါ ထိခိုက် သွားလိမ့်မယ်"
စူးမြောင်အာ ရုံချီကို မျက်စောင်းထိုးလိုက်သည်။ "ရှင် တော်တော်တုံးတာပဲ... ကျောင်းမှာ လူတွေမှ အများကြီး... ယန်ချီစွမ်းအား နည်းနည်းလောက် ရရင်တောင် အဆင်ပြေတယ်မဟုတ်ဘူးလား... တစ်ယောက် လောက် ရှာပြီး ယူလိုက်လေ"
ရုံချီ သူမထံမှ ယန်စွမ်းအား ယူစဉ်တုန်းက အနည်းအကျဉ်းသာ ယူခဲ့ခြင်းဖြစ်သည့်အတွက် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ချေ။ ထို့ကြောင့် သူမမဟုတ်သော တခြားသူထံမှ ယန်ချီစွမ်းအားယူလျှင်လည်း အဆင်ပြေနိုင်လောက်သည်။ သို့သော် ရုံချီက စိတ်အလိုမကျဖြစ်နေသော ကလေးတစ်ယောက်ကဲ့သို့ ခါးခါးသီးသီး ခေါင်းခါပြသည်။
"ရပါတယ် ကိုယ့်မှာ အကြံရှိတယ်... မြောင်မြောင် ကိုယ့်ကို နေရာတစ်ခုရှာပေးလို့ရမလား"
စူးမြောင်အာ ခေါင်းညိတ်ပြလိုက်သည်။ သူမကိုယ်တိုင်လည်း ကျော့မိသားစုနှင့် ရုံချီဘာဖြစ်လာကြောင်းကို အလွန် သိချင်နေသည့်အတွက် ကျောင်းဝင်းထဲမှ အမြန်ထွက်လာပြီး အဆင့်မြင့်ဟိုတယ်တစ်ခုတွင် အခန်းငှားခဲ့သည်။
စူးမြောင်အာသည် အခန်းထဲသို့ ရောက်ရောက်ချင်းတွင် နံရံများကို အသေအချာ စစ်ဆေးကြည့်သည်။ မူမမှန်မှုမရှိသည့်အခါမှ တံခါးဆွဲပိတ်ပြီး လော့ခ်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မည်သူမှ မရှိသည့်အတွက် ရုံချီနှင့် သူမ လွတ်လွတ်လပ်လပ် စကားပြောနိုင်သည်။
" ကျော့မိသားစုနဲ့ ဘာဖြစ်လာတာလဲ... ကျွန်မကို ပြောပြပါအုံး"
ရုံချီက ကုတင်ပေါ်တွင် ခွေခွေလေး လှဲရင်း သူမကို တိတ်တဆိတ် ကြည့်နေပြီးမှ ခပ်ဖွဖွ ပြုံးပြ လာသည်။
"မြောင်မြောင်က ဥာဏ်ကောင်းသားပဲ... ကိုယ်တို့ ဟိုနေ့က လခြမ်းကျောက်စိမ်းပေးခဲ့မိတဲ့ မန်နေဂျာက ကျောက်မိသားစုနဲ့ ဆွေမျိုးနီးစပ်တစ်ယောက်ပဲ... အဲ့ဒီမန်နေဂျာက ကျော့ချင်းယွင်ကို ပေးလိုက်တာ... ကျော့ချင်းယွင် က လခြမ်းကျောက်စိမ်းကို မြင်တာနဲ့ ဘာအဓိပ္ပါယ်လဲဆိုတာကို သဘောပေါက်ပြီး ကျော့ရှစ်အန်းကို မပေးဘဲနဲ့ သူက ကြားထဲကနေ ကတိဖျက်ဖို့လုပ်ခဲ့တာ"
"ဒါဆိုရင် ရှင် လူကြီးမင်းကျော့ရှစ်အန်းနဲ့ရော တွေ့ခဲ့သေးလား"
စူးမြောင်အာသည် ကျော့မိသားစုနှင့် ရုံချီတို့ကြားမှ ပတ်သတ်မှုကို ခန့်မှန်းကြည့်နေမိသည်။
"သိချင်လား"
ရုံချီက သူမ၏အတွေးကို သိနေပုံရသည်။
"မသိချင်ဘူးလို့ပြောရင်တော့ လိမ်ရာကျတာပေါ့"
စူးမြောင်အာ ရုံချီကို မသိမသာ ခိုးကြည့်လိုက်သည်။ လူသားများ ကြုံလေ့ရှိသော ပြဿနာတိုင်းနီးပါး၏မူလဇစ်မြစ်သည် စပ်စုခြင်းမှ စတင်ပေါက်ဖွားလာခြင်းဖြစ်သည်။
ရုံချီက ပြုံးစိစိလုပ်ပြီး ပြောသည်။
"သိချင်ရင် အလွယ်လေးပါ... ရုံမိသားစုရဲ့ လျှို့ဝှက်ချက်ကို သိဖို့ဆိုရင် ရုံမိသားစုရဲ့ ချွေးမလေးဖြစ်မှရမှာ... ဒါပေမဲ့ မင်းက ကိုယ်နဲ့ လက်မထပ်ချင်ဘူးဆိုတော့လည်း... ... "
အဆုံးတွင် ရုံချီက စွန့်ပစ်ခံလိုက်ရသော အိမ်မွေးခွေးလေးတစ်ကောင်ကဲ့သို့ သနားကမား မျက်နှာလေးနှင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
စူးမြောင်အာမှာ ကြက်သီးမွေးညှင်းထသွားရပြီး အကြောက်အကန် လက်ခါပြလိုက်သည်။
"မပြောပါနဲ့တော့ မပြောပါနဲ့တော့"
"ရုံမိသားစုရဲ့ လျှို့ဝှက်ချက်ကို ပြောပြလို့မရဘူးဆိုပေမယ့် ကျော့မိသားစုနဲ့ ပတ်သတ်တဲ့ ကိစ္စကိုတော့ ကိုယ် မင်းကို ပြောပြလို့ရပါတယ်"
ရုံချီက မာယာများသော အကြည့်ဖြင့် ကြည့်ပြီး ပြောသည်။
"ကျော့မိသားစုအကြောင်းလည်း မပြောပါနဲ့တော့... . ရှင် ပြောဖူးတဲ့အတိုင်းပဲ စပ်စုတဲ့လူတွေက အရင်ဆုံး သေတတ်ကြတယ်လေ... အဲ့တာကြောင့် ကျွန်မ မသိချင်တော့ဘူး"
စူးမြောင်အာ၏ အဖြေကို ရုံချီက သဘောတကျ ရယ်မောလာသည်။
"မြောင်မြောင် မင်းက တကယ် ဥာဏ်ပြေးတာပဲ... မင်း နားမထောင်ဘူးဆိုရင်တောင်မှ ကိုယ်က ပြောပြချင်သေးတာ... ဒီလောကကြီးက အကျယ်ကြီးပေမယ့် ကိုယ့်မှာ မင်းကလွဲရင် ပြောစရာလူမရှိဘူးလေ"
စူးမြောင်အာ ရုံချီကို မသိကျိုးကျွံပြုထားသော် လည်း သူမ၏ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ဖြစ်တည်လာရသည်။ ရုံချီက ဆက်ပြောသည်။
"ကိုယ် ကျော့ရှစ်အန်းကို တွေ့ခဲ့တယ်... ဒါပေမဲ့ သူ့အခြေအနေက တော်တော်ဆိုးနေပြီ... ပြီးတော့ ကျော့မိသားစုမှာလည်း အတော်လေး မတည်မငြိမ်ဖြစ်နေပုံပဲသူတို့မိသားစုရဲ့ ချီစွမ်းအားလည်း ကုန်တော့မှာဆိုတော့... ."
ကျော့မိသားစု၏ ယွိရှန်းထန်ဆိုင်အကြောင်းကို တွေးလေလေ စူးမြောင်အာ နားမလည်နိုင်လေလေဖြစ်လာရသည်။
"မြောင်မြောင် ကိုယ် မင်းကို တစ်ခုပြောပြရရင် ကိုယ်အသက်ရှင်နေတုန်းက ဖုန်းရွှေအတတ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ ဆရာ တစ်ဆူဖြစ်ခဲ့ဖူးတယ်... လွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်တုန်းက ကျော့မိသားစုရဲ့ ဘိုးဘေးကို ဖုန်းရွှေဆရာတစ်ယောက်အဖြစ် ပြောင်းလဲပေးဖို့ သဘောတူညီမှုယူခဲ့ဖူး... ."
"နေပါအုံး"
"ရှင်ပြောတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ရာလောက်တုန်းက ကျားချင်ဘုရင်လက်ထက်မှာ သေခဲ့တာဆို... အခု ဘယ်လိုလုပ်ပြီး အနှစ်တစ်ရာဖြစ်သွားရပြန်တာလဲ... အနှစ်တစ်ရာ ဆိုရင် ချင်မင်းဆက်တောင် ပျက်စီးသွားပြီ"
ရုံချီက ခေါင်းညိတ်ပြသည်။
"ကိုယ် မင်းကို မလိမ်ပါဘူး... ကိုယ်က ကျားချင်ဘုရင်လက်ထက် ချင်မင်းဆက်မှာ သေခဲ့တာ... ကိုယ် သေတဲ့အချိန်တုန်းက တိုင်းပြည်အခြေအနေက အတော်လေးကို အတော်လေးကို အဆင်ပြေပြီး နန်းတွင်းတရားခုံရုံးကလည်း သူ့ဟာနဲ့သူ ပုံမှန်လည်ပတ်နေတုန်းပေါ့... ကိုယ်သေပြီး အနှစ်တစ်ရာလောက်ကြာတော့ ရုတ်တရက် ကိုယ့်ဝိညာဉ်ပြန်နိုးလာခဲ့တယ်... အဲ့ဒီအချိန်မှာ တိုင်းပြည်အခြေအနေက အရင်တုန်းကလို မဟုတ်တော့ဘူး... နန်းတွင်းခုံရုံးမှာလည်း လာဘ်စားတဲ့အမှုနဲ့ ပြဿနာတွေ တက်နေကြတယ်... သူတို့က ပုန်ကန်ပြီး ဘုရင်ကို တောင် ထောင်ထဲထည့်ထားကြသေးတယ်... ဒါပေမဲ့ကိုယ်တို့လို ဖုန်းရွှေဆရာတွေက ကိုယ့်အလုပ်ကိုယ်ပဲလုပ်တတ်ကြတဲ့သူတွေ... နန်းတွင်းအရေးကို ဝင်ပါလေ့မရှိကြဘူး... အဲ့ဒီမှာပဲ ကိုယ် ကျော့မိသားစုနဲ့ စတွေ့ခဲ့တယ်ဆိုပါတော့"
"ပြောရရင် အဲ့ဒီကျော့မိသားစုကလည်း ချင်ဘုရင်ရဲ့ ဆွေစဥ်မျိုးဆက်တွေပဲ... သူတို့နဲ့ ကိုယ်နဲ့ စတွေ့တဲ့အချိန်တုန်းက ကျော့မိသားစု တော်တော်လေးကို မပြေလည်တဲ့ အနေအထားတစ်ခုကို ရောက်နေကြတာ... ဒါပေမဲ့ သူတို့ရဲ့ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတချို့ရှိနေတယ်... အဲ့တာကြောင့် အလဲအထပ်လုပ်တဲ့အနေနဲ့ ကျော့မိသားစုရဲ့ ဘိုးဘေးကို ဖုန်းရွှေအတတ်တတ်မြောက်အောင် သင်ပေးပြီး သူတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ သုံးဖို့အတွက် ရွှေသေတ္တာတစ်လုံးကိုပါပေးခဲ့သေးတယ်... ကျော့မိသားစုကလည်း ကိုယ့်ကို အထပ်ထပ် ကတိပေးကြတယ်... ကိုယ့်ဝိညာဥ် နောက်တစ်ကြိမ် ပြန်နိုးလာတဲ့အခါကျရင် သူတို့ ကျေးဇူးပြန်ဆပ်ပါ့မယ်ဆိုပြီးတော့ပေါ့"
ရုံချီ၏ စကားကို နားထောင်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို စူးမြောင်အာ ရုတ်တရက် တွေးမိသွားသည်။
"ဟိုပုတီးစေ့တွေလား"
ပထမဆုံး စတွေ့သည့်နေ့က ရုံချီ သူမကို ပြခဲ့ဖူးသော ပုတီးစေ့ငါးစေ့ဟာ ရုံချီ အမြဲတမ်း ရှာချင်ခဲ့သော ပစ္စည်းသာဖြစ်လိမ့်မည်။
ရုံချီက ခေါင်းညိတ်ပြသည်။
"ဒါနဲ့ ရှင်စောနက ပြောလိုက်တယ် မဟုတ်လား... ကျော့မိသားစုမှာ မတည်မငြိမ် ဖြစ်နေတယ်လို့ ပြီးတော့ ချီစွမ်းအားကုန်တော့မယ်ဆိုတာရော..."
စူးမြောင်အာသည် ရုံချီကို မေးလိုက်သော်လည်း သူမ၏ နှလုံးသားထဲတွင် ယောင်ဝါးဝါး ခန့်မှန်းမိနေပြီ ဖြစ်သည်။
Telegram မှာ အပိုင်း ၅၂အထိ ရောက်ပါပြီနော်။