Part 24

251 30 1
                                    

အခန်း (၂၄) - တစ်ခုခုတော့မှားနေပြီ

သို့သော် သူတို့ ထွက်မသွားခင်တွင် ရုံချီက ပစ္စည်းတစ်ခုကို သူမ၏ လက်ထဲသို့ တိတ်တိတ်လေး ထည့်ပေးပြီး ဦးလေးဖြစ်သူကို ပေးလိုက်ရန် ပြောလာသည်။ ထိုပစ္စည်းက သူမ၏ ဦးလေး အသက်အန္တရာယ် ကြုံရသည့်အချိန်တွင် အကာအကွယ်ပေးနိုင်သည်ဟု ဆိုသည်။

စူးမြောင်အာ တစ်ချက်စစ်ကြည့်လိုက်ရာ ရုံချီပေးသော ပစ္စည်းက သာမန် အင်းစာရွက်တစ်ရွက်သာဖြစ်သည်။ သို့သော် မြင်တွေ့နေကျအတိုင်း ပြဒါးရောင်ကို အသုံးပြုထားခြင်းမဟုတ်ဘဲ အနက်ရောင်တစ်မျိုးတည်းကိုသာ အသုံးပြုထားသည်။

စူးမြောင်အာသည် အင်းစာရွက်ကို စစ်ကြည့်ပြီးသည့်နောက်တွင် ရုံချီဘက်သို့ လှည့်ကြည့်လိုက်သည်။

"အလောင်းတွေက တစ်ခုခုဖြစ်နေလို့လား"

"သတိထားရင်တော့ပိုကောင်းတာပေါ့"

ရုံချီက တိုတိုတုတ်တုတ် ပြန်ဖြေသည်။

များသောအားဖြင့် ရုံချီသည် စကားအလွန်များသောတစ္ဆေတစ်ကောင်ဖြစ်သော်လည်း အရေးကြီးသော အခိုက်အတန့်များနှင့် ကြုံရသည့်အခါ ခပ်ပြတ်ပြတ်ပြောလေ့ရှိသည်။ စူးမြောင်အာလည်း ရုံချီကို ရှည်ရှည်ဝေးဝေး ဆက်မမေးတော့ဘဲ ဦးလေးဖြစ်သူကို နှုတ်ဆက်သလိုလိုနှင့် အင်းစာရွက်ကို အကျီအိတ်ကပ်ထဲသို့ မသိမသာ ထည့်ပေးလိုက်သည်။ သူတို့အားလုံး ထွက်သွားပြီးနောက် စူးမြောင်အာသည် ဧည့်ခန်းထဲ၌ မိနစ်ပိုင်းမျှ ဆက်ထိုင်ပြီး လက်ဖက်ရည်သောက်ခဲ့သည်။ ထို့နောက် အိမ်အကူတစ်ဦး၏ လမ်းညွှန်မှုအတိုင်း ခြံဝင်းကျယ်ကြီးထဲသို့ တစ်ဦးတည်း လျှောက်ကြည့်နေလိုက်သည်။ အတိအကျဆိုရသော် သူမတစ်ဦးတည်းတော့မဟုတ် ရုံချီပါ လိုက်လာသည်။

နှစ်ဦးသား ဆယ်မိနစ်ခန့် အတူလမ်းလျှောက်ပြီးသည့်နောက်တွင် စူးမြောင်အာ ရုံချီကို မေးလိုက်သည်။

"စကားမစပ် ကျွန်မတို့ အခု ကျော့မိသားစုရဲ့ စံအိမ်ကိုရောက်နေတာဆိုတော့ သူတို့မိသားစုကို ခြောက်လှန့်နေတဲ့ တစ္ဆေကိုများ ရှင်တွေ့မိသေးလား"

တစ္ဆေသတို့သားWhere stories live. Discover now