Part 23

270 30 0
                                    

အခန်း(၂၃)-ကျော့မိသားစုစံအိမ်

"ဟုတ်သားပဲ လူကြီးမင်းကျော့နဲ့ မိတ်ဆက်ပေးရအုံးမယ်... ဒါက ကျုပ်ရဲ့ တူမလေးပါ စူးမြောင်အာလို့ခေါ်တယ်... သူလည်း ဒီအလုပ်တွေနဲ့ ရင်းနှီးနေတာဆိုတော့အတွေ့အကြုံယူဖို့ရောက်လာတာပါ... လူကြီးမင်းကျော့ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်"

"မဟုတ်တာပဲဗျာ... တွေ့ရတာဝမ်းသာပါတယ်"

"လူကြီးမင်းကျော့က အရမ်းလူကြီးလူကောင်းဆန် တာပဲ... တချို့လူတွေလို ကိုယ်လုပ်ချင်ရာကို ဇွတ်လုပ်တတ်တဲ့သူမျိုးမဟုတ်ဘူး... တချို့တွေဆို တကယ်အရည်အချင်းမရှိဘဲ တခြားသူအပေါ် သိပ်အခွင့်အရေးယူတတ်ကြတာလေ... အဲ့ဒီလိုလူတွေက တကယ် အရှက်သိက္ခာမဲ့တာပဲ"

အနှီ အေးတိအေးစက် အသံပိုင်ရှင်ကား ပိန်လှီနေသော သူတော်စင်မဟွေ့အန်းပင်ဖြစ်သည်။ ဟွေ့အန်းက စူးမြောင်အာ၏ ဦးလေးဖြစ်သူကို မသတီသော အကြည့်မျိုးဖြင့် စွေကြည့်သည်။ ကားပါကင်တွင် ရှိနေသူတိုင်းသည် သူတော်စင်မဟွေ့အန်း၏ စကားက စူးမြောင်အာ၏ ဦးလေးစူးတာ့ကို ရည်ရွယ်ကြောင်း သိကြသည်။

စူးတာ့နှင့် ဟွေ့အန်းတို့ကြားတွင် ပုဂ္ဂိုလ်ရေးကိစ္စအချို့ရှိခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ ဖြောင့်မတ်သောယောကျာ်းကောင်းတို့မည်သည် အမျိုးသမီးတစ်ဦးနှင့် ရန်ပြိုင်မဖြစ်ဟူသော စကားက စူးတာ့အတွက်တော့ အကျုံးမဝင်ပေ။

စူးမြောင်အာ အထက်တန်းကျောင်းသူဘဝက ဦးလေးဖြစ်သူစူးတာ့ထံမှ ဖုန်းတစ်လုံး လက်ဆောင်ရခဲ့ဖူးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စူးမြောင်အာ ဖုန်းအသစ်ရသည့်နေ့တွင် အတန်းထဲမှ ကျောင်းသူတစ်ဦး၏ ဖုန်း ပျောက်သွားသည့်အပြင် စူးမြောင်အာ ကိုင်ထားသော ဖုန်းအမျိုးအစားနှင့် တစ်ထပ်တည်း တူနေပြန်သည်။ ထိုကျောင်းသူ၏ အဒေါ်ဖြစ်သူက စူးမြောင်အာကို ဖုန်းသူခိုးဟု စွပ်စွဲပြီး တစ်ကျောင်းလုံးတွင် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ ထိုသတင်းကို ကြားကြားချင်းတွင် စူးမြောင်အာ၏ ဦးလေးသည် ဘောင်းဘီအပွကြီးဝတ်ကာ ရပ်ကွက်ထဲမှ လူစုပြီး အတင်းတုပ်တတ်ကြသော အဒေါ်ကြီးများကဲ့သို့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဝက်ဝက်ကွဲ ပြန်သောင်းကျန်းခဲ့သည်။ထိုအချိန်မှစ၍ စူးမြောင်အာကို နာမည်ဖျက်ခဲ့သော အဒေါ်ကြီးသည် စူးမြောင်အာ၏ ဦးလေးကို လမ်းတွင် တွေ့သည့်အချိန်တိုင်း ခေါင်းငုံ့ပြီး ရှောင်သွားလေတော့သည်။ ထို့ကြောင့် စူးတာ့က စူးမြောင်အာထက် ပိုစွာသည်ဟု ဆိုရလိမ့်မည်။

တစ္ဆေသတို့သားWhere stories live. Discover now