Part 29

228 24 2
                                    

အခန်း(၂၉)-အပြောင်းအလဲ

ဆရာနင်းယွမ်အနောက်သို့ အပြေးအလွှား လိုက်လာကြသူများအားလုံး ကြက်သေသေသွားရလေသည်။

ဆရာနင်းယွမ်ကို ဓားမြှောင်ဖြင့် ထိုးသွင်းလိုက်သူဟာ ကလေးငယ်တစ်ဦးဖြစ်နေခြင်းကြောင့် လူတိုင်း၏ မျက်နှာအမူအရာက ဆိုးဆိုးရွားရွား ပြောင်းလဲကုန်ကြသည်။

"သား...အန်းအန်း"

ချင်ဖုန်းသည် ဓားမြှောင်ကိုင်ထားသော သားဖြစ်သူကိုကြည့်ပြီး မူးမေ့လဲမတတ် လန့်သွားသည်။ သို့သော်ယခုလက်ရှိတွင် မြင်နေရသော ကျော့အန်းအန်းသည်နေ့လည်က စူးမြောင်အာ မြင်ခဲ့သော ကျော့အန်းအန်းမဟုတ်တော့ပေ။ ကလေးငယ်တစ်ဦး၏ ဖြူစင်သော မျက်နှာလေးတွင် ယုတ်ညံ့သော အပြုံးများဖြင့် ပြည့်နှက်နေသည်။ ကျော့အန်းအန်းသည် ကြောက်စရာကောင်းအောင် ပြုံးပြုံးကြီး ကြည့်နေရာမှ ရုတ်တရက် ဓားမြှောင်ကို လွှတ်ချပြီး ခြံအနောက်ဘက်သို့ ဆက်ပြေးသွားလေသည်။

"အန်းအန်း ပြန်လာခဲ့"

"120ကိုအမြန်ဖုန်းခေါ်ပေးကြပါ... ဆရာနင်းယွမ်ဒဏ်ရာရသွားပြီ"

မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ စူးတာ့နှင့် ဆရာရိနန်တို့သည် တစ္ဆေနောက်သို့ ဆက်မလိုက်ဘဲ ဆရာနင်းယွမ်၏ ဒဏ်ရာကိုသာ အပူတပြင်း စစ်ဆေးနေကြသည်။ ရုံချီကမူ ခြံအနောက်ဘက်သို့ ဆက်ပြေးသွားသည်။မျက်စိတစ်မှိတ်အတွင်း ကျော့အန်းအန်းရော ရုံချီပါ ပျောက်ကွယ်သွားသည်။

ချင်ဖုန်းသည် မျက်ရည်လည်ရွဲဖြင့် လုံခြုံရေးဝန်ထမ်းများကို ကျော့အန်းအန်းကို လိုက်ရှာရန် အမိန့်ပေးခဲ့သော်လည်း လုံခြုံရေးဝန်ထမ်းများမှာ အလွန်ကြောက်လန့်နေကြပြီး ခြံအနောက်ဘက်သို့ မသွားရဲကြောင်း ငြင်းဆိုနေကြသည်။

"ကိုယ်တော်သွားလိုက်ပါမယ်"

ဆရာရိနန်သည် ဆရာနင်းယွမ်၏ အခြေအနေက အသက်အန္တရာယ်ကို မစိုးရိမ်ရကြောင်း စစ်ဆေးပြီးသည်နှင့် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now