Part 10

371 45 0
                                    

အခန်း(၁၀)-ထိတ်လန့်စရာဟိုတယ်

"အစီအရင်ကနံရံပေါ်မှာ"

ရုံချီက တောင်းပန်သော အကြည့်ဖြင့် ကြည့်ပြီး ပြောသည်။ စူးမြောင်အာ တစ်ခန်းလုံးကို စစ်ကြည့်သော်လည်း လေးဖက်လေးလံ နံရံပေါ်တွင် ခြေရာလက်ရာပျက်ယွင်းနေမှုမရှိချေ။

"ဘယ်နံရံပေါ်မှာလဲ ကျွန်မတော့ မတွေ့ဘူးနော်"

"ဒါဆိုရင် တစ္ဆေတွေပဲ မြင်နိုင်ပြီး သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်ရအောင် လုပ်ထားတာဖြစ်မယ်"

ရုံချီက ခပ်တိုးတိုးပြောသည်။ သူ၏ အရိပ်သည် တဖြည်းဖြည်း ပိုမှိန်ဖျော့လာသည်။ တစ္ဆေထောင်ချောက်အစီအရင်ကြောင့် မည်မျှ နာကျင်နေရကြောင်း မသိသော်လည်း ယခင်ကထက် သုန်မှုန်နေသော မျက်နှာဖြင့် ရပ်နေသည်။

ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ပြီး တစ္ဆေစွမ်းအားများကို အသုံးပြုလိုက်သည်။ သူတို့အရှေ့မှမြင်ကွင်းဟာ ရုတ်တရက် လှိုင်းထသလို တုန်ခါလာပြီးနံရံပေါ်၌ အစီအရင်စာလုံးများ ပေါ်လာသည်။ စူးမြောင်အာသည် ၎င်းကိုမြင်သည်နှင့် အရှေ့သို့ အလျင်စလို ပြေးဝင်ပြီး ဖျက်ဆီးပစ်ရန် ကြိုးပမ်းသည်။ သို့သော်စူးမြောင်အာ၏ လက်နှင့် အစီအရင်တို့ ထိသွားချိန်တွင် လက်ချောင်းထိပ်မှတဆင့် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေစူးမြောင်အာက လုံးဝ လက်မလျှော့ဘဲ အတော်လေးပျက်စီးသွားသည်အထိ ဖျက်ဆီးပစ်ခဲ့သည်။ အစီအရင်တစ်ခုလုံး ပျက်စီးသွားချိန်တွင် စူးမြောင်အာ၏ လက်တစ်ဖက်လုံး ထုံကျဉ်နေသည်။

"သွားရအောင်"

ရုံချီ၏ မျက်နှာပေါ်မှ နာကျင်မှု အရိပ်အယောင် လျော့ပါးသွားသည်။ သူက စူးမြောင်အာ၏ လက်ကို ဆွဲပြီး ဟိုတယ်ထဲမှ ထွက်သွားရန် ကြိုးစားသည်။ သို့သော် သူတို့နှစ်ဦး တံခါးအဝသို့ ရောက်လာချိန်တွင် တစ်စုံတစ်ဦးက တံခါးကို ဆောင့်ကန်ပစ်လိုက်သည်။

ထိုသူသည် ကြောက်စရာကောင်းသော မျက်နှာဖြင့် ဆိုင်လင်ဆာပါသော ပစ္စတိုတစ်လက်ကို ကိုင်ထားပြီးညအမှောင်ထုအလယ်တွင် စူးမြောင်အာ၏ နှဖူးတည့်တည့်သို့ ချိန်ရွယ်ထားသည်။

တစ္ဆေသတို့သားWhere stories live. Discover now