ဒီနေ့ရဲ့အတန်းချိန်တွေက မနက်ပိုင်းသာရှိတာမို့ နေ့လယ်မှာတော့ ရှောင်းကျန့် ကလပ်က ရေကူးကန်မှာ ရှိနေတယ်။ ဘယ်လိုမှရှောင်ပြေးမရတာမို့ နည်းပြရဲ့ စကားအတိုင်း အသင်းဝင်အသစ်တွေကို ကူညီပေးဖို့ ဖြစ်တယ်။
ရင်းနှီးလွယ်တဲ့ ရှောင်းကျန့်ကတော့ ကလပ်မှာ လူချစ်လူခင်အများဆုံးပဲ။ နောက်နေ့မှ ထပ်တွေ့ကြဖို့ တခြားသူတွေကို နှုတ်ဆက်ပြီး သူ နားနေခန်းဆီ ဝင်လာခဲ့လိုက်တယ်။
နားနေခန်းရဲ့ လော့ကာတွေရဲ့ တစ်ဖက် မျက်နှာချင်းဆိုင် နံရံမှာ မှန်အပြည့်ကပ်ထားတယ်။
စိုနေတဲ့ ဆံပင်တွေကို Dryer တစ်ခုနဲ့ အခြောက်ခံရင်း အဲ့ဒီမှန်တွေရှေ့မှာ ရှောင်းကျန့် ရှိနေတယ်။
အခန်းထဲတော့ သူကလွဲ၍ ဘယ်သူမှရှိမနေ။
ခြောက်လုနီးပါးဖြစ်နေတဲ့ ဆံပင်တွေကို သပ်တင်လိုက်ရင်း မှန်ထဲက သူ့ပုံရိပ်သူ ပြန်ကြည့်မိတယ်။
နောက်ပြီး သူသိပ်ကြည့်ကောင်းတဲ့အကြောင်း ကောက်ခါငင်ခါ တွေးမိသေးတယ်။
မတတ်နိုင်။သူ့အတွက် ရုပ်ချောနေတာက အားနည်းချက်ပဲ။ ရေကူးကန်မှာ တော်တော်ကြာ ရေအေးတွေနဲ့ ထိတွေ့ခဲ့ပြီး ရေနွေးနွေးနဲ့ ရေချိုးခဲ့တဲ့ သူ့ရဲ့ ရင်အုပ်သားဖြူဖြူတွေက သိသိသာသာ ပိုလို့ ဖြူနေတယ်။
" မင်းရဲ့ အဝတ်ဗလာနဲ့ပုံစံကို သူများတွေ မြင်မှာ ကိုယ်မကြိုက်လို့ "
အကြောင်းပြချက်မရှိ နားထဲ ပြန်ကြားယောင်မိတဲ့ အဲ့ဒီစကားမှာ ရှောင်းကျန့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထသွားတော့တာပဲ။
" ချီး .. အဲ့ဒီလူက ပရော်ဖက်ဆာဖြစ်ဖို့ စာတွေ အများကြီး ဖတ်ပြီး ပုံမှန်မဟုတ်တော့တာလား "
ခေါင်းကို နှစ်ချက်လောက်ဆင့်ခါပစ်ပြီး အတွေးတွေ ဖယ်ရှားပစ်လိုက်တယ်။ အစားထိုး တွေးလိုက်တာကတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ ဂိမ်းဆိုင်ဆီ လစ်ဖို့ပဲ။
" you want me.. I want you babe
my sugarboo..."
လော့ခ်ကာတွေဘက်သွားပြီး သူ့ရဲ့လော့ခ်ကာအခန်းကို ဆွဲအဖွင့် ညည်းနေတဲ့ သီချင်းတောင် ရပ်လိုက်မိတယ်။ အစီအရီထပ်ထားတဲ့ အဖြူရောင်ပဝါထည်တွေနဲ့ energy drink ဘူးတစ်ဘူးက သူ့ရဲ့ လော့ခ်ကာ အပေါ်ထပ်မှာ အခန့်သား နေရာယူထားတယ်။
အောက်ထပ်မှာတော့ သူပစ်ထည့်ခဲ့တဲ့ ကျောပိုးအိတ်နဲ့ အခြားပစ္စည်းတွေက ဖရိုဖရဲဖြစ်ကောင်းဆဲ။
သက်ပြင်းချသံနောက်မှာ ခပ်ဟိုက်ဟိုက်ရယ်သံ တိုးတိုးတစ်ခု ကပ်ပါတယ်။ ဒါ ဘယ်သူလာထားသွားလဲ တွေးစရာမလိုလောက်အောင် ရှောင်းကျန့် သိနေခဲ့တယ်။
အအေးဘူးအခွံတစ်ခုကို ကော်ရစ်တာထောင့်က အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ရှောင်းကျန့် ခပ်သွက်သွက် ထွက်လာခဲ့တယ်။ အတန်းချိန်တွေ ပြီးသွားတဲ့ အချိန်မို့ စာသင်ဆောင်တွေမှာ ကျောင်းသား အနည်းငယ်သာ ရှိနေတော့တယ်။
ရှောင်းကျန့်ရဲ့ ဦးတည်ရာက ကျောင်းအပြင်ဘက်က ကားဂိတ်ဆီသာဖြစ်တယ်။ သူတွေးနေသမျှကတော့ သူငယ်ချင်းကောင်တွေနဲ့ တွေ့ရင် ဂိမ်းကို ဘာကြေးပြိုင်ဆော့ရမလဲ ဆိုတာပဲ။
အနောက်ကနေ လက်တစ်ဖက်လှမ်းဆွဲခံလိုက်ရတဲ့ အရှိန်ကြောင့် နားတစ်ဖက်က နားကြပ်ကြိုးက အလိုလိုပြုတ်ကျတယ်။ အလန့်တဖြန့်နဲ့ လှည့်ကြည့်မိတော့ ပုံမမှန်တဲ့ ပရော်ဖက်ဆာဝမ်ကို သူတွေ့တယ်။ ဝင်တော့မယ့် နေရောင်ဟပ်နေတဲ့ မျက်မှန်အောက်က မျက်ဝန်းတွေက ကြည်လဲ့နေတယ်။
" အခုမှ ပြန်မှာလား ... အတန်းချိန်တွေက အစောကြီးပြီးတာမလား "
" အင်း ကျွန်တော် ကလပ်မှာ လုပ်စရာရှိနေလို့ "
" အော်.. အဲ့ဒါဆို အခု ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ် "
" ဟင် ရပါတယ် ကျွန်တော့ဖာသာပြန်လိုက်ပါ့မယ် "
ဝမ်ရိပေါ် သာ တကယ်လို့များ ပရော်ဖက်ဆာ မဟုတ်ရင် ရှောင်းကျန့် အော်ဆဲရေးမိမှာ သေချာပါတယ်။ ကားဆီ အတင်းဆွဲခေါ်လာပြီး အတင်းအိမ်ပြန်လိုက်ပို့ပေးချင်နေတဲ့ ပရော်ဖက်ဆာကို သူ ဘယ်လို နားလည်ရမလဲ မသိတော့။
ကျောင်းသားတွေအကုန် ကြောက်ရတဲ့ ပရော်ဖက်ဆာမှ ဟုတ်ရဲ့လား။ ကျောင်းသားတွေထဲမှာမှ ကံက သူ တစ်ယောက်ထဲ ကွက်ပြီးဆိုးသလား။
" ကျွန်တော် အိမ်ပြန်မှာမဟုတ်ဘူး "
Lover seat မှာ ထိုင်နေရင်း ပြောတဲ့ ရှောင်းကျန့် ကြောင့် ထိုင်ခုံခါးပတ်ပတ်နေတဲ့ ဘေးက ရိပေါ် စောင်းကြည့်လာတယ်။ သူ့စကားအတွက် နည်းနည်းလေးတောင် အံ့သြပုံမပေါ်တဲ့အပြင် ပြုံးပြန်တယ်။
အချိန်တိုင်း ပြုံးနေတော့မှာလား ။
သူ့မှာ ဘာတွေသဘောကျစရာရှိနေလို့လဲ။
တွေးရင်းသာ ပင်ပန်းသွားမယ်။ရှောင်းကျန့် အဖြေရှာတွေ့မယ်မထင်။
" ဘယ်သွားမှာလဲ လိုက်ပို့ပေးမယ် "
ချိန်းထားတဲ့ ဂိမ်းဆိုင်ရှိတဲ့ နေရာကို ပြောမိတော့ ပြန်ပြောလာတဲ့စကားက " တိုက်ဆိုင်လိုက်တာ ကိုယ်က အဲ့နားမှာ နေတာ " တဲ့။ ရှောင်းကျန့်အတွက်တော့ သောက်ကျိုးနည်း တိုက်ဆိုင်မှုကြီးပေါ့။
" ခါးပတ်မပတ်ဘူးလား "
ပြောရင်းနဲ့ ခန္ဓာကိုယ်ကို ရှောင်းကျန့်ရှိတဲ့ဘက်ဆီ ကိုင်းပြီး ထိုင်ခုံခါးပတ်ပတ်ပေးလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ယောင်ယမ်းပြီး အသက်ရှူအောင့်လိုက်ရတယ်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက သိပ်နီးကပ်လွန်းတယ်။
" အဟမ်း.. ကျွန်တော် ကလပ်က မထွက်နိုင်ဘူး "
ချီးပဲ။ ပြောမိပြောရာ ပြောလိုက်မိတဲ့ စကားက ဘယ်နှယ့်ကြောင့် တလွဲတွေ ဖြစ်ရတာလဲ။ ပရော်ဖက်ဆာနဲ့ သိပ်နီးနီးကပ်ကပ်ရှိနေတဲ့အချိန် ပုံမှန်မဟုတ်တဲ့ ဓာတ်တွေ ကူးစက်သွားသလိုပဲ သူ့မှာ စောက်တလွဲတွေဖြစ်ရတယ်။
" ကိုယ်က ဘာပြောနေလို့လဲ အခု... "
" ကျစ်...ခင်ဗျား "
ရှောင်းကျန့် ရိပေါ်ရဲ့ ကိုယ်ကို တွန်းထုတ်လိုက်တော့ ရိပေါ်ဆီက ရယ်သံတိုးတိုး ကြားမိလိုက်သေးတယ်။
" ကြိုက်တယ်... "
" ဟမ် "
" မင်း ကိုယ့်ကို ခင်ဗျားလို့ ခေါ်တာကို "
ဆွံ့အသွားရတာကတော့ ရှောင်းကျန့် ကိုယ်တိုင်။
သူ တထစ်ချယုံလိုက်မိတာကတော့ သူ့ဘေးက ပရော်ဖက်ဆာက ပုံမှန်လုံးဝမဟုတ်တာကိုပဲ။
ကားမောင်းလာတဲ့ တစ်လမ်းလုံးက တိတ်တဆိတ်ပဲ။ ကားမောင်းရင်း သူ့ဘက် လှည့်လှည့်ကြည့်တဲ့ ရိပေါ်ကို ရှောင်းကျန့် မသိချင်ယောင်ဆောင်ပစ်တယ်။ နားကြပ်တပ်ထားပေမယ့် သူ ဘာသီချင်းမှ ဖွင့်မထားမိတာကို ရောက်ခါနီး မိနစ်ပိုင်းအလိုမှ သူသိတယ်။
" ရောက်ပြီ ... ညဥ့်နက်တဲ့အထိ မနေနဲ့နော် နောက်အပတ်ဆို Tutorial တွေ စတော့မှာ စာကြည့်အုန်း "
" အင်း လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်
ကျွန်တော် သွားတော့မယ် "
ကျောပိုးအိတ်ကို တစ်စောင်းသာလွယ်ပြီး ရှောင်းကျန့်ကားပေါ်က ဆင်းလာခဲ့တယ်။ ရောက်နှင့်နေပြီဖြစ်တဲ့ သူငယ်ချင်းတွေကြောင့် ဆိုင်ထဲ ခပ်မြန်မြန် ဝင်သွားတာမို့ ရပ်ထားပြီး ပြန်မထွက်သွားတော့တဲ့ ပရော်ဖက်ဆာရဲ့ ကားကိုတော့ သူ သတိမထားမိတော့။
သူ တွေးနေမိတာကတော့ ပရော်ဖက်ဆာဝမ်လို ဆရာမျိုးနဲ့ အလယ်တန်း အထက်တန်း ကာလတွေမှာ မတွေ့ခဲ့ရတာပဲ။ အဲ့လိုသာဆို သူ ကျူရှင်တွေ ပြေးခဲ့စရာလိုမှာမဟုတ်တော့။
ဒီအင်တာနက်ဂိမ်းဆိုင်က ရှောင်းကျန့်တို့တက်ခဲ့တဲ့ ကျူရှင်နားမှာရှိတယ်။ အလယ်တန်းထဲက ကျောင်းတွေပြေး ကျူရှင်တွေပြေးပြီး လာဆော့နေကြမို့ ဆိုင်ရှင် ဦးလေးကျန်းနဲ့ အတော်ပင်သိကျွမ်းနေကြပြီ။
" ဟေ့ကောင်တွေ ငါ့လာကယ်ပါအုန်း "
" ငါသေပြီ ချီးပဲ... "
ရှောင်းကျန့်တို့အဖွဲ့ တစ်ယောက်တစ်ပေါက်နဲ့ ဂိမ်းဆော့ရင်း ဆူညံနေတယ်။ ကီးဘုတ်ပေါ်က လက်ချောင်းတွေကို ရွေ့လျားနေရင်းနဲ့ပဲ ရှောင်းကျန့် ကောင်တာဆီ လှမ်းကြည့်တယ်။
မစားရတာ လနဲ့ချီပြီးကြာနေပြီဖြစ်တဲ့ ဒီဂိမ်းဆိုင်က ခေါက်ဆွဲပြုတ်ကို သူတစ်ယောက်တည်းအတွက် နှစ်ပွဲမှာထားသည်လေ။ ဂိမ်းဆီ ပြန်အာရုံရောက်နေတုန်းမှာပဲ အနားရောက်လာတဲ့ ခေါက်ဆွဲနံ့လေးက သူ့ရဲ့ အစာအိမ်ကို ဂွီခနဲမြည်သွားစေတယ်။
" ကျေး... "
ရှောင်းကျန့်ရဲ့ ကျေးဇူးတင်စကားက မဆုံးခင်မှာပဲ လည်ချောင်းဝမှာတင် ပျောက်ရှသွားတာက သူ့ဆီ ခေါက်ဆွဲဘူးတွေ လာချပေးတဲ့ လူရဲ့ မျက်နှာကြောင့်သာဖြစ်တယ်။
" ပ..ပရော်ဖက်ဆာ " ။