'ကျွန်တော်ကတော့ ဆင်ခြေပေးဖို့အတွက် ပြင်ရတော့မယ် ထင်တယ်'
အနောက်က ထွက်လာတဲ့ရယ်သံနဲ့အတူ အနောက်ကနေ ကျွန်တော့်ကို ပွေ့ဖက်လာတာကြောင့် မနက်စာပြင်နေတဲ့ ကျွန်တော့်ရဲ့လက်တွေကို အမြန်ရပ်တန့်ပစ်လိုက်သည်။
'ဘာဆင်ခြင်လဲ'
'Guitarက ကျွန်တော့်ထက် စောပြီး ထပြန်ပြီလေ…' ကျွန်တော့်ရဲ့ဂုတ်သားတွေကို ငုံ့ပြီးနမ်းလာတဲ့ခေါင်းလေးကြောင့် ကြက်ဥမွှေနေတဲ့လက်ကို ရပ်ပြီးတော့ ထိုခေါင်းလေးကို အသာလေးပုတ်ပြီး ရပ်ခိုင်းလိုက်သည်။
'အဲ့ဒါဆို အစ်ကိုက အိပ်ယာပေါ်မှာ လှဲနေရမှာလား' ကျွန်တော် ရယ်မောပြီးတော့ ခွေးပေါက်လေးရဲ့ခေါင်းကို ပုတ်ပေးနေတဲ့လက်ကို ချလိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် နောက်ကို လှည့်လိုက်သည်။ 'ဒါက ဒရမ်မာကားတွေမှ မဟုတ်တာ… အစ်ကိုက ထမရဘူးဆိုရင်တောင်မှ အဲ့ဒါက… နည်းနည်းပါးပါးပါပဲ… ပြီးတော့ အစ်ကိုက အလတ်ကြီးရှိသေးတဲ့လူငယ်တစ်ယောက်ပဲလေ…'
'အကြမ်းခံ… အမ်…'
'ဘာလဲ' ခွေးပေါက်လေးရဲ့မျက်နှာက ပြောင်းလဲသွားတာကို မြင်လိုက်တာနဲ့ ကျွန်တော် မျက်မှောင်ကြုတ်ထားပြီး ပြောလိုက်မိသည်။ ခွေးပေါက်လေးရဲ့တည်နေတဲ့မျက်နှာထားက ချက်ချင်းဆိုသလို ပြုံးသွားတာက သိပ်ပြီးယုံကြည်စရာမကောင်းဘူး။
'အဲ့ဒါဆို ပြန်စရအောင်လေ…' Soloက ပြောနေရင်းနဲ့ ကျွန်တော့်ရဲ့ခါးကို ဆွဲဖက်လိုက်သည်။
'အမ်… So ရေမချိုးရသေးဘူး မှတ်လား။ ကပ်စေးကပ်စေးဖြစ်နေတယ်' အတွေးထဲမှာတော့ ခွေးပေါက်လေးလုပ်တာကို ရပ်ပစ်ဖို့ပဲ… အခွင့်အရေးရတာနဲ့ တန်းပြီး ထွက်ပြေးမှာ… ဒါပေမယ့် ခွေးပေါက်လေးရဲ့မျက်နှာက ပိုပြီးတော့ ပြုံးဖြီးလာတာကို တွေ့လိုက်ရသည်။
'ညတုန်းကမှ Guitarနဲ့အတူတူ ရေချိုးထားတာကို… မနံပါဘူးဗျ…'
ကျွန်တော် မျက်လုံးအပြူးသားဖြစ်သွားပြီးတော့ အရှေ့မှာရှိနေတဲ့လူကို ကြည့်နေမိသည်။ တကယ့်ကို မယုံကြည်နိုင်စရာဘဲ… ဒါက ကလူနေတယ်ဆိုတာကို သိပေမယ့်လည်း အခြားတစ်ဖက်မှာတော့ ကျွန်တော့်ကို အခုလိုမျိုး ရှက်အောင် လုပ်နေသည်။
'အစ်ကို့ကို လွှတ်တော့… အစ်ကို ဟင်းချက်ရဦးမှာ… နောက်ပြီး အစ်ကိုတို့ ဒီနေ့ သွားစရာရှိသေးတယ် မှတ်လား။ So ရေအမြန်သွားချိုးတော့…' ခွေးပေါက်လေးက ကျွန်တော် ပြောတဲ့စကားကို ငြင်းဆန်ဖို့လုပ်နေတဲ့အချိန်မှာ ကျွန်တော် တစ်ဖက်သို့ အမြန်လှည့်လိုက်သည်။ သူက ကျွန်တော့်ရဲ့ခါးကို ဖက်ထားတုန်း… ခေါင်းက မော့လာပေမယ့်လည်း လုံးဝမခွာသေးဘူး။
'အခုလိုမျိုး သန်မာနေတာဆိုတော့… နောက်တစ်ခါကျရင် တစ်ကြိမ်ပြီးရုံလောက်နဲ့ မရပ်လို့ ရတယ်ပေါ့… ဟုတ်လား'
'So! ဘာလို့ အဲ့လိုမျိုးဖြစ်သွားရတာလဲ!'
သဘောကျစွာ ရယ်နေတဲ့ကောင်လေးကို ကျွန်တော် အမြန် တွန်းထုတ်လိုက်ပြီး အခြားတစ်ဖက်သို့ လျောက်သွားလိုက်သည်။ အခု ကျွန်တော့်ရဲ့မျက်နှာက ဘယ်လောက်ထိ ရဲတွတ်နေမလဲဆိုတာကို မှန်မှာ သွားကြည့်စရာတောင် မလိုဘူး။
ကျွန်တော်က ဖြစ်ပြီးသွား… အယ်… မနေ့ညတုန်းက အခြေအနေကို ကျော်ဖြတ်ပြီးသွားပြီဆိုပေမယ့်လည်း ကျွန်တော်က အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရဲတင်းလာပြီလို့ ပြောတာမှ မဟုတ်တာ… ဒီအတိုင်း မတ်တပ်ရပ်ပြီး စကားပြောနေတာကပဲ လွန်နေပြီ။ အခုလိုမျိုး စနောက်ပြီး အပြောခံရတာက နည်းနည်းတော့…
နေရခက်တယ်။
'ရေသွားချိုးတော့မယ်'
'ခွေးရူးကြီး…' အလစ်သုတ်ပြီး အခွင့်အရေးယူနေတဲ့ ကျွန်တော့်ပါးပြင်ပေါ်က လက်ကို အမြန်လှမ်းဖမ်းပေမယ့် မမိလိုက်… အဲ့ဒီအချိန် မီးဖိုးချောင်ထဲ ဝင်လာတဲ့ ခန့်ညားတဲ့လူတစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။ အသံသာ ဒီထပ်ပိုကျယ်သွားရင် ဒီအိမ်မှာ ရှိတဲ့လူတိုင်းက ကြားကြမှာပဲ… အဲ့လိုသာဆိုလို့ကတော့ ပိုပြီးရှက်စရာတွေ ဖြစ်လာမှာ…
'Khun Gui… ကျွန်တော် ဘာကူပေးရမလဲ'
'Khun Jay ဘယ်အချိန်ကတည်းက ရောက်နေတာလဲ' ကျွန်တော် မပြုံးချင် ပြုံးချင်နဲ့ Khun Jay မရိပ်မိလာအောင် ပြုံးပြလိုက်သည်။ ကြည့်ရတာတော့…
'သခင်လေး အပေါ်ထပ်က ဆင်းလာကတည်းကပါ…'
မဟုတ်မှလွဲရော…
'ဟမ်…'
'ဘာချက်နေတာလဲ'
Khun Jayက မသိချင်ယောင်ဆောင်ပေးတာကြောင့် ကျွန်တော် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။ အဲ့နေရာမှာ Khun Jayမဟုတ်ဘဲ သခင်ကြီး ဒါမဟုတ် ဟိုအဆိုးလေးသာဆိုရင်တော့… တွေးတောင် မတွေးရဲ…
'ကျွန်တော် ထိုင်းစာ ချက်မလားလို့…' Khun Jayကို ကျွန်တော် ကြိုးစားပြီး ပြုံးပြလိုက်ကာ… 'အရင်နေ့တွေတုန်းက အနောက်တိုင်းစာတွေပဲ စားနေရတော့ Soက ပင်စိမ်းဟင်းကို စားချင်လောက်မယ်လို့ ထင်မိလို့လေ…'
'ကောင်းတာပေါ့… သခင်ကြီးလည်း အဲ့ဒါကို အရမ်းကြိုက်တာ…'
Khun Jayက သူ့ရဲ့အကျီလက်တွေကို ခေါက်တင်ပြီး ကျွန်တော့်ဘေးနားလျောက်လာကာ လက်တွေကို ဆေးနေသည်။ Khun Jayပုံစံအနေအထားက စားဖိုဆောင်က တကယ့်စားဖိုမှူးတစ်ယောက်လိုပဲ…
'သခင်ကြီးရော Soရော ပြောတာကတော့ Khun Jayရဲ့လက်ရာက ကောင်းတယ်တဲ့… ကျွန်တော်တော့ တစ်ခါမှ စားခွင့်မရခဲ့ဘူး။ ဒီတစ်ခါတော့ ကျွန်တော် စားရတော့မယ်'
'အဲ့လောက်ထိလည်း မဟုတ်ပါဘူး' Khun Jayက ရယ်ပြီးတော့… 'ကျွန်တော့်ရဲ့လက်ရာက သခင်ကြီးတို့အကြိုက်နဲ့ သွားကိုက်နေတာ နေမှာပေါ့…'
ကျွန်တော်နဲ့ Khun Jayက ဟင်းချက်ရင်း စကားပြောနေမိသည်။ ကျွန်တော်က… အများကြီး လှုပ်ရှားလို့ မရသေးဘူးဆိုတာကို သူ သိနေတဲ့ပုံပဲ… အဲ့ဒါကြောင့် ခုံမှာပဲ ထိုင်ပြီးတော့ ဟင်းချက်စရာတွေကိုပဲ ပြင်ပေးရတာ… နည်းနည်းလောက်တော့ ရှက်မိတယ်ဆိုပေမယ့်လည်း Khun Jayကို တကယ်ကျေးဇူးတင်မိတာ… သူ့ကျေးဇူးကြောင့်သာ နေရမခက်ဘဲ ပုံမှန်အတိုင်း ဆက်လုပ်နိုင်တာ… ဒါပေမယ့် လမ်းလျောက်တော့လည်း လမ်းလျောက်လို့… ထိုင်နေတော့လည်း ထိုင်တာကြာတော့ နာပြန်ရော…
မနေ့ညက အကြောင်းကို ပြောပြရရင်တော့…
မထင်မှတ်ဘဲ ဖြစ်သွားတယ်ဆိုတာကို ကျွန်တော် ဝန်ခံသည်။ ကျွန်တော်ရော Soရော နှစ်ယောက်စလုံး မူးနေတာမဟုတ်ဘူးဆိုတာကို သိထားပြီးသား… ဒါပေမယ့် ကျွန်တော်တို့ နီးကပ်လာတဲ့အချိန်မှာ ခံစားချက်တွေက အဲ့ဒါကိုပဲ ဦးတည်သွားတာလေ… ခွေးပေါက်လေးက သူ့စိတ်ကို ထိန်းထားနိုင်ဖို့အတွက် ကြိုးစားနေတာ… သူ့ရဲ့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့တင် ကျွန်တော် သိသည်။ အဲ့ဒါကြောင့်ပဲ… ကျွန်တော့်ဘက်က အရင်အစပျိုးပေးခဲ့တာ… ဘာကြောင့်လဲဆိုတာကို မေးလာရင်တော့ ကျွန်တော့်မှာ အဖြေမရှိဘူး။ ခွေးပေါက်လေး ပျော်ရွင်နေတာကိုပဲ ကျွန်တော် သိသည်။ ကျွန်တော်လည်း ပျော်တယ်လေ… အဲ့ဒါနဲ့တင် အကြောင်းပြချက်က လုံလောက်နေပြီလို့ ကျွန်တော် ထင်သည်။ အစပိုင်းက နာပေမယ့်လည်း Soက ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးခဲ့တာ… ကျွန်တော် တစ်ချက်တွန့်သွားတဲ့အချိန်တိုင်းမှာ နာကျင်မှုကို သက်သာသွားအောင် ချော့မြှူပေးခဲ့သည်။ အဲ့လိုလုပ်ပေးတာတွေကြောင့် ကျွန်တော်က အမှားတစ်ခုကို လုပ်မိသလိုမျိုး ခံစားနေရတာ…
အခုနောက်ပိုင်း ကျွန်တော့်ရဲ့ခွေးပေါက်လေးက အရမ်းပျော်ရွင်နေသည်။ အင်္ဂလန်ကို စလာကတည်းကလား။ ဒါမှမဟုတ် သခင်ကြီးနဲ့ အဆင်ပြေသွားတဲ့အချိန်ကတည်းကလို့ ပြောလို့ရမယ်။ So ပိုပြီးစကားပြောလာတယ်။ မျက်နှာပေါ်မှာလည်း စိတ်ခံစားချက်တွေကို ပိုပြီးဖော်ပြလာတယ်။ အဲ့ဒါတွေက မိသားစုဝင်တွေအတွက်ပဲဆိုပေမယ့် ကျွန်တော်ကတော့ ရလဒ်က အရမ်းကောင်းတယ်လို့ ခံစားနေမိသည်။ ကျွန်တော့်စိတ်ထဲမှာ စိတ်ဆိုးနေတယ်လို့ ထင်ရအောင် နေပြလိုက်တဲ့အချိန်မှာ သူ့ရဲ့တည်သွားတဲ့မျက်နှာလေးကို ကြည့်ပြီး ခိုးရယ်ရတာအခါခါ… ခွေးပေါက်လေးကတော့ သူ ဘယ်လိုဖြစ်နေလဲဆိုတာကို သတိထားမိလိမ့်မယ်လို့ မထင်ဘူး။
'စုံရင် သွားကြမယ်လေ…'
Khun Jayက အားလုံးခေါ်လိုက်သည်။ ကားထဲ မဝင်ခင်မှာလည်း အိတ်တွေပါ သေချာစစ်ခဲ့သေးတာ…
အခုက ကျွန်တော်တို့ အားလုံး သဘောတူပြီး စီစဉ်ထားတဲ့နေရာကို သွားနေတာ… တည်နေရာကတော့ နာမည်ကြီးတဲ့ဗြိတိန်မြို့လေးထဲက ရေကန်အကြီးအကြီးရှိတဲ့စံအိမ်လေး… ဒီခရီးသွားဖြစ်တဲ့အကြောင်းကို ပြောရမယ်ဆိုရင် ဒီနေရာကို သွားဖို့အတွက် အရင်ဆုံးအကြံပေးခဲ့တဲ့လူက Kao… ရထားနဲ့ သွားကြမယ်တဲ့… သူက ခရီးအကြောင်းပြောပြတဲ့အချိန်မှာ အားလုံးက သဘောတူခဲ့ကြတာ… ကျွန်တော်ကတော့ ပြသာနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်နေရာရာကို ခရီးထွက်ရတာနဲ့တင် တော်တော်မိုက်နေပြီ။
ဒီနိုင်ငံမှာ ရှိတဲ့လူတွေရဲ့ဓလေ့စရိုက်နဲ့ ကျွန်တော့်မွေးရပ်မြေက လူတွေနဲ့က လုံးဝကို ကွာခြားသည်။ အခုလိုမျိုး ရထားနဲ့ခရီးသွားရတဲ့အချိန်မှာ ပိုပြီးတော့တောင် မြင်လိုက်ရသေးသည်။ ခဏလောက်ကြာပြီးတဲ့အချိန်မှာ ဆိပ်ကမ်းနားကို ရောလာခဲ့သည်။ N'Moonလေးကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်ပါဝင်စားစွာနဲ့ ငေးကြည့်နေတာ… ပြောစကားနားထောင်တာပဲ ကံကောင်းသည်။ မဟုတ်ရင် လျောက်ပြေးနေမှာ… အခုတော့ သခင်ကြီးရဲ့ဘောင်းဘီစလေးကိုပဲ ဆွဲကိုင်ထားသည်။ ကျွန်တော့်စိတ်ထင် ကျွန်တော်က N'Moonလေးထက်တောင် ငြိမ်ငြိမ်မနေဘူးလားလို့… ဘာလို့လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်က ရေကန်ကြီးက ဆွဲညှို့နေတာကို ခံနေရပြီလေ…
ဒါပေမယ့် ခွေးပေါက်လေးက ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ထားကိုတော့ ကျွန်တော် သတိထားမိသည်။
'N'Moon… အဲ့ဒါ ဘာလေးလဲ'
'ဘုတ် လှေပါ'
'ပြီးတော့ ဒါကရော…'
'ဘဲတွေ အများကြီးပဲ…'
အင်္ဂလိပ်လို အမေးအဖြေလုပ်နေတဲ့Khun Jayတို့ကို ကျွန်တော် လှမ်းကြည့်လိုက်မိသည်။ Khun Jayက ဒီကလေးအတွက် အသင့်တော်ဆုံးအမေတစ်ယောက်ပဲဆိုတာကို မတွေးကြည့်မိဘဲ မနေနိုင်ဘူး။ ဒီအတိုင်း ပြုံးပြီးတော့သာ ရပ်ကြည့်နေမိသည်။
'ရေကန်နဲ့ ဒီထပ်ပိုပြီးနီးတဲ့နေရာကို သွားချင်လား' Soက တိုးတိုးလေးပြောလာတာကြောင့် ကျွန်တော် လှည့်ကြည့်ပြီးတော့ ခေါင်းညိမ့်ပြလိုက်သည်။ 'ကျွန်တော် Guitarကို ခေါ်သွားပေးမယ်'
'အဲ့ဒါဆို အားလုံး ဒီဆိပ်ကမ်းမှာပဲ ပြန်ဆုံကြမယ်လေ…'
Kaoက မှာပြီးတာနဲ့ မြို့လေးထဲသို့ အရင်ဆုံး သွားနေသည်။ သခင်ကြီးကကျတော့ ဘာမှမပြောဘဲ ခေါင်းညိမ့်ပြနေတာ… Kaoပြောတာကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ N'Moonလေးနဲ့အတူ စကားပြောနေတဲ့ Khun Jayကိုပဲ ငေးကြည့်နေတာလေ…
'သွားရအောင်လေ…'
Soက ကျွန်တော့်ရဲ့လက်ကို ဆွဲကိုင်ပြီးတော့ ဆိပ်ခံတံတားဆီ သွားနေသည်။ အဲ့ဒီနေရာကို ရောက်တော့ ခွေးပေါက်လေးက ကျွန်တော့်ကို လွှတ်ပေးလိုက်တဲ့အချိန်မှာ ဘာအကြောင့်မှန်းမသိ ကျွန်တော် ပြေးသွားလိုက်မိသည်။
နေ့လို့ကောင်းတဲ့ရာသီဥတုက ကျွန်တော့်ကို ဘာစကားမှ မပြောနိုင်လောက်တဲ့အထိကို ခံစားလို့ကောင်းနေတာ… လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့မိတာကြောင့် ပြောင်းလဲသွားတဲ့ ကျွန်တော့်ဘဝကြီးက တကယ်ကို မိုက်လွန်းသည်။ အကယ်၍ ကျွန်တော်သာ ခွေးပေါက်လေးနဲ့ မဆုံတွေ့ခဲ့ဘူးဆိုရင် ပင်လယ်ကြီးကို ကြည့်ခွင့်လည်း ရမှာမဟုတ်သလို ဒီနေရာကိုလည်း လာမိမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က ဘယ်လောက်ထိ သဘာဝတရားကြီးကို ချစ်မြတ်နိုးလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ဘူး။
ရေကန်ရဲ့ထောင့်နားလေးမှာ ဆောင့်ကြောင့်ထိုင်နေရင်း ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ခွေးပေါက်လေးကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ ခွေးပေါက်လေးက ကျွန်တော့်ကို ပြန်လှည့်ကြည့်ပြီး ကျွန်တော့်ရဲ့ခေါင်းကို အသာလေး ပုတ်သပ်ပေးလာသည်။
'အခုလိုမျိုး ပြေးလွှာနေတာက သက်သာသွားပြီဆိုတဲ့သဘောပေါ့…'
'အဲ့အကြောင်းကို မပြောလို့ မရဘူးလား' ရဲတက်လာတဲ့ ကျွန်တော့်မျက်နှာကို ဖုံးကွယ်ထားဖို့အတွက် တစ်ဖက်ကို လှည့်ကြည့်လိုက်သည်။ သဘောကျစွာနဲ့ ရယ်မောနေတဲ့လူကို ကြည့်မနေတော့ဘဲ ရေကန်ကြီးကိုသာ ကြည့်နေမိသည်။
'Guitarက တကယ်ကြီးကို သန်မာတာပဲ… ညတုန်းက မလှုပ်နိုင်တာတောင် မနက်ကျတော့ စောစောနိုးပြီး မနက်စာပါ ထချက်သေးတယ်။ အခုကျပြန်တော့လည်း ခရီးသွားနိုင်တဲ့အပြင် ပြေးလွှားနိုင်သေးတာပဲ…' Soက ကျွန်တော့်ဘေးနားမှာ ထိုင်ချလိုက်ပြီးတော့ ကျွန်တော့်ရဲ့ပုခုံးကို ဆွဲယူပြီး သူ့ကို လှည့်ကြည့်ခိုင်းလာသည်။
အဲ့လိုကြည့်မိလိုက်တာက အကြီးမားဆုံးသော မဟာအမှားပဲ…
ကျွန်တော့်အရှေ့မှာ ရှိနေတဲ့လူကို တွန်းထုတ်ပြီးတော့ တစ်ဖက်ကို အမြန်လှည့်လိုက်သည်။ ဘာလို့လဲဆိုတော့ တလဲ့လဲ့တောက်ပနေတဲ့ခွေးပေါက်လေးရဲ့မျက်လုံးက ကျွန်တော့်ကို လမ်းပျောက်သွားအောင် လုပ်နိုင်တယ်လေ…
'ချစ်စရာလေး…'
'အပိုတွေ…'
'ချစ်စရာလေးပါဆို…'
'So!'
'စကားပြောရင် ပိုချစ်စရာကောင်းတယ်။ မျက်နှာလေးက ရှက်ပြီး ရဲတက်လာရင် ပိုပြီးတော့ ချစ်စရာကောင်းတယ်'
'So!' ထိုခွေးပေါက်လေး မျက်ရည်ကျလာတဲ့အထိ သူ့ရဲ့ပါးပြင်တွေကို အားနဲ့ ဆွဲလိုက်သည်။ ခွေးပေါက်လေးက ပါးကို ပွတ်သပ်နေတဲ့အချိန်မှာ တစ်ဖက်ကို လှည့်နေဖို့အတွက်ကိုလည်း ကျွန်တော် မမေ့ခဲ့ပါ။
'နာတယ်ဗျ…'
'…'
'နာတယ်… Guitar ကြည့်ပေးပါဦး'
'မကြည့်ဘူး'
'ကြည့်ပေးပါနော်…'
'…'
အမှန်တိုင်းပြောရရင် ကျွန်တော် ကန်လို့သာ ရမယ်ဆိုရင်လေ… ဘေးနားက ခွေးပေါက်လေးကို လှိမ့်သွားအောင် ကန်ပစ်လိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော်မှ မလုပ်ရက်တာ… အဲ့ဒါနဲ့ တစ်ဖက်ကို လှည့်ပြီး နီရဲနေတဲ့ပါးပြင်လေးကို ကြည့်လိုက်မိသည်။ ကျွန်တော် ဆွဲထားတဲ့ပါးပြင်လေးက ရဲတွတ်နေတာပဲ…
အခုက ကျွန်တော့်ကို လှည့်စားနေတယ်ဆိုတာကို သိပေမယ့်လည်း ကျွန်တော်က ခွေးပေါက်လေးနဲ့ ပတ်သတ်လာရင် ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်ပျော့တယ်လေ…
'ရဲတွတ်နေတာပဲ…' ကျွန်တော် အားနာသွားတဲ့စိတ်နဲ့ မေးလိုက်မိသည်။ ဒီတစ်ခါတော့ ကျွန်တော် လွန်သွားတဲ့ပုံပဲ… နီရဲနေတဲ့ပါးပြင်က ခဏလေးနဲ့ ပျောက်မသွားဘူး။
'ဒီလိုလေး ကိုင်ထားရင် ပျောက်သွားလိမ့်မယ်' ခွေးပေါက်လေးက ပြောနေရင်းနဲ့ ကျွန်တော့်ရဲ့လက်ကို ကိုင်ကာ သူ့ရဲ့ပါးပြင်ပေါ်တင်ထားပြီး မျက်လုံးတွေကို မှိတ်ထားသည်။ သူ့ရဲ့ပျော်ရွင်နေတဲ့အမူအရာကို ကျွန်တော် ကြည့်နေရင်း မပြုံးမိဘဲ မနေနိုင်ဖြစ်မိသည်။
'တော်သင့်ပြီ' ကျွန်တော် သတိပေးလိုက်ပေမယ့်လည်း ကျွန်တော့်ရဲ့လက်ကိုတော့ ဆွဲမထုတ်ခဲ့ဘူး။ Soက ခေါင်းညိမ့်ပြလာပြီး မျက်လုံးကို ပြန်ဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။
'သွားရအောင်လေ…' ကျွန်တော် ထလို့ရအောင် သူက လက်ကမ်းပေးလာသည်။ ကျွန်တော် မတ်တပ်ရပ်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ဆုံရပ်အနေနဲ့ချိန်းထားတဲ့ နေရာသို့ လောက်သွားလိုက်သည်။
အလယ်လတ်အရွယ်အစား ဇိမ်ခံသဘောင်္ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အဲ့ဒီအပေါ် တက်လိုက်သည်။ ကျွန်တော်တို့က စီးလုံးဌားထားတာ… သဘောင်္မောင်းတဲ့လူက ကျွန်တော်တို့ စောင့်နေတာကို မြင်တော့ ချက်ချင်းပြေးလာပြီး တောင်းပန်ပေမယ့် Soနဲ့Kaoက ဘာမှမပြောဘူး။ သခင်ကြီးကတော့ ခေါင်းသာညိမ့်ပြလိုက်တယ်။ ကျွန်တော်နဲ့ Khun Jayက နေရခက်ပြီး သူတို့အနောက်ကနေ လိုက်ရုံပဲရှိတော့တာပေါ့…
သခင်ကြီးနဲ့ Soက အဲ့လိုအမူအရာမျိုးနဲ့ နေသားကျနေပြီးသား… အဲ့ဒါက သူတို့ပုံစံပဲလေ… မောင်ပြာတာလေးကလည်း တစ်ခုခု လုပ်စရာရှိနေသလိုမျိုး သဘောင်္ကို ပတ်ကြည့်နေသည်။
'ရပါတယ်။ ကျွန်တော်တို့ချိန်းထားတဲ့အချိန်ကို တွက်တိရောက်လာတာပဲလေ… ဘာမှ စိုးရိမ်နေစရာမလိုဘူး'
Khun Jayက ပြောလိုက်တော့ သဘောင်္မောင်းတဲ့လူရဲ့မျက်နှာက ပြောင်းသွားတာကြောင့် ကျွန်တော် သက်ပြင်းချလိုက်မိသည်။ မဟုတ်လို့ရှိရင် သဘောင်္ပေါ်မှာ နာရီပေါင်းများစွာ နေနေရမှာ… အဲ့အချိန်မှာ တစ်ခုခုလုပ်မှာကို ကြောက်ပဲ ကြောက်နေရမလား။ နေရခက်မလားဆိုတာကို ပြောလို့မရဘူး။
'ဘာလို့ အရုပ်ကြီးကို အမြဲတမ်းသယ်နေရတာလဲ'
'P'Janက N'Moonလေးရဲ့အနားမှာ အမြဲတမ်းရှိနေရမှာပေါ့'
'ဘာလို့လဲ'
'N'Moonလေးက P'Janကို ချစ်တယ်လေ…'
ကျွန်တော် လက်ပိုက်ထားပြီးတော့ တိုင်နားမှာ ရပ်ပြီး စကားပြောနေတဲ့ကလေးနှစ်ယောက်ကို သဘောကျစွာနဲ့ ကြည့်နေမိသည်။ စကားတွေ အကြာကြီးပြောနေကြတာ… နားတွေ မအူကြဘူးလား မသိ…
'ကလေး… ယောကျာ်းလေးတွေက အရုပ်နဲ့ မဆော့ဘူး' Kaoက မျက်မှောင်ကြုတ်ပြီးတော့ သူ့ရဲ့လက်ညိုးလေးနဲ့ P'Janရဲ့မျက်နှာကို မနားတမ်းထိုးနေသည်။
'ဘာလို့လဲ' N'Moonလေးက ခေါင်းကို စောင်းပြီး တောက်ပနေတဲ့မျက်လုံးတွေနဲ့ Kaoကို ကြည့်နေသည်။ ကျွန်တော်လည်း သိချင်နေတာ…
'အဲ့ဒါက ယောကျာ်းလေး မဟုတ်ဘူး'
'အဲ့ဒါဆို N'Moonက ဘာလုပ်ရမှာလဲ'
'အိပ်တဲ့အချိန်မှာပဲ ဖက်ပြီး အိပ်… အခုလိုမျိုး တစ်ချိန်လုံး မသယ်သွားနဲ့…'
'အိပ်တဲ့အချိန်ကျရင်တော့ ဖက်ထားလို့ရတယ်ပေါ့…'
'ရတာပေါ့… အဲ့အချိန်ကျ ဘယ်သူမှ မြင်မှာမဟုတ်တော့ အဲ့လိုလုပ်လို့ရတယ်'
'P'Janကို N'Moonသွားလေရာတိုင်းမှာ မခေါ်သွားတော့ဘူး။ အိပ်တဲ့အချိန်မှပဲ ဖက်အိပ်တော့မယ်' ကောင်ပေါက်ဘေးက ပြုံးပြီးပြောလာသည်။ ဒါပေမယ့် Kaoက လက်မထောင်ပြလိုက်တဲ့အချိန်မှာတော့ ပါးပြင်နှစ်ဖက်စလုံး မို့တက်လာတဲ့အထိ ပြုံးနေသည်။
ဘာပဲဖြစ်ဖြစ်… မောင်ပြာတာလေးက N'Moonကို ဒီအရုပ်အပေါ် အများကြီးမစွဲလမ်းစေချင်လို့ သင်ပေးနေတာ… ဒီနည်းက အလုပ်ဖြစ်သွားတဲ့ပုံပဲ…
'ဒီမှာ အိပ်ဖို့အတွက် အချိန်မရှိဘူးဆိုတော့ သုံးစရာမလိုဘူးလေ… အဲ့ဒါ အစ်ကို့ကို ခဏဌား… ဖင်ခုထိုင်မလို့…'
'ရပါတယ် ခင်ဗျ'
သြော်…
ကျွန်တော် နားထင်ကို နှိပ်နယ်လိုက်မိသည်။ ကျွန်တော့်မှာ ဆွံ့အသွားသလိုပဲ… ဒီကိစ္စကို Khun Jayကို ပြောပြမှ ရမယ်။ ပြီးရင် Kaoကို ဒီကလေးနဲ့ နှစ်ယောက်တည်း ခဏခဏထားလို့ မဖြစ်တော့ဘူး။
ကျေးဇူးပြုပြီး N'Moonလေးက Khun Jayနဲ့ တူပါစေ… ဒီလို မောင်ပြာတာလေးနဲ့ မတူပါစေနဲ့…
'Guitar…'
သဘောင်္ရဲ့တံခါးဘောင်ကို မှီနေတဲ့အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ ခွေးပေါက်လေးရဲ့မျက်နှာပေါ်က အပြုံးတစ်ခုကို ကျွန်တော် တွေ့လိုက်ရသည်။ အဲ့အချိန်မှာ ချက်ချင်းဆိုသလို နားလည်လိုက်ရတာက… အစကတည်းက ခွေးပေါက်လေးက ကျွန်တော်နဲ့အတူတူ ကလေးတွေ စကားပြောနေတာကို ကြည့်နေခဲ့တာပဲ…
'အစ်ကို တွေးမိတာကလေ… N'Moonလေးကို Kaoနဲ့အတူတူ မထားတာ ကောင်းမယ်'
'ကျွန်တော်ရောပဲ…'
ကျွန်တော်တို့နှစ်ယောက်စလုံး ခေါင်းကို အမြန်ညိမ့်ပြလိုက်မိသည်။ ထိုနေရာကနေ အမြန်ထွက်သွားဖို့လုပ်တော့ Soက ကျွန်တော့်ရဲ့လက်ကို လှမ်းဆွဲထားတာကြောင့် ကျွန်တော် မျက်လုံးတွေကို ကျဉ်းထားလိုက်သည်။
'မဝင်ချင်နဲ့…'
Soက ကျွန်တော့်ရဲ့လက်မောင်းကို ဆွဲထားတာ… ကျွန်တော်က သဘောင်္ရဲ့အခန်းထဲ သွားဖို့ လုပ်နေတယ်ဆိုပြီး ထင်နေတဲ့ပုံပဲ… သူ့ကို မအူမလည်နဲ့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ သူက ကျွန်တော့်ကို ဆွဲယူပြီးတော့ အထဲကို လက်ညိုးပြလာသည်။
အကြည့်တွေက ပြောတာကတော့… ဘာလို့ သွားမှာလဲ။ N'Moonလေးကို မောင်ပြာတာလေးနဲ့ ထားခဲ့ချင်လို့လားတဲ့…
ဒါပေမယ့် လူနှစ်ယောက်နမ်းနေတဲ့ပုံကို မြင်လိက်ရတဲ့အချိန်မှာ ဘာသံသယမှမရှိဘဲ… ဘေးနားက လူရဲ့လက်မောင်းကို အမြန်ဆုတ်ကိုင်ကာ သဘောင်္အစွန်းပိုင်းသို့ လျောက်သွားလိုက်သည်။ အထဲက နှစ်ယောက် အနှောင့်အယှက်ဖြစ်သွားမှာကို ကျွန်တော် ကြောက်နေမိတာ…
'ကျွန်တော်တို့ သွားနေတဲ့နေရာကို Guitarသိလား'
'ဘာလဲဟင်…' ကျွန်တော် Soကို စိတ်ဝင်တစားနဲ့ လှည့်ကြည့်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော့်ပုံစံက အရမ်းအိုဗာဖြစ်သွားတဲ့ပုံပဲ… ခွေးပေါက်က အားရပါးရရယ်လာသည်။
'အဲ့လောက်ထိ မဟုတ်ပါဘူး… ကျွန်တော်တို့ အင်္ဂလန်မှာ နေတဲ့အချိန်မှာ ဒီအိမ်ကိုပဲ ပြောင်းပြီး နေမလို့…' Soက အရှေ့ကို ညွှန်ပြလာတာကြောင့် ကျွန်တော လှမ်းကြည့်လိုက်တဲ့အချိန်မှာ သိပ်မကွာတဲ့အကွာအဝေးလောက်က အိမ်တစ်အိမ်ကို တွေ့လိုက်ရသည်။ ကြည့်လိုက်တာနဲ့ သန်းကြွယ်သူဌေးတစ်ယောက်ရဲ့အိမ်တစ်အိမ်လိုပဲ… ပြီးတော့လည်း အခုလို သာယာတဲ့ကန်ဘေးနားကြီးမှာ ရှိတာဆိုတော့… ဒီလူရဲ့အဆင့်အတန်းဘယ်လောက်ထိ ရှိနေလဲဆိုတာကို ကျွန်တော် ခန့်မှန်းကြည့်လို့တောင် မရတော့…
'အိမ်က ဘာလို့ပြောင်းမှာလဲ'
'ဟိုအိမ်က ကျွန်တော်တို့အတွက် သီးသန့်နေရာမှ မဟုတ်တော့တာ…' Soက ပုခုံးလေး တစ်ချက်တွန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့ကို ကြည့်ရတာ တစ်ခုခုကို စိတ်ပျက်နေတဲ့ပုံပဲ… 'အဖေ့ဆီ လာကြတဲ့ဝန်ထမ်းတွေက တစ်ပုံကြီးလေ… Kaoက ဒီနေရာကို လာဖို့အကြံပေးတော့ အဖေက ဒီနေရာမှာ အိမ်ရှိတယ်ဆိုတာကို ပြောပြတယ်လေ… ဒီအိမ်က တကယ့်ကို အနားယူလို့လည်း ကောင်းတယ်'
ခေါင်းထဲမှာ ရှုပ်ထွေးနေလောက်မယ့်ကောင်လေးရဲ့လက်မောင်းကို အသာလေးပုတ်သပ်ပေးလိုက်သည်။ Soက အမေဖြစ်သူရဲ့အိမ်မှာ အကြာကြီးနေချင်တဲ့လူ… ဒါပေမယ့်လည်း တစ်ယောက်ယောက်က အဲ့နေရာကို သိသွားပြီး ခဏခဏ လာရောက်ကြတဲ့အခါမှာ ပိုပြီးခက်ခဲလာတာ… ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မရင်းနှီးသေးတဲ့ ဧည့်သည်အချို့က လာကြတာကို သတိထားမိသေးသည်။ မကြာခဏပဲ… ကြည့်ရသလောက်တော့ အလုပ်အကြောင်းပြောကြတာ ထင်သည်။ အဲ့ဒါကြောင့် အဆက်အသွယ်တွေ အားလုံးကို ဖျက်ပြီးတော့ အခုလိုမျိုး လူမသိ သူမသိတဲ့နေရာကို ခရီးထွက်လာတာ…
'တစ်ခါတစ်လေ အထူးအဆန်းဖြစ်အောင် ပတ်ဝန်းကျင်လေးလည်း ချိန်းရမှာပေါ့…' ကျွန်တော် တည်ငြိမ်နေတဲ့မျက်နှာလေးကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက အဲ့ဒါကို မြင်လာတဲ့အချိန်မှာ ခပ်ပါးပါးလေး ပြုံးလာပြီးတော့ ကျွန်တော့်ရဲ့လက်ကိည ဆုတ်ကိုင်ထားသည်။
'ကျွန်တော့်မှာ Guitarရှိနေရုံနဲ့တင် လုံလောက်နေပြီ'
'အစ်ကို…'
'ဆရာပြုံး…'
ခွေးပေါက်စလေးက ကျွန်တော့်ရဲ့ဘောင်းဘီစကို ပြေးကိုင်လာတာကြောင့် ကျွန်တော် အောက်ငုံ့ပြီး ကြည့်လိုက်မိသည်။ ခွေးပေါက်ကြီးကလည်း သူ့ဘေးနားမှာ ရပ်နေတဲ့အသေးလေးကို ငေးကြည့်နေတာ…
'ဘာဖြစ်လို့လဲ'
'N'Moonလေ P'Janကို ဘယ်သွားသွား မသယ်သွားတော့ဘူး။ Moonလေး တော်တယ်မှတ်လား'
'ဟိုခွေးကောင်ကတော့…'
Soက မျက်မှောင်ကြုတ်ထားသည်။ သူ့ကို ကြည့်ရတာ သူ့သူငယ်ချင်းကို ဖမ်းချုပ်ပြီး ရေကန်ထဲ ပစ်ချချင်နေတဲ့ပုံပဲ… ဒါပေမယ့် ကျွန်တော် သူ့ကို လှမ်းထိန်းဖို့ လုပ်နေတဲ့အချိန်မှာပဲ… ရုတ်တရက်ဆိုသလို ခွေးပေါက်ကြီးရဲ့ခြေထောက်တွေကို N'Moonရဲ့သေးငယ်တဲ့လက်လေးတွေက အရင်ဆုံး လှမ်းဖက်လိုက်သည်။
N'Moonလေးရဲ့ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေတဲ့ပုံလေးကို ကျွန်တော် ကြည့်နေမိသည်။ ထိုကလေးလေးက သူပြောတဲ့အတိုင်း P'Janကို လုံးဝမကိုင်ထားဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ P'Janက… အခြားလူတစ်ယောက်ရဲ့ဖင်အောက်မှာ ရောက်နေပြီ။
'Khun Achiraပြောတာတော့ N'Moonက ဆရာခန့်ချောကြီးရဲ့ခြေထောက်ကို ဖက်ထားသင့်တယ်တဲ့…' ခွေးပေါက်စလေးက အပြစ်ကင်းစင်တဲ့အသံမျိုးနဲ့ ပြောလာသည်။ ဒါကလည်း အနောက်မှာ ပြုံးဖြီးပြီးထိုင်နေတဲ့လူတစ်ယောက်ရဲ့စနက်ပဲ နေမယ်။
'မင်းနဲ့ တန်တယ်'
'Ai'Kao!'
'ရောက်ပြီ။ ငါ အိမ်ကို ပတ်ကြည့်လိုက်ဦးမယ်' ပြောပြီးတာနဲ့ Kaoက P'Janကို ကိုင်ထားပြီး သဘောင်္ပေါ်က ပြေးဆင်းသွားသည်။ ခွေးပေါက်ကြီးနဲ့ ကျွန်တော်ကတော့ သူ့ကို ဒီအတိုင်း မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတာ…
N'Moonကို အနှောင့်အယှက်ဖြစ်အောင် ပို့လိုက်ရုံလေးနဲ့… လက်စားချေတာအောင်မြင်ပြီးလို့ တကယ်ကြီး ထင်နေတာလား။
'N'Moon…' Soရဲ့ခြေထောက်ကို လွှတ်ဖို့အတွက် ငြင်းဆန်နေတဲ့ကလေးရှေ့မှာ ကျွန်တော် ဒူးထောက် ထိုင်ချလိုက်သည်။
'ဟုတ်ကဲ့…'
'ဘာလို့ Khun Achiraလို့ ခေါ်ရတာလဲ'
'Khun Achiraက သူ့ကို Achiraလို့ ခေါ်လို့ N'Moonကို ပြောတယ်။ N'Moonက Khun Achiraကို အိမ်မှာ ခေါ်နေကြအတိုင်း ခေါ်လို့ရတယ်။ သူ့ကို အိမ်မှာ Khun Achiraလို့ပဲ ခေါ်ကြတာတဲ့…' ခွေးပေါက်စလေးရဲ့ပုံစံနဲ့ အပြုအမှုအရ Kaoကို တော်တော်လေး သဘောကျနေတဲ့ပုံပဲ…
ကျွန်တော် ကလေးကို ကြိုးစားပြီး ပြုံးပြလိုက်သည်။ Kaoက ဒီကလေးကို ဘာကြောင့် ပြောခဲ့လဲဆိုတာကို အကောင်းဘက်က ပြန်ရှင်းပြဖို့အတွက် ကြိုးစားနေမိသည်။ အကယ်၍ အဲ့ဒါကို N'Moonက အတည်သတ်မှတ်လိုက်ရင် ကျန်တဲ့မိသားစုဝင်တွေကိုလည်း အဲ့လိုပဲခေါ်တော့မှာ…
'အမ်… အဲ့ဒါက ဂိမ်းထဲမှာ ပါတဲ့နာမည်လေ… ' Soက ဖြည်းဖြည်းချင်းပြောလာသည်။ ကျွန်တော် တစ်ဖက်ကို လှည့်လိုက်တဲ့အချိန်မှာ Soက သူ့ရဲ့ညီလေးN'Moonကို နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်နေတာ… 'ပြီးတော့ အဲ့ဒီနာမည်က အိမ်မှာ မွေးထားတဲ့ခွေးရဲ့နာမည်လေ…'
'…'
Kaoက ဘာပြန်လုပ်လာမလဲဆိုတာကို ကျွန်တော် မသိတော့ဘူး။
'ဆရာပြုံး မြန်မြန်လာ…' N'Moonက ကျွန်တော့်ရဲ့ဘောင်းဘီစကို ဆွဲကာ ဆိပ်ခံတံတားဘက်ကို လက်ညိုးထိုးပြလာသည်။ အဲ့နေရာမှာ Kaoက ဖုန်းပြောနေတာ…
'ဟုတ်ပြီ' ကျွန်တော် N'Moonနဲ့အတူတူ သဘောင်္ပေါ်က ဆင်းလိုက်သည်။ Soကလည်း ကျွန်တော်တို့နဲ့အတူတူ ဆင်းလာပြီးတော့ Kaoဆီသွားပြီး တစ်ခုခုပြောနေတာ… သူတို့နဲ့ နီးလာတဲ့အချိန်မှာ သူတို့က ကင်မရာဖွင့်ပြီး တစ်ယောက်ယောက်နဲ့ စကားပြောနေတာပဲ…
'P'Gui… P'Gui… Jediကို နူတ်ဆက်လိုက်ပါဦး'
Kaoက ကျွန်တော့်ကို လှမ်းခေါ်လာသည်။ ကျွန်တော် ဖုန်းနဲ့နီးကပ်လာတဲ့အချိန်မှာ မြင်လိုက်ရတာတော့ အိပ်ချင်မူးတူးဖြစ်နေတဲ့Jediရဲ့မျက်နှာပဲ…
'မင်္ဂလာပါ'
'မဂ်လာပါ အစ်ကို'
'ဘာလို့ အိပ်ချင်မူးတူးဖြစ်နေတာလဲ'
'ဒီမှာ မိုးမလင်းသေးဘူးလေ… အစ်ကိုရာ… အဲ့ဒီခွေးကောင်Kaoက ကျွန်တော့်ကို သက်သက်လုပ်တာ… ကျွန်တော်က အိပ်တဲ့အချိန်မှာ ဖုန်းသံမပိတ်ထားတက်ဘူးဆိုတာကို သူ သိနေလို့ တောက်လျောက်ခေါ်နေတာ…'
Jediရဲ့အသံက ငိုချင်နေသလိုပဲ… ပြောရရင် သူ့ရဲ့ပုံစံလေးကြောင့် ကျွန်တော် ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပြုံးနေမိသည်။
'မင်း ပြန်အိပ်တော့…' Soloက သူငယ်ချင်းကို ဘယ်လိုစာနာရမယ်မှန်းမသိတဲ့ Kaoရဲ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည်။ ဒါပေမယ့် အဲ့ဒီယုန်ပေါက်လေးကတော့ မကျေမနပ်ဖြစ်နေတာပေါ့…
'ငါ ဘာမှတောင် မလုပ်ရသေးတဲ့ဟာကို!'
'မင်း ဒီကို လာစမ်း' ခွေးပေါက်လေးက အေးစက်တဲ့အသံနဲ့ ခေါ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး ပြုံးပြလာကာ သူ့သူငယ်ချင်းရဲ့ခေါင်းကို သူ့ရဲ့လက်မောင်းတွေကြား ညှပ်ထည့်ထားလိုက်ပြီးတော့ အိမ်ထဲ ဆွဲခေါ်သွားသည်။
တကယ့်ကို စိတ်ကြည်နူးစရာလေးပဲ…
'သွားလေ N'Moon' သူ့ရဲ့အစ်ကိုတွေကို ပြုံးပြီး ကြည့်နေတဲ့ကလေးလေးကို ကျွန်တော် လှည့်ကြည့်ပြီးတော့ ပြောလိုက်တဲ့အချိန်မှာ N'Moonလေးက ခေါင်းပြုတ်ထွက်မတက် ခေါင်းညိမ့်ပြသည်။ ကျွန်တော့်ရဲ့လက်ကို လွှတ်ပြီး အထဲဝင်သွားတဲ့အခါမှာလည်း အနောက်ကနေ ကျွန်တော် လိုက်သွားလိုက်သည်။
ကျွန်တော် Jayနဲ့ အကြည့်ချင်းစုံသွားတဲ့အချိန်မှာ ပြုံးပြလိုက်ပေမယ့် ကျွန်တော့်ဘက်က ဘာမှမပြောလာခင်မှာ တစ်ဖက်သို့ အရင်လှည့်သွားသည်။ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင်… ကြည့်ရတာ သူ့ရဲ့ရဲတွတ်နေတဲ့နူတ်ခမ်းကို မမြင်စေချင်လို့ ထင်တယ်။
'မာမီရဲ့နူတ်ခမ်းက ရဲတွတ်နေတာပဲ!'
အရမ်းသတိကြီးတဲ့ကလေးတစ်ယောက် ရှိနေတာကို မေ့သွားတာ… ဒါပေမယ့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကျွန်တော် မသိဘူး။
'ဒီကို လာ… သားလေး' ဒီအတိုင်း လှမ်းခေါ်လိုက်တဲ့ သခင်ကြီးရဲ့အသံကြောင့် အမေဖြစ်သူဆီကနေပြီးတော့ လှမ်းခေါ်တဲ့လူဆီ ပြေးသွားသည်။
ကျွန်တော် Jayရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်မိသည်။ ဒီအချိန်မှာတော့ သူက အကြည့်မလွှဲတော့ပါ။ ဒါပေမယ့် သူ့ရဲ့မျက်နှာက ခရမ်းချဉ်သီးထက်တောင် ရဲတွတ်နေတာပဲ…
Khun Jayမှန်းတောင် မသိတော့ဘူး။
ကျွန်တော်တို့ ရေကန်နားက ခုံတန်းငယ်မှာ ထိုင်ဖို့အတွက် လမ်းလျောက်ထွက်လာခဲ့သည်။ သခင်ကြီးနဲ့ Soက အလုပ်အကြောင်း ဆွေးနွေးနေကြတာကို ကျွန်တော် ပြုံးပြီး ကြည့်နေမိသည်။ အလုပ်ကိစ္စဖြစ်ပေမယ့်လည်း သူတို့ပြောနေကြတာ သက်တောင့်သက်သာပဲ… N'Moonက သူတို့နားရောက်လာတဲ့အချိန်မှာတော့ အလုပ်အကြောင်းပြောနေတာတွေကို ချက်ချင်းဆိုသလို ရပ်ပစ်လိုက်သည်။ သူတို့ လုပ်ကို လုပ်ရမယ့်အရာတစ်ခုဖြစ်ပေမယ့်လည်း မိသားစုနဲ့ဆိုရင်တော့ အရာအားလုံးကို ရပ်တန့်ပစ်လိုက်တာ…
အဲ့ဒီပုံလေးကို ကြည့်မိတော့… အဖေနဲ့ သားတွေက အရမ်းတူတာပဲ…
'မနက်ကျရင် မိတ်ဆွေတစ်ယောက်ရဲ့ပါတီသွားဖို့ရှိတယ်' ကျွန်တော်တို့ အားလုံး လူစုံတဲ့အချိန်မှာ သခင်ကြီးက စပြောလာသည်။ 'Jayကတော့ ကိုယ်နဲ့ လိုက်ရမယ်။ အဲ့ဒါ ကိုယ့်ဘာသာသွားချင်တဲ့နေရာတွေ ရှိရင် Soကို ခေါ်သွား… အဖေ့ရဲ့လူတွေကို ခေါ်သွားဖို့ မမေ့နဲ့…'
'ဟုတ်ကဲ့…'
ကျွန်တော် ပြန်ဖြေလိုက်တဲ့အချိန်မှာ Soက ချက်ချင်းပြုံးပြလာသည်။ အဲ့လို ပြုံးပြနေတယ်ဆိုရင်တောင်မှ Soက သူ့အနောက်ကနေ တစ်ယောက်ယောက်လိုက်လာတာကို သဘောမကျဘူးဆိုတာကို သိထားပြီးသား… သခင်ကြီးက Soအတွက် စိုးရိမ်နေတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်သည်။ ကျွန်တော်တို့ စကားမပြောရင်တောင်မှ ပတ်ဝန်းကျင်က လူတွေက တစ်ချိန်လုံးစိုက်ကြည့်နေကြတာလေ… အဲ့ဒီကမ်းလှမ်းမှုကိုတော့ ကျွန်တော် မငြင်းချင်ပါ။
အခုဆို ကျွန်တော့်ရဲ့ခွေးပေါက်လေးက နာမည်ကြီးနေပြီ။ သူက လာမယ့်အနာဂတ်မှာ RKကုမ္ပဏီကြီးရဲ့ဥက္ကဌရာထူးကို ဆက်ခံမယ့်သူ… အဲ့လို အနောက်ကနေ လူတွေလိုက်လာတာကို အသားကျနေဖို့ လိုသည်။ Soကိုယ်တိုင်လည်း သူ သဘောမကျတာတောင် ကောင်းကောင်းနားလည်တဲ့လူဖြစ်တာကြောင့် ပြန်ပြီးငြင်းဆန်ခြင်းမပြု…
'ကျွန်တော်လည်း လိုက်သွားမယ်လေ…'
Soနဲ့ ကျွန်တော်က Kaoကို အံ့သြတကြီးနဲ့ လှည့်ကြည့်လိုက်မိသည်။ အဲ့ဒီကောင်လေးက လှည့်ကြည့်လာပြီး သူက အားနေသလိုမျိုး ပုံစံလုပ်ပြကာ သခင်ကြီးရဲ့အဖြေကို စောင့်နေသည်။
'ကောင်းပြီ…'
ဒါနဲ့ Kaoက သခင်ကြီးရဲ့နောက်ထပ်သားတစ်ယောက်လား။
ကျွန်တော်တို့ စားသောက်ပြီးသွားတဲ့အချိန်မှာ Soနဲ့အတူ အခန်းထဲ သွားဖို့ ပြင်လိုက်သည်။ ဒီအိမ်ကြီးမှာ အခန်းက သုံးခန်းတည်းရှိတာ… တစ်ခန်းက Khun Jayရယ်၊ သခင်ကြီးရယ်၊ N'Moonလေးရယ်… နောက်တစ်ခန်းက Kaoတစ်ယောက်တည်းအတွက်… အဲ့ဒီတော့ ကျန်တဲ့အခန်းမှာတော့ ရှောင်လွှဲလို့ မရတော့ဘဲ ကျွန်တော်က ခွေးပေါက်လေးနဲ့အတူတူ အိပ်ရတော့မှာ…
ကျွန်တော် သူနဲ့ တစ်ခါမှ အတူတူမအိပ်ဖူးလို့လည်း မဟုတ်ပါ။ ဒါပေမယ့် မနေ့ညက အဖြစ်အပျက်ပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော် ဝန်ခံရမှာက… အခုထိ နေရခက်နေတုန်းပဲ… နေရမခက်ဘဲ နေမလား။
'ခဏလေးနော်…'
Soက ကျွန်တော့်ရဲ့လက်မောင်းကို ဆုတ်ကိုင်လာတာကြောင့် သူ့ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူက ပြုံးပြလာလာပြီးတော့ ဘာစကားတစ်ခွန်းမှ မပြောဘဲ ကျွန်တော့်ရဲ့မျက်လုံးနှစ်ဖက်ကို သူ့ရဲ့လက်ဖဝါးနှစ်ဖက်နဲ့ ပိတ်လိုက်သည်။
'ဘာဖြစ်လို့လဲ'
'အထဲကို ဝင်မယ်'
ကျွန်တော့်ရဲ့နောက်ကျောကို ထိတွေ့ထားတဲ့ရင်အုပ်ကျယ်ကြီးရဲ့ပိုင်ရှင်က အခန်းထဲကို တည့်တည့်သွားဖို့အတွက် အကြံပေးလာသည်။ သုံးလေးလှမ်းလောက်လျောက်ပြီးတာနဲ့ Soဘက်က ရပ်လိုက်ပြီး လက်တစ်ဖက်တည်းနဲ့ ကျွန်တော့်ရဲ့မျက်လုံးတွေကို မှိတ်ထားကာ… ကျန်တဲ့လက်တစ်ဖက်က အနောက်ဘက်ကနေ ကျွန်တော့်ရဲ့ခါးကို ပွေ့ဖက်ထားသည်။
'အခု မျက်လုံးဖွင့်လို့ရပြီ'
ထိုအသံလေးရဲ့အဆုံး… ကျွန်တော့်ရဲ့မျက်စိကို ဖုံးထားတဲ့လက်က ပျောက်ကွယ်သွားတာကြောင့် ကျွန်တော့်ရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အလှမီးသီးလေးတွေ… ဒါပေမယ့် မှောင်မိုက်နေတဲ့အခန်းကြောင့် ထိုမီးသီးလေးတွေက တလဲ့လဲ့တောက်ပနေတာ… ဒါပေမယ့် အခန်းတစ်ခုလုံး သေချာကြည့်ပြီးတဲ့အခါမှာတော့ ကျွန်တော့်ရဲ့မျက်လုံးတွေက အပြူးသားဖြစ်သွားခဲ့သည်။
ဓာတ်ပုံတွေ…
ရာချီနေတဲ့ ကျွန်တော့်ရဲ့ဓာတ်ပုံတွေက ထိုအခန်းပတ်ပတ်လည်မှာ ကြိုးလေးတွေနဲ့ ချည်ထားတာ… ကြိုးလေးတွေကို ဆက်ပြီးချည်ထားတာကြောင့် ကြိုးရဲ့အဆုံးကို မမြင်ရတော့တဲ့အထိပဲ… တစ်ချို့ပုံတွေကျတော့ ကျွန်တော် သိသည်။ တစ်ချို့ကျတော့ ကျွန်တော် မသိအောင် ရိုက်ထားတာ… ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက ပုံတွေရော… တောင်ပေါ်သွားတုန်းက ပုံတွေရော…
'အစ်ကို့အတိုင်း လိုက်လုပ်ထားတာပဲ…' ကျွန်တော် တုန်ရီနေတဲ့အသံနဲ့ ရယ်ပြီး ပြောလိုက်မိသည်။
'သဘောကျရဲ့လား' Soက အနောက်ဘက်ကနေ ကျွန်တော့်ရဲ့နားရွက်နား ကပ်ပြောလာသည်။ ကျွန်တော့်ရဲ့ခါးကို ပွေ့ဖက်ထားတဲ့လက်တွေကလည်း တဖြည်းဖြည်းနဲ့ တင်းကြပ်လာတာ…
'အဲ့ဒါဆို သဘောမကျဘူးလား'
'သဘောကျပါတယ် ခင်ဗျာ… သဘောကျပါတယ်'
Soက ကျွန်တော့်အရှေ့ကို အမြန်လာပြီးတော့ ကျွန်တော့်ရဲ့အခြေအနေကို ကြည့်လာတဲ့အချိန်မှာ သူ မြင်လိုက်ရတဲ့အနေအထားကြောင့် လန့်ဖြတ်သွားသည်။ ကြီးမားတဲ့ သူ့ရဲ့လက်တွေက ကျွန်တော့်ရဲ့မျက်ရည်တွေကို သုတ်ပေးနေတာ… သူ့ရဲ့စိုးရိမ်ပူပန်နေတဲ့ပုံစံလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ မျက်ရည်တွေကြားထဲက ကျွန်တော် ပြုံးလိုက်မိသည်။
'ဘာလို့ မျက်နှာပျက်နေတာတုန်…'
'Guitarက ဘာလို့ ငိုရတာလဲ။ ကျွန်တော် အမှားလုပ်မိလို့လား'
အဲ့ဒီမေးခွန်းကို ပြန်ဖြေဖို့အတွက် စိတ်ပူပန်နေတဲ့ကောင်လေးရဲ့လက်ကို အသာလေးတွန်းထုတ်လိုက်ပြီး သူ့ရဲ့ရင်ခွင်ထဲ တိုးဝှေ့လိုက်သည်။ နွေးထွေးမှုကတော့ နှလုံးသားတွေထဲ ရောက်သွားတဲ့အတိုင်းပဲ… ကျွန်တော် ငိုနေတာကြောင့် ပြန်မဖြေနိုင်တာ… ကျွန်တော်က စိတ်ခံစားလွယ်တယ်ဆိုတာပဲ သိသည်။ ဒါက ဒီအတိုင်း သာမန်စပရိုက်တစ်ခုမဟုတ်… ကျွန်တော်တို့ စတွေ့တဲ့ရက်ကတည်းက စပြီး ကျွန်တော်တို့ရဲ့ဇာတ်လမ်းကို သေချာဖော်ပြထားတာ… ဒါတွေကို ကြည့်နေရင်း ကျွန်တော်တို့ ဘယ်လောက်ထိ ဖြတ်သန်းခဲ့ရလဲဆိုတာကို ထင်းခနဲမြင်ယောင်လာစေသည်။
Soက ကျွန်တော့်ရဲ့ဘဝမှာ အကောင်းမွန်ဆုံးသော လက်ဆောင်ပဲ…
'ကျေးဇူးတင်ပါတယ်… တကယ်ကြီးကို ကျေးဇူးတင်ပါတယ်'
Soက သက်ပြင်းချလိုက်ပြီးတော့ ကျွန်တော့်ကို ပြန်ပြီးပွေ့ဖက်လာသည်။ ကျွန်တော့်ရဲ့ကျောပြင်ကိုလည်း ကလေးတစ်ယောက်ကို ချော့မြှူပေးသလိုမျိုး ပုတ်သပ်ပေးနေတာ…
'လန့်သွားတာပဲဗျာ…'
'အခုလိုမျိုး လန့်သွားမယ်ဆိုတာကို အစ်ကို သိတာပေါ့…' ကျွန်တော် စကားပြောပြီးတဲ့အချိန်မှာ စောနက စိတ်ပူနေတဲ့ခွေးပေါက်လေးက မျက်မှောင်ကြုတ်ထားပြီးတော့ သူ့ရဲ့နှဖူးကို သပ်နေသည်။ 'ဘာတွေ မျှော်လင့်ပြီးတော့ ဒီလိုလုပ်ပေးရတာလဲ'
'Guitarနဲ့အတူတူ ရှိနေချင်လို့…' ကျွန်တော့်အပေါ် လုံးဝအာရုံစိုက်ထားတဲ့ကောင်လေးက ချက်ချင်းပြန်ဖြေလာသည်။
'ဒါနဲ့ ဘယ်တုန်းက ဒါတွေကို လုပ်လိုက်တာလဲ' ကျွန်တော် မယုံသင်္ကာနဲ့ မေးလိုက်မိသည်။ So အင်္ဂလန်ကို ပြန်ရောက်လာကတည်းက ကျွန်တော်နဲ့ အမြဲတမ်း ရှိနေခဲ့တာလေ… အဲ့ဒါကြောင့် ကျွန်တော် မသိအောင် ဒီနေရာကို လာပြီး ပြင်ဆင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
'ဒါလုပ်ဖို့ကို လူတွေ ဌားလိုက်တာလေ…'
'ဘယ်လို…'
'ဒါကို ပြင်ဆင်ဖို့ လူတွေ ခေါ်လိုက်တာ… ကျွန်တော့်ဘာသာ ဒီကြိုးတွေနဲ့ အလှဆင်ပြီး လုပ်မယ်ဆိုရင် ဒီလိုမျိုး လှလှပပထွက်လာလိမ့်မယ်လို့ Guitar ထင်လို့လား' Soက မတူညီတဲ့အကြည့်တွေနဲ့ ပြန်ဖြေလာသည်။ ဒါပေမယ့် ပြုံးသာပြပြီးတော့ ဘာမှဆက်မပြောဖြစ်တော့… ဘာပဲဖြစ်ဖြစ် အခုဘို ကြိုးလေးတွေနဲ့ တွဲလောင်းချထားတာလေးက တကယ်ချစ်စရာကောင်းသည်။
'ပိုက်ဆံလည်း ဖြုန်းလိုက်သေးတယ်ပေါ့…'
'အဲ့လောက်က အဆင်ပြေပါတယ်… ချမ်းသာတာပဲကို…'
'…'
'Guitar ဘာလို့ တိတ်ဆိတ်သွားတာလဲ'
'ချမ်းသာတဲ့လူတွေအစား ရင်မောနေရလို့ပါ' ကျွန်တော် ပြောနေရင်းနဲ့ ကျွန်တော့်အရှေ့က ခွေးပေါက်လေးရဲ့နှာခေါင်းကို ဆွဲလိုက်ဖို့ကိုလည်း မမေ့ခဲ့…
'Guitarလည်း ချမ်းသာတာပဲ…'
'ဘယ်လို ချမ်းသာသွားတာတုန်း…'
'ခင်ပွန်းဖြစ်သူရဲ့ပိုက်ဆံဆိုတာက ဇနီးဖြစ်သူရဲ့ပိုက်ဆံနဲ့ အတူတူပဲလေ… အဲ့ဒါကြောင့် ကျွန်တော် ချမ်းသာတယ်ဆိုရင် Guitarလည်း ချမ်းသာတာပဲ…' ပြီးတာနဲ့ ခွေးပေါက်လေးက ကြည့်ကောင်းတဲ့အပြုံးမျိုး ထပ်ပြီးပြုံးပြလာသည်။
ဒီစကားကို…
'Kaoက ကျွန်တော့်ကို ပြောပြတာ…'
ပြောနေစရာကို မလိုဘူး။ ခွေးပေါက်လေးကို သင်ပေးတဲ့လူက ဘယ်သူလဲဆိုတာကို သိထားပြီးသား…
'…'
'Guitarကို ကျွန်တော် နမ်းချင်တယ်'
'နေပါဦး… နေပါဦး… ဘာလို့ အပြောင်းအလဲက အရမ်းမြန်… အွန့်…'
ကျွန်တော် ရုတ်တရက် တောင်းဆိုလာတဲ့ကောင်လေးကို တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် ပြောနေတဲ့စကားမဆုံးခင်မှာတင် အနမ်းခံလိုက်ရသည်။ Soက ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို လက်တစ်ဖက်နဲ့ သိမ်းယူပြီး နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်တွေက အိပ်ယာပေါ် ရောက်သွားသည်။ နမ်းနေတာတွေက ခဏလောက်ရပ်တန့်သွားပေမယ့် Soရဲ့နူတ်ခမ်းတွေက ကျွန်တော့်ရဲ့လည်ပင်းသားတွေပေါ် ကျရောက်လာသည်။
'ကျွန်တော် စားချင်တယ်'
'Soပြောတုန်းကတော့ နမ်းချင်တယ်လို့ပဲ ပြောခဲ့တာလေ…'
ကျွန်တော့်ရဲ့ရင်ဘတ်ကို ငုံ့ကိုက်လာတဲ့ခွေးရူးလေးကြောင့် ကျွန်တော် အော်မိသွားသည်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ပေါ်က အကျီတွေကလည်း ဘယ်အချိန်ကတည်းက ကိုယ်နဲ့ကွာသွားခဲ့လဲဆိုတာကို မသိတော့…
ဘာလို့ ခွေးပေါက်လေးရဲ့လက်က အရမ်းမြန်ဆန်သွက်လက်နေရတာလဲ!
'ကျွန်တော် Guitarကို ဖက်ချင်တယ်' Soက ကျွန်တော့်ကို ငုံ့ကြည့်လာသည်။ သူ့ရဲ့အကြည့်တွေက သားကောင်ကို မြင်နေရတဲ့ မုဆိုးတစ်ယောက်လိုပဲ… 'ကျွန်တော် စားလည်း စားချင်တယ်'
'So!' ကျွန်တော့်ရဲ့ပါးပြင်ကို ငုံ့ပြီး ကိုက်လာတဲ့ကောင်လေးရဲ့ကျောပြင်ကို ရိုက်နေပေမယ့် လှုပ်တောင်မလှုပ်ဘူး။ အဲ့ဒီခွေးပေါက်လေးက အားနဲ့ကိုက်တာ မဟုတ်ပေမယ့် သွားရာတော့ ကျန်နေခဲ့မှာလေ…
'စားခွင့်ပေး…'
'မရဘူး'
'ပေးပါနော်…'
'…'
'နော်လို့…'
'…'
'နော်… ကျွန်တော့်ရဲ့အချစ်လေး…'
'ရား… တစ်ခါတည်းနော်…'
'ဟုတ်ကဲ့ပါ ခင်ဗျ…'
'…'
'တစ်ခါတည်းပဲ… ဒါပေမယ့် အကြိမ်ရေအများကြီးနော်…'
'ဒီခွေးကောင်လေး!'
…_…