သူတို့က အရမ်းတူတာဘဲ… သွားပုံလာပုံနဲ့ ရုပ်ရည်သွင်ပြင်တွေ… အရာအားလုံးက Soloနဲ့ ဆင်သည်။ ဂုဏ်ကျက်သရေရှိတဲ့လူကြီးတစ်ယောက်ရဲ့ပုံစံနဲ့ အေးစက်စက်အငွေ့အသက်တွေ ရှိနေတာကလွဲလို့ပေါ့… အချို့လူတွေက သူတို့ကို လုံးဝပုံစံတူကူးချထားတဲ့လူတွေလား၊ ဒါမှမဟုတ် ညီအစ်ကိုတွေလားလို့တောင် ထင်မှားနိူင်သည်။
Khun Jayကို ပထမဆုံးမြင်တဲ့အချိန်တုန်းက သခင်ကြီးကို မြင်ရင် ဒီထပ်ပိုပြီး အံ့သြသွားရလိမ့်မယ်ဆိုပြီး ပြောခဲ့တဲ့စကားက တကယ့်ကို အမှန်ပင်… ဘာလို့လဲဆိုတော့ အသက်၂၉နှစ်ရှိနေပြီဖြစ်တဲ့Khun Jayက သူ့ရဲ့မူရင်းအသက်ထက် ပိုနုနေတာ… ဒါပေမယ့် ကျွန်တော့်အရှေ့က အသက်သုံးဆယ်ဝန်းကျင်လူကြီးကျတော့ Soloရဲ့ညီလို့တောင် ခေါ်ခံရလောက်တဲ့အထိ နုနေသည်။
သခင်ကြီးက စကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲသို့ ဝင်သွားသည်။ သူနဲ့လိုက်လာတဲ့အစ်ကိုက အထဲကို ဝင်မလာတာကြောင့် ကျွန်တော်နဲ့ သီးသန့်စကားပြောချင်နေတယ်ဆိုတာကို သိလိုက်ရသည်။ ကျွန်တော် တံခါးပိတ်ပြီးတဲ့အခါမှာ မီးဖိုချောင်ထဲသို့ သွားပြီး ရေတစ်ခွက်ခပ်လိုက်ကာ ဧည့်ခန်းထဲက ဆိုဖာဆီသို့ ယူသွားလိုက်သည်။
'မင်းတို့ သိနေကြတာ ဘယ်လောက်ကြာနေပြီလဲ'
သခင်ကြီးက တည်ငြိမ်နေတဲ့မျက်နှာပုံစံမျိုးနဲ့ မေးလာသည်။ သူ့ရဲ့မျက်နှာက အလိုမကျတဲ့ပုံလည်း မဟုတ်သလို… ဒေါသထွက်နေတဲ့ပုံမျိုးလည်း မဟုတ်…
'စာသင်နှစ် မစခင်… So ဒီမှာ တက္ကသိုလ်စတက်တဲ့အချိန်ကတည်းကပါ'
'အဲ့ဒါဆို ငါ မင်းတို့နှစ်ယောက်ကို ခွဲချင်တယ်ဆိုရင် ငါ သူ့ကို အင်္ဂလန်ပြန်ပို့ရမယ်ပေါ့… ဟုတ်တယ်မှတ်လား'
အဲ့ဒီအေးစက်စက်မေးခွန်းကြောင့် ကျွန်တော် ဆွံ့အသွားသည်။ လူတစ်ယောက်က အခုလိုမျိုး တည့်ပြောလာတာကြောင့် ကျွန်တော် အံ့သြသွားမိတာပေါ့… ဒါလည်း တူတာဘဲ… အနည်းဆုံးတော့ သဘောမကျဘူးဆိုတဲ့အရိပ်အမွက်လေးပြပြီးမှ ပြောသင့်တာပေါ့… မဟုတ်ဘူးလား။
ဒါပေမယ့်လည်း အဆင်ပြေပါတယ်…
ကျွန်တော်က သခင်ကြီး သဘောကျတဲ့ပုံစံမျိုးမဟုတ်ဘူး။
'အဲ့ဒီနည်းလမ်းက အလုပ်မဖြစ်မှာကို ကျွန်တော် ကြောက်မိတယ်'
ကျွန်တော် ပြုံးပြီးပြောလိုက်သည်။ ကျွန်တော့်ကို ပြန်မေးချင်နေသလိုမျိုး သခင်ကြီးရဲ့မျက်ခုံးတွေက ပင့်တက်လာတာကို မြင်လိုက်ရတဲ့အခါမှာ…
'သခင်ကြီး ကျွန်တော့တို့ကို ခွဲဖို့ ကြိုးစားလေလေ… ကျွန်တာ်တို့ အတူတူပိုပြီး နေချင်ကြလေလေဘဲ…'
'အဲ့ဒါကို အမျှော်အမြင်ရှိတယ်လို့ မင်း ထင်နေတာလား'
'ကျွန်တော့်အကြောင်းကို ဘယ်လောက်အတိုင်းအတာထိ သခင်ကြီး သိပြီးနေပြီလဲဆိုတာ ကျွန်တော် မသိဘူး'
'အနည်းဆုံးတော့ မင်းရဲ့အဆင့်အတန်းရယ်… မင်းဘဝတစ်လျောက်လုံး ဘယ်လိုနေထိုင်ရခဲ့ရလဲ။ ဘယ်လောက်ထိ ခက်ခဲခဲ့လဲဆိုတာတော့ ငါသိတယ်'
'ပြီးတော့ကော…'
'မင်းအကြောင်းတွေအားလုံးကို ရှင်းပြပေးဖို့ လိုလို့လား'
သူ့ရဲ့မျက်နှာပေါ်မှာ အလိုမကျဖြစ်နေတဲ့မျက်နှာရိပ်လေးကို ကျွန်တော် တွေ့လိုက်ရတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ သူတို့က တကယ်ကြီးကို အရမ်းတူတာဘဲ…
'ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ပြောချင်တာက… တကယ်တော့ သခင်ကြီးက ကျွန်တော့်အကြောင်းအားလုံးကို မသိသေးဘူး'
ကျွန်တော် သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီးတော့…
'တကယ်လို့ ကျွန်တော့်အကြောင်းသာ ကောင်းကောင်းသိနေမယ်ဆိုရင် ကျွန်တော်က လူတစ်ယောက်ကို လွယ်လွယ်လေးနဲ့ တရင်းတနှီးနဲ့မနေတက်ဘူးဆိုတာကို သိနေလိမ့်မယ်။ ပြီးတော့ ကျွန်တော်သာ တရင်းတနှီးနဲ့နေလိုက်မိပြီဆိုရင်…'
'…'
'ဘယ်တော့မှ လက်မလွှတ်တက်ဘူးဆိုတာလည်း သိနေလိမ့်မယ်'
'ငါ မင်းကို လက်လွှတ်ပေးဖို့ ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းတို့နှစ်ယောက်ကို ခွဲပစ်မှာ…'
ကျွန်တော် တွေးထားတာနဲ့တော့ သိပ်မကွာ…
'ကမ္ဘာကြီးက သေးသေးလေးလို့ လူတွေ အမြဲတမ်းပြောကြတယ်။ ကျွန်တော်လည်း အဲ့လိုဘဲ ထင်တယ်။ အဲ့ဒါကြောင့် သခင်ကြီး သူ့ကို ဘယ်ကိုဘဲခေါ်သွားခေါ်သွား… ကျွန်တော်က ကျွန်တော့်ဘာသာ နည်းလမ်းရှာပြီး လိုက်ရှာမှာ… တစ်နှစ်ကနေ နှစ်နှစ်ထိ အချိန်ယူနိူင်တယ်။ နှစ်နှစ်ကနေတစ်ဆင့် ဆယ်နှစ်ထိလည်း ကြာသွားနိူင်တယ်ဆိုရင်တောင် ကျွန်တော်တို့ ပြန်ဆုံတွေ့တဲ့အချိန်ထိ ရှာနေမှာ… ပြီးတော့ ကျွန်တော့်စိတ်ထင် ကျွန်တော် တစ်ယောက်တည်း ရှာနေမှာမဟုတ်ဘူး'
ခွေးပေါက်လေးက ဘာမှမလုပ်ဘဲ ဒီအတိုင်းနေနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိူင်ဘူး။
'သခင်ကြီးက ကျွန်တော့်ကို အမျှော်အမြင်မရှိဘူးလို့ ပြောခဲ့တယ်နော်… ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ကို လေ့လာကြည့်လို့ ရပါတယ်။ ကျွန်တော့်ရဲ့လုပ်နိူင်စွမ်းကို ကျွန်တော် အပြည့်အဝ ယုံကြည်တယ်'
'…'
'ကျွန်တော် ဘယ်လောက်ထိ ဆိုးရွားနေပါစေ… တစ်သက်လုံးတော့ ဆိုးရွားနိူင်လိမ့်မယ်တော့ ကျွန်တော် မထင်ဘူး။ တစ်နေ့ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် လုပ်နိူင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပြီးတော့ ဘယ်လောက်ထိ ကြာပြီး ဘယ်လောက်ထိ ခက်ခဲနေပါစေ… Soရှိနေမယ့်နေရာကို ကျွန်တော် သေချာပေါက် ရအောင်ရှာမယ်'
အစကတော့ ကျွန်တော့်ရဲ့အိမ်မက်က Mae Yaiကို စောင့်ရှောက်ဖို့အတွက် ချမ်းသာတဲ့လူဖြစ်အောင် လုပ်ဖို့… တကယ်လို့ အဲ့ဒါကသာ ကျွန်တော့်ရဲ့တကယ့်အိမ်မက်သာဆိုရင် ကျွန်တော့်ရဲ့ဦးတည်ချက်ကိုသာ ပြောင်းပစ်လိုက်မည်။
Mae Yaiကို ထောက်ပံ့ပေးဖို့အတွက် ချမ်းသာတဲ့လူဖြစ်ချင်ရာကနေ… လေယာဉ်ပျံကြီးစီးပြီး နိူင်ငံခြားမှာ ရှိနေတဲ့ကိုယ့်ချစ်သူကို ရှာဖို့အတွက် ချမ်းသာတဲ့လူဖြစ်ချင်တယ်ဆိုတာကိုပေါ့…
'တကယ်လို့ မင်းရဲ့အနာဂတ်က မလှမပဖြစ်ခဲ့ရင်ကော…'
'သခင်ကြီးလိုလူမျိုးက အဲ့လိုမလုပ်ဘူးဆိုတာကို ကျွန်တော် ယုံတယ်'
ကျွန်တော့်မျက်နှာပေါ်က မပြောင်းလဲသေးတဲ့အပြုံးတစ်ခုနှင့်အတူ ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်မိသည်။
'မင်းက ငါ့အကြောင်းကို ကောင်းကောင်းသိနေလို့လား'
ကျွန်တော် အဲ့မေးခွန်းကြောင့် ခဏလောက် တိတ်ဆိတ်သွားတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့မျက်နှာကို မြင်ယောင်တဲ့အခါမှာ ဘာပြန်ပြောရမလဲဆိုတာကို သတိရလိုက်မိသည်။
'သခင်ကြီးက Soloနဲ့ အရမ်းတူပြီး အဲ့လိုလူမျိုးမဟုတ်ဘူးလို့… ကျွန်တော့်ကို Khun Jayက ပြောပြထားတာ…'
ကျွန်တော် သူ့ရဲ့တုန့်ပြန်မှုကို သူ မသိအောင်ခိုးပြီးတော့ သေသေချာချာ စောင့်ကြည့်လိုက်မိသည်။ အစကတော့ သူ ငြိမ်နေပေမယ့် Khun Jayဆိုတဲ့နာမည်လေးကို ကြားလိုက်ရတဲ့အချိန်မှာ သူ့ရဲ့အေးစက်မျက်လုံးတွေက ပြောင်းလဲသွားတာကို ရိပ်ခနဲမြင်လိုက်ရတာ…
ဝမ်းနည်းစွာနဲ့ဘဲ ဖတ်ကြည့်ဖို့ခက်ခဲတဲ့ အဲ့မျက်လုံးတွေရဲ့အဓိပ္ပာယ်ကို ကျွန်တော် မဖော်ပြတက်… ဒါပေမယ့် Khun Jayဆိုတဲ့နာမည်လေးက ကျွန်တော့်အရှေ့မှာ ရှိနေတဲ့လူတစ်ယောက်ရဲ့အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ရှိနေတယ်ဆိုတာကို ကောင်းကောင်းကြီး ခံစားလို့ရနေသည်။
'ငါ မင်းကို ဘာပြောချင်နေလဲဆိုတာကို မင်း တွေးမိရဲ့လား'
သခင်ကြီးက အေးစက်နေတဲ့အသံနှင့် ပြန်ပြောလာသည်။
သခင်ကြီးက လုံးဝကို စကားလမ်းကြောင်းလွှဲလိုက်တာဘဲ…
ကျွန်တော် အသက်ပြင်းပြင်းရှုသွင်းလိုက်မိတယ်။ သခင်ကြီးရဲ့သဘောထားက ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုရင်တောင်မှ သူ့ရဲ့စိတ်ထဲက ဖိစီးမှုတွေက ပိုပြီးကြီးထွားလာသည်။ ဒါပေမယ့် အဲ့လို စိတ်ဖိစီးမှုတွေက ကြီးထွားလာတာကြောင့်… ကျွန်တော် ပိုပြီးသတိထားကာ နေလိုက်မိသည်။
'ကျွန်တော် တွေးမိတာက ကျွန်တော်နဲ့Soloရဲ့ကြားက ဆက်ဆံရေးကို သခင်ကြီးက ရပ်တန့်ပစ်ချင်နေတာမှတ်လား'
ကျွန်တော့်ရဲ့အတွေးကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
'ဟုတ်တယ်'
'အဲ့ဒါကြောင့် ကျွန်တော်တို့ကို ခွဲဖို့အတွက် ကြိုက်တဲ့နည်းလမ်းကို သုံးလို့ရပါတယ်။ အဲ့မတိုင်ခင်တော့ ကျွန်တော် တစ်ခုလောက် အရင်ပြောလို့ရမလား'
သခင်ကြီးက အံ့သြသွားသည်။ သူက ကျွန်တော့်ကို ဆက်ပြောဖို့အတွက် အချက်ပြတဲ့အနေနဲ့ သူ့ရဲ့နက်မှောင်နေတဲ့မျက်ခုံးလေးကို ပင့်တင်ပြနေသည်။ ကျွန်တော် နူတ်ခမ်းတွေကို တင်းနေအောင် စိထားလိုက်ပြီး ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့အရာအားလုံးကို ပြောပြဖို့အတွက် ပြင်ဆင်လိုက်သည်။
'Khun Jayက ကျွန်တော့်ကို…'
'မင်းတို့နှစ်ယောက်က တော်တော်ရင်းနှီးနေတဲ့ပုံဘဲနော်…'
'ဘာပြောလိုက်တာလဲမသိဘူး ခင်ဗျ…'
ကျွန်တော် အဲ့ဒီအသံကို သေချာကြားလိုက်ရတာတောင် သက်သက်မေးလိုက်မိသည်။ ကျွန်တော် တစ်ခုခုကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော့်ရဲ့နူတ်ခမ်းတွေက ပြုံးမိတော့မလိုတောင် ဖြစ်သွားသေးသည်။
'…'
'အဲ့လိုဆိုရင် Khun Jayပါတဲ့အစပိုင်းတွေကို ကျွန်တော် ကျော်ပစ်လိုက်မယ်'
သခင်ကြီးရဲ့မျက်လုံးတွေ ထပ်ပြီးနူးညံ့သွားတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ခိုးပြီး ပြုံးလိုက်မိသေး… ဒါက တကယ်ကြီးကို နောက်နေတာမဟုတ်… Khun Jayဆိုတဲ့နာမည်က သခင်ကြီးအပေါ်မှာ တကယ့်ကို သက်ရောက်မှုကြီးကြီးမားမားရှိနေသည်။
'သူတို့ နောက်တစ်နာရီလောက်ဆို ပြန်ရောက်လာတော့မယ်။ မင်း ပြောစရာရှိတယ်ဆို မြန်မြန်ပြော…'
သခင်ကြီးက ဘာခံစားချက်မရှိဘဲ အေးစက်နေတဲ့အသံနှင့် ပြောလာသည်။ ဒါပေမယ့်လည်း ကျွန်တော် ပျော်တယ်။ သခင်ကြီးက ကျွန်တော့်ကို အခွင့်အရေးပေးလိုက်သလိုမျိုး ခံစားလိုက်ရသည်။
'ကျွန်တော် ပြောချင်တာက… အခု ကျွန်တော့်ဆီမှာ ဘာမှမရှိတော့ဘူး။ သခင်ကြီး ကျွန်တော့်ကို ခြိန်းခြောက်လို့ရမယ့် တစ်ခုတည်းသောအရာက Soဘဲ… ဒါပေမယ့် သခင်ကြီးက ကိုယ့်ရဲ့သားအရင်းကိုတော့ နာကျင်အောင် လုပ်မှာမဟုတ်ဘူးမှတ်လား'
ကျွန်တော် တည်ငြိမ်နေတဲ့မျက်နှာကိုစိုက်ကြည့်နေရင်း ကျွန်တော် တွေးထားတာမှန်ပါစေလို့ဘဲ မျှော်လင့်နေမိသည်။ တကယ်လို့ သူ တကယ်ကြီး ခြိန်းခြောက်လာမယ်ဆိုရင်တောင် ကျွန်တော် လုံးဝမကြောက်… ဒါပေမယ့် အထိအခိုက်ဆုံးဖြစ်လာမယ့်သူက Soloဖြစ်လာလိမ့်မည်။
'ဟုတ်တာပေါ့…' သခင်ကြီးက သူ့ရဲ့မျက်နှာပုံစံကို လုံးဝမပြောင်းလဲဘဲ သဘောတူလာသည်။ တောက်ပနေတဲ့မျက်လုံးတွေက ကျွန်တော့်ကို တန်ဖိုးဖြတ်နေသလိုမျိုး စိုက်ကြည့်နေသည်။ 'ငါ ငါ့ရဲ့သားကို ဘယ်တော့မှနာကျင်အောင် လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီအဓိပ္ပာယ်က သူ လုပ်ချင်တဲ့အရာတိုင်းကို ခွင့်ပြုမယ်လို့ ပြောတာမဟုတ်ဘူး'
'Soလုပ်ချင်တဲ့အရာက ဘာလဲ။ အလုပ်ဆိုရင်တော့ သူ ဘယ်တော့မှ ငြင်းဖို့တောင် မတွေးဘဲ ပြောတဲ့အတိုင်း လုပ်ပေးခဲ့တယ်လေ…'
'မင်းရဲ့ဘဝကြီးက ပျော်ရွင်လိမ့်မယ်လို့ မင်း ထင်လား'
'ကျွန်တော်တို့ အတူတူသာရှိနေမယ်ဆိုရင် ကျွန်တော်တို့ ပျော်ရွင်ရလိမ့်မယ်ဆိုတာ သေချာတယ်'
ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ ပြန်ပြောလိုက်တယ်။
'မင်းက ဒီမှာ လခစားလုပ်နေရတဲ့အချိန်အတွင်းမှာ Soက နိူင်ငံခြားကနေ နေ့တိုင်း ပြန်လာပေးရမယ်ပေါ့…'
'ကျွန်တော်…'
'မင်းက အဆင်ပြေတယ်ဆိုရင်တောင် Soအတွက်ကကော…'
'Soက နားလည်ပေးမှာပါ…'
'ဟုတ်တယ်။ သူ နားလည်ပေးမှာ… ဒါပေမယ့် သူက စိတ်မပါဘဲ လုပ်နေရမှာလေ…'
'…'
'မင်းတို့နှစ်ယောက် ရေရှည်မှာ ပျော်ရွင်ပါ့မလားဆိုတာကိုကော တွေးဖူးလား'
သခင်ကြီးက အေးစက်စွာနဲ့ ပြောလာသည်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း… သူ့ရဲ့စကားတွေကို မငြင်းနိူင်…
'…'
'မင်းရဲ့မျက်နှာအမူအရာအရ မင်းက လက်လျော့မယ့်ပုံမပေါ်ဘူး'
ကျွန်တော် ဘယ်လိုလုပ်ပြီး လက်လျော့နိူင်မှာလဲ။
'Soက ကျွန်တော့်အတွက် အရာအားလုံးဘဲ… ပြီးတော့ ကျွန်တော်တို့ရဲ့အနာဂတ်က ဘာဘဲဖြစ်နေပါစေ… ကျွန်တော်တို့ ပျော်ရွင်ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်'
'အဲ့ဒါက မင်းပါးစပ်ထဲက ထွက်လာတဲ့စကားသပ်သပ်ဘဲလေ…'
သခင်ကြီးက လှောင်ပြောင်ပြီး ပြောလာသည်။
ဟုတ်တယ်… အဲ့ဒါက ပါးစပ်ထဲက ထွက်လာတဲ့စကားသပ်သပ်ဘဲ… သခင်ကြီးပြောသမျှ အရာအားလုံးကလည်း အမှန်တွေချည်းဘဲ… ပြီးတော့ ကျွန်တော်တို့ရဲ့ဘဝက စိတ်ချမ်းသာစရာကောင်းပါ့မလားဆိုတာကို မသိနိူင်ပေမယ့်…
ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြတယ်လေ…
ကျွန်တော့်ရဲ့လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်လိုက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာအောင် တည်ဆောက်နေမိသည်။
'ကျွန်တော့်အမေပြောဖူးတာက ပြသာနာတိုင်းမှာ အဖြေရှိတယ်။ ပြီးတော့ အဝေးကို ထွက်ပြေးတယ်ဆိုတာက သူရဲဘောကြောင်တဲ့လူတွေရဲ့ဖြေရှင်းနည်းတဲ့… အဲ့ဒါကြောင့် ဖြစ်မလာသေးတဲ့ ကိစ္စအတွက်နဲ့ ကျွန်တော် Soကို ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး။ ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်'
'အဲ့ဒါဆို အဲ့ဒီဖြေရှင်းနည်းကို ဆက်ရှာလေ…'
'ဘယ်လို…'
ကျွန်တော် မျက်လုံးအပြူးသားဖြစ်သွားသည်။ ဒီတစ်ခါမှာတော့ ကျွန်တော် နားကြားမှားနေတယ်လို့ ထင်ခဲ့တာ… ကျွန်တော့်နှလုံးသားက ပျော်ရွင်စွာနဲ့ လှုပ်ခါနေပြီ။
'အဲ့ဒီဖြေရှင်းနည်းကို ဆက်ရှာလို့ ငါ ပြောနေတာ…'
သခင်ကြီးက အဲ့စကားကိုဘဲ တည်ငြိမ်တဲ့အသံနှှင့် ပြောလာသည်။
'အဲ့ဒါက မင်းအတွက် စာမေးပွဲဘဲ… လူကောင်းတစ်ယောက်အနေနဲ့ ဘာကိုမှ မစဉ်းစားဘဲ ကြံကြံခံနိူင်တယ်လို့ ပြောလို့ရပေမယ့်… စိတ်မရှည်ဘဲ အလုပ်ကို ဇွဲနဲ့လုပ်တဲ့လူအတွက်ကတော့ ဒုက္ခရောက်လာလိမ့်မယ်'
'သခင်ကြီး…'
ကျွန်တော် ပျော်ရွင်စွာနဲ့ အားရပါးပြုံးနေမိတယ်လို့ ခံစားနေရသည်။
သခင်ကြီးက ကျွန်တော့်ကို သင်ပြပေးခဲ့တာဘဲ… သခင်ကြီးက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တာ…
'အွန်း…'
'ကျေးဇူးအများကြီးတင်ပါတယ်'
ကျွန်တော် လက်အုပ်ချီကာ အရိုအသေပေးလိုက်မိသည်။ သခင်ကြီးက ကျွန်တော့်လို ဘာမှမရှိတဲ့လူမျိုးကို အခွင့်အရေးပေးခဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိသည်။
'ငါ မကောင်းတဲ့အဖေတစ်ယောက် ဖြစ်ခဲ့ပြီးသွားပြီ။ ဒါပေမယ့် ငါ ဘယ်တော့မှ အဲ့လိုမျိုး ထပ်မဖြစ်စေရဘူး'
'ကျွန်တော် ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျမသိပေမယ့် ကျွန်တော့်အတွက်တော့ သခင်ကြီးက လူကောင်းတစ်ယောက်ဘဲ…'
ဒါက ကျွန်တော် ရိုးသားစွာနဲ့ ပြောမိတာပါ။ သခင်ကြီးနဲ့ ခဏလောက်ဘဲ စကားပြောဖြစ်သေးတယ်ဆိုပေမယ့်… သခင်ကြီးက တစ်လျောက်လုံး တည်ငြိမ်နေတယ်ဆိုပေမယ့်… သူ Soloအကြောင်း ပြောပြနေတဲ့အချိန်တိုင်းမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို တွေ့နေရသည်။ သခင်ကြီးက ကျွန်တော့်ကို စစ်ဆေးနေတာတွေ… အခွင့်အရေးပေးခဲ့တာတွေအားလုံးက သူ့ရဲ့သားSoloအတွက် သူ လုပ်ပေးခဲ့တာ…
'တကယ်လား'
'Khun Jayကလည်း ကျွန်တော့်လိုဘဲ တွေးမိတယ်တဲ့…'
ကျွန်တော် အခြားအကြောင်း ပြောလိုက်သည်။ ကျွန်တော် ပြောပြီးတာနဲ့ ချက်ချင်းဆိုသလို အေးစက်နေတဲ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်သွားတာကို ကျွန်တော် တွေ့လိုက်ရသည်။
'အင်း…'
တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ကျွန်တော့်ရဲ့ခံစားချက်တွေက ပိုပြီးကောင်းသွားတာတောင် သခင်ကြီးရဲ့ပတ်လည်မှာရှိတဲ့ အေးစက်နေတဲ့အရှိန်အဝါတွေနဲ့ တင်းမာမှုကိုတော့ ခံစားနေရတုန်းဘဲ… ကျွန်တော် ကြားဖူးတာက စီးပွားရေးလုပ်ငန်းရှင် ဒါမှမဟုတ် အဆင့်အတန်းမြင့်မားတဲ့လူရဲ့ပတ်လည်မှာ ထူးဆန်းတဲ့အရှိန်အဝါရှိတက်တယ်တဲ့… အမြဲတမ်း တည်ငြိမ်ပြီး သခင်ကြီးလို အဆင့်အတန်းမြင့်မားတဲ့လူက ဒေါသထွက်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါမှာ ဘယ်လိုပုံစံမျိုး ဖြစ်သွားမလဲဆိုတာ ကျွန်တော် တွေးတောင် မတွေးကြည့်ချင်… ဘာလို့လဲဆိုတော့ Soloထက် အဆပေါင်းတစ်ရာလောက် ကြောက်စရာကောင်းနေမှာ…
'သခင်ကြီး နေ့လည်စာစားပြီးသွားပြီလား'
ကျွန်တော် ချက်ထားပြီးတော့ လုံးဝမစားရသေးတဲ့အရာတွေကို သတိရလိုက်မိတဲ့အချိန်မှာ တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။
'မစားရသေးဘူး'
သခင်ကြီးက ချက်ချင်းဖြေလာပေမယ့် ဘာလို့မေးတာလဲဆိုတာကို မေးနေတဲ့အကြည့်မျိုးနဲ့ ကျွန်တော့်ကို ပြန်ကြည့်လာသည်။
'စိတ်မရှိဘူးဆိုရင် ကျွန်တော် ချက်ထားတာတွေကို စမ်းစားကြည့်မလား'
ကျွန်တော် ပြုံးပြလိုက်တဲ့အချိန်မှာ သခင်ကြီးက ခေါင်းညိမ့် သဘောတူလာပြီးတော့ ချက်ချင်းမတ်တပ်ရပ်လိုက်ကာ ဘာမှမပြောဘဲ ထမင်းစားစားပွဲနားသို့ သွားနေသည်။
စားပွဲပေါ် တင်ထားခဲ့တဲ့ဟင်းပန်းကန်တွေကို ယူလိုက်ပြီးတော့ မီးဖိုဖွင့်ပြီး ပြန်နွှေးလိုက်ကာ သခင်ကြီးစားဖို့အတွက် ယူလာလိုက်သည်။
'ငါ ဒီအတိုင်းစားလို့ ရပါတယ်'
'မရပါဘူး'
ကျွန်တော် ပတ်ဝန်းကျင်က တင်းမာမှုတွေကို မေ့သွားပြီးတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ အဖေနဲ့သား နှစ်ယောက်စလုံးက သူတို့ကိုယ် သူတို့ ဘာလို့ဂရုမစိုက်ရတာလဲ။
'စားစရာဆိုတာ ပူပူလေးဖြစ်နေတဲ့အချိန်မှာ စားရတာ… အဲ့ဒါဆို ပိုအရသာရှိတယ်'
'အွန်း… မင်းက Jayလိုဘဲ စကားများလိုက်တာ…'
Khun Jayက ပါလာပြန်ပြီ။
'Khun Jayချက်တဲ့ဟင်းတွေက အရသာရှိတယ်လို့ Soပြောပြဖူးတယ်'
သခင်ကြီးက ပထမဆုံးတစ်လုပ်စစားနေတဲ့အချိန်မှာ ကျွန်တော် သူ့ရဲ့တုန့်ပြန်မှုကို ကြည့်ဖို့ ကြိုးစားလိုက်သည်။
'အမ်…'
အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော် Khun Jayချက်ထားတဲ့ဟင်းတွေကို တစ်ခါမှမစားဖူးဘူး။ ပုံမှန်ဆို သူ Soloရဲ့အခန်းကို လာတဲ့အချိန်တိုင်းမှာ ကျွန်တော်ကဘဲ ချက်ပြုတ်ခဲ့ရတာ… အဲ့ဒါကြောင့် သူ့ရဲ့လက်ရာကို စားဖို့အခွင့်အရေးမရခဲ့… Khun Jayကို တစ်ခါလောက်တော့ ချက်ကျွေးဖို့ကို ပူဆာရမယ်။
'စားလို့ကောင်းလား'
ကျွန်တော် မေးလိုက်မိသည်။ အခုအခြေအနေက စာမေးပွဲအောင်စာရင်းကို စောင့်နေရတဲ့အချိန်ထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေမိတာ…
'ကောင်းပါတယ်… ဒါပေမယ့် Jayချက်ထားတာလောက်တော့ မကောင်းဘူး'
အောင်း… ဒီလိုမျိုး တည့်ပြောရလား။
ထမင်းစားပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော် ပန်းကန်တွေကို ဘေစင်သို့ ယူသွားပြီး ဆေးလိုက်သည်။ သခင်ကြီးက ထမင်းစားစားပွဲမှာ ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ထိုင်နေတာ… ဒီလိုမျိုး အေးစက်နေတဲ့လေထုကြီးကို မခံစားနိူင်တာကြောင့် Khun Jayနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေက တစ်ခုခုကို စပြောဖို့အတွက် စဉ်းစားလိုက်မိသည်။ ဘယ်လောက်ဘဲ တိုတောင်းတဲ့တုန့်ပြန်မှုမျိုး ဖြစ်နေပါစေ… သခင်ကြီးနဲ့Soloကြားက တူညီတဲ့အရာတွေကို ပိုပိုပြီး မြင်လာမိသည်။ ပြီးတော့ အရေးကြီးဆုံးအချက်က သခင်ကြီးက Khun Jayအကြောင်းပြောနေပြီဆိုရင် သူ့ရဲ့ပတ်လည်မှာ ရှိနေတဲ့တင်းမာနေတဲ့အရှိန်အဝါတွေက တော်တော်ကြီးကို မှေးမှိန်သွားတာ…
ဒေါက်… ဒေါက်…
တိတ်ဆိတ်မှုအလယ်မှာ တံခါးခေါက်သံက ကျယ်လောက်စွာ ထွက်လာသည်။ ကျွန်တော် နာရီကို ကြည့်လိုက်မိတဲ့အခါမှာ အခု တံခါးခေါက်နေတဲ့သူက Soloနဲ့ Khun Jayမဟုတ်နိူင်ဘူးလို့ တွေးလိုက်မိသည်။ ဘာလို့လဲဆိုတော့ သူတို့ပြန်ရောက်ဖို့အတွက် တစ်နာရီလောက်ကြာဦးမှာလို့ သခင်ကြီးက စောနက ပြောခဲ့တာလေ… ဒါပေမယ့် အခုက မိနစ်သုံးဆယ်လောက်တောင် မကြာသေးဘူး။
'P'Gui! တံခါးဖွင့်ပေးပါဦး!'
ဘယ်သူလဲဆိုတာ ခန့်မှန်းနေစရာမလိုတော့…
ကျွန်တော် သခင်ကြီးဆီက ခွင့်ပြုချက်တောင်းနေသလိုမျိုး လှည့်ကြည့်လိုက်တဲ့အခါမှာ သခင်ကြီးက ခေါင်းပြန်ညိမ့်ပြလာပြီး ဆိုဖာမှာ သွားထိုင်နေသည်။
'မင်္ဂလာပါ အစ်ကို…'
ကျွန်တော် တံခါးဖွင့်လိုက်တာနဲ့ Kaoက ကျွန်တော့်ကို လက်အုပ်ချီပြီး နူတ်ဆက်လာသည်။ ဒါ့အပြင် Kaoရဲ့ဘေးနားမှာတော့ Khun Lindaက စိတ်တိုနေတဲ့မျက်နှာပုံစံမျိုးနဲ့ ရပ်နေတာကိုပါ တွေ့လိုက်ရသည်။
'Kao မင်း…'
'ကျွန်တော့်အဆောင်မှာ မီးဖြတ်ထားလို့လေ… ဒီမှာ ဂိမ်းဆော့ဖို့လာခဲ့တာ…' မောင်ပြာတာလေးကတော့ မကျေနပ်ချက်တွေကို တရစပ်လွှတ်နေပြီ။ ဒါပေမယ့် သူ အထဲကို မဝင်ခင်မှာ Khun Lindaဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးတော့… 'ဒီအဒေါ်ကြီးက အခန်းအရှေှ့မှာ အငြင်းအခုံဖြစ်နေတာကို ကျွန်တော် တွေ့ခဲ့တာ… အစောင့်တွေကို အထဲမှာရှိနေတဲ့သခင်ကြီးနဲ့ သွားတွေ့ဖို့ဆိုပြီး အတင်းတိုးဝင်နေတာလေ…'
'နင်!'
ကျွန်တော် ဘာလုပ်သင့်လဲ။
'သခင်ကြီး!'
Khun Lindaက သူမရဲ့ဦးတည်ချက်ကို ပြောင်းလိုက်ပြီးတော့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့သခင်ကြီးဆီ ပြေးသွားလိုက်သည်။ Soloက သူ့ရဲ့ကွန်ဒိုနားထပ်လာဖို့ သူမကို သေချာသတိပေးခဲ့တာကြောင့် ကျွန်တော် နည်းနည်းလောက် စိတ်ပူနေမိသည်။ သူမက သခင်ကြီးကို ဆင်ခြေတစ်ခုအနေနဲ့ပြောခဲ့တာကြောင့် အစောင့်တွေက ဒီအတိုင်းလွှတ်ပေးလိုက်တာလို့ ကျွန်တော် ထင်မိတာဘဲ…
'Kao… ဒါ Soloရဲ့အဖေလေ…'
ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ကောင်လေးကို ကျွန်တော် တိုးတိုးလေးပြောလိုက်မိတယ်။ သခင်ကြီးဆီ အပြေးသွားပြီး ဘေးမှာထိုင်နေတဲ့ Khun Lindaကို အဲ့ကောင်လေးက မနှစ်မြို့တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
'ကျွန်တော် မျက်နှာကို မြင်လိုက်တာနဲ့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် အဲ့အဒေါ်ကြီးက ဘာကြီးမှန်းမသိဘူး။ သူ့ရဲ့အသံကြောင့် ကျွန်တော့်နားတွေ ပေါက်ကွဲသွားပြီလားတောင် အောက်မေ့ရတယ်။ သူက ကျွန်တော် မသိတဲ့ဟာကိုဘဲ တောက်လျောက်အော်ပြောနေတာလေ…'
'သူ့ကို ဒီအတိုင်းထားလိုက်ပြီး… အရင်ဆုံး သခင်ကြီးကို သွားနူတ်ဆက်လိုက်…'
ကျွန်တော် Kaoရဲ့နောက်ကျောလေးကို အသာလေးရိုက်လိုက်တဲ့အခါမှာ သူက ခေါင်းပြန်ညိမ့်ပြလာပြီးတော့ သခင်ကြီးဆီ သွားလိုက်သည်။
'Soရဲ့အဖေ နေကောင်းရဲ့လား ခင်ဗျ…'
Kaoက လက်အုပ်ချီပြီး နူတ်ဆက်ကာ အကြောက်အလန့်လုံးဝမရှိဘဲ သခင်ကြီးရဲ့မျက်နှာချင်းဆိုင်ထိုင် လိုက်သည်။
'အင်း…'
'သခင်ကြီး… အဲ့ကလေးက Linကို စော်ကားတယ်'
Khun Lindaက သခင်ကြီးရဲ့လက်မောင်းကို အသာလေးလှုပ်ပြီး သူမရဲ့မျက်လုံးတွေကတော့ Kaoကို စိုက်ကြည့်နေတယ်။
ဘယ်လိုတောင်လား… ဒီအမျိုးသမီးက…
'ဒီမှာ အဒေါ်ကြီး… ဒရမ်မာတွေ ခင်းပြမနေနဲ့…' Kaoက စိတ်မချမ်းမသာဖြစ်နေတဲ့မျက်နှာမျိုး ပြောင်းလိုက်ပြီးတော့… 'အခုလိုမျိုး သရုပ်ဆောင်ပြနေတာကို လူတွေက အသိအမှတ်ပြုလိမ့်မယ်လို့ ထင်နေတာလား'
'နင်!'
'ရုပ်လည်းချော၊ ပိုက်ဆံလည်း ရှိရဲ့သားနဲ့… ဘယ်လိုပြုမူပြောဆိုနေထိုင်ရမလဲဆိုတာကိုတော့ P'Guiဆီကနေ သင်ယူသင့်တယ်'
ကျွန်တော့်ကိုပါ ဘာလို့ဆွဲထည့်ရတာလဲ။
'တော်တော်ရိုင်းစိုင်းတဲ့ကလေး!'
Khun Lindaက ဒေါသထွက်လာတာမို့လို့ Kaoရဲ့လက်မောင်းကို အသာလေးထိတွေ့ရင်း သတိပေးလိုက်မိသည်။ ပြီးတော့ သခင်ကြီး ဒေါသထွက်လာမှာကိုလည်း ကျွန်တော် ကြောက်မိသည်။ ဒါပေမယ့် ကြည့်ရတာ ကျွန်တော်ဘဲ အတွေးလွန်သွားတာလား မသိ… ဘာလို့လဲဆိုတော့ သခင်ကြီးက ဘာမှပြန်မပြောတဲ့အပြင် မကျေနပ်တဲ့ပုံစံမျိုးကို နည်းနည်းလေးတောင် ပြမလာဘူး။
'ကျွန်တော် အမှန်တိုင်းမေးမယ်နော်… အဖေ ဒီမိန်းမကို ဘယ်နေရာကနေ ရှာတွေ့လာတာလဲ'
ဒီတစ်ခါမှာတော့ ဒီကလေးက သခင်ကြီးကို တိုက်ရိုက်မေးလိုက်သည်။ အဲ့အချိန် သခင်ကြီးရဲ့မျက်လုံးထဲမှာ ရယ်ချင်နေတဲ့အရိပ်အယောင်လေးတွေကို ကျွန်တော် ဖြတ်ခနဲမြင်လိုက်ရသည်။
'သူငယ်ချင်းရဲ့သမီးဆိုတော့…' သခင်ကြီးက သာမန်လေသံအတိုင်း ပြန်ဖြေလာသည်။ သူ့ရဲ့လက်မောင်းကို လှုပ်ခါနေတဲ့Khun Lindaကို လုံးဝဂရုမစိုက်… 'ဒီအတိုင်း ကြည့်ရှုစောင့်ရှောက်ပေးတာ…'
'အိုး… ကျွန်တော်က အဖေ့ရဲ့ဇနီးအသစ်လို့ ထင်နေတာ…'
Kaoက ဂရုမစိုက်ဟန်ပြလိုက်ပြီး သူ့ရဲ့အကျင့်အတိုင်း အေးဆေးပြန်ပြောလိုက်သည်။ ကျွန်တော်တစ်ယောက်တည်းကသာ ဘာမှနားမလည်ဘဲ မျက်လုံးလေးကလယ်ကလယ်ဖြစ်နေတာ…
အနှစ်ချုပ်ပြောရရင် Lindaက သခင်ကြီးရဲ့သူငယ်ချင်းရဲ့သမီး… သမီးဖြစ်သူကို ကြည့်ရှုစောင့်ပေးဖို့အတွက် သူငယ်ချင်းက အကူအညီတောင်းထားတာ… ဒါပေမယ့် သူမက သခင်ကြီးတွေးသလိုမျိုး တွေးမနေဘူးလို့ ကျွန်တော် ထင်မိသည်။ ပြီးတော့ ခွေးပေါက်လေးနဲ့ Khun Jayတို့ကလည်း သူမအတိုင်း တွေးနေကြတာ…
'သခင်ကြီး!'
'ဒီအဒေါ်ကြီးကို အခန်းထဲက အရင်ထုတ်လိုက်လို့ရမလား'
Kaoက စိတ်အနှောက်အယှက်ဖြစ်နေတဲ့အသံမျိုးနဲ့ ပြောလာသည်။ ဒီမောင်ပြာတာလေးရဲ့ဗြောင်ကျကျစကားကြောင့် ကျွန်တော် ခိုးပြီးရယ်လိုက်မိတယ်။ ကျွန်တော် သူ့ကို ပေးထားတဲ့နာမည်ပြောင်လေးနဲ့ သူနဲ့ လိုက်လွန်းသည်။
'Linda မင်း အရင်သွားနှင့်လိုက်…'
သခင်ကြီးက တကယ်ကြီးကို နှင်ထုတ်လိုက်တာလား။
'သခင်ကြီး! ဘာလို့ Linကို အထဲမှာမနေခိုင်းရတာလဲ'
'ဒီမှာ အဒေါ်ကြီး… အဒေါ်ကြီး လုပ်ခဲ့တဲ့အရာတွေကို ကျွန်တော် မပြောခင်… မြန်မြန်ထပြီး ထွက်လိုက်တော့…'
'ပြန်မေးရဲတယ်ပေါ့…'
သခင်ကြီးက မျက်ခုံးတွေပင့်တင်ပြီး မေးလိုက်တဲ့အခါမှာ Khun Lindaရဲ့မျက်နှာက ဖြူဖျော့သွားသည်။ ဒီတစ်ခါမှာတော့ သူမက သခင်ကြီးကို အမြန်နူတ်ဆက်ပြီး အပြင်သို့ ခပ်မြန်မြန်ထွက်သွားလိုက်သည်။ ပြီးတော့ သူမ မထွက်သွားခင်အချိန်လေးမှာ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့Kaoကို သတ်ဖြတ်ချင်နေတဲ့အကြည့်တွေနဲ့ ကြည့်ဖို့ကို မမေ့ခဲ့ပါ။
'ဒါက သက်သက်စွပ်စွဲတာမဟုတ်ဘူး။ ဒါပေမယ့် စောနတုန်းက Soloက ကျွန်တော့်ကို ဖုန်းဆက်ခဲ့တယ်… အဲ့ဒီအဒေါ်ကြီးက Hia Jayကို လဲကျသွားတဲ့အထိ တွန်းပစ်ပြီး စကားနဲ့စော်ကားခဲ့တယ်လို့ ကျွန်တော့်ကို ပြောတယ်။ အဲ့ဒါ ဟုတ်တယ်မှတ်လား'
မင်း ပြောနေတာတွေက မမှားဘူး Kao…
'ဘာပြောလိုက်တယ်'
သခင်ကြီးရဲ့အသံက ပိုပြီးတော့ ကြမ်းတမ်းလာပြီ။ ဒေါသထွက်နေတဲ့အချိန်မှာ တောက်ပနေတဲ့မျက်လုံးတွေက ခွေးပေါက်လေးနဲ့ တစ်ပုံစံတည်းဆိုတာကို တွေ့လိုက်ရသည်။ ဒါပေမယ့် မတူတဲ့တစ်ချက်က သခင်ကြီးက သူ့ရဲ့ခံစားချက်တွေကို ပိုပြီးကောင်းကောင်းထိန်းချုပ်နိူင်တာဘဲ…
'ပြောတဲ့အတိုင်းဘဲ အဖေ… Soက သူ့ရဲ့ချစ်သူကို ဖုန်းဆက်တော့ ဖုန်းမကိုင်လို့ဆိုပြီး ကျွန်တော့်ကို မကျေမနပ်နဲ့ ဖုန်းဆက်လာတာ… သူ အိမ်ကို အမြန်ပြန်လာချင်ပေမယ့် နောက်ကျဦးမှာ… အဖေက သူတို့ကို ဝေးတဲ့တစ်နေရာမှာ နေ့လည်စာသွားစားဖို့ဆိုပြီး ချိန်းထားပေမယ့် အဖေက ရောက်မလာဘဲ သူတို့ကို လှည့်သွားတယ်တယ်လို့ ကျွန်တော့်ကို ပြောပြတယ်။ အဖေက P'Guiကို တစ်ခုခုလုပ်လိုက်မှာကို သူက စိုးရိမ်နေတာ… အဲ့ဒါကြောင့် သူက ဒီကိုလာပြီး စောင့်ကြည့်ခိုင်းထားတယ်။ ဒီလောက်ပါဘဲ…'
Kaoက ကျွန်တော့်ကို ကြည့်ရင်း ရယ်လာတဲ့အခါမှာ တစ်ခုခုကို သတိရသွားတာကြောင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းထသွားသည်။ အိပ်ခန်းထဲမှာ ဖုန်းထားခဲ့တာကို မေ့နေတာဘဲ… အဲ့ဒါကြောင့် ဖုန်းသံမကြားရတာ မထူးဆန်းတော့…
'ကျွန်တော်တို့အဆောင်က မီးဖြတ်ထားတာလေ… အဲ့ဒါကြောင့် ကျွန်တော်လည်း ဒီကို လာဖို့ကို လိုလိုလားလားလက်ခံလိုက်ပြီး ဒီမှာဘဲ ဂိမ်းဆော့ဖို့ စီစဉ်လိုက်တာ… ဒါဆို ကျွန်တော် ဆော့လို့ရမလား အဖေ…'
'Kao… မရိုင်းရဘူးလေ…'
ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ဂိမ်းခွေရွေးနေတဲ့မောင်ပြာတာလေးဘက်သို့ လှည့်ကြည့်ပြီး ဆူလိုက်မိသည်။
'ကိစ္စမရှိဘူး'
သခင်ကြီးက လက်ကို ဝှေ့ပြလာသည်။ ထိုစကားကို ကြားလိုက်ရတဲ့အခါမှာ ခဏလောက် အခွေရွေးနေတာ ရပ်သွားတဲ့ကောင်လေးက ပြုံးလာပြီးတော့ အခွေတွေကို ဆက်ရွေးနေသည်။
'ဒီKaoကတော့…'
ကျွန်တော် ညည်းတွားလိုက်မိသည်။ ပြောရမယ်ဆိုရင် သူက ချစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် နာနာလေးရိုက်ပစ်ချင်တဲ့အထိကို သူက အရမ်းချစ်စရာကောင်းနေသည်။
'အဲ့ဒါ အမှန်ဘဲလား'
သခင်ကြီးက ပုံမှန်စကားပြောနေတဲ့ပုံစံမျိုးနဲ့ မေးလာသည်။ အစကတော့ သူ ဘာပြောနေတာလဲဆိုတာကို ကျွန်တော် နားမလည်ပေမယ့် သူ့ရဲ့မျက်လုံးထဲက မကောင်းတဲ့အငွေ့အသက်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ နားလည်သွားသည်။
'ဟုတ်ပါတယ်'
Khun Lindaက Khun Jayကို တွန်းထုတ်ပြီး စော်စော်ကားကားပြောခဲ့တယ်ဆိုတာ အမှန်တွေဘဲလေ…
'အင်း…'
သခင်ကြီးက တိတ်ဆိတ်သွားသည်။ ဒါပေမယ့် ကျွန်တော် တွေးမိတာက… သခင်ကြီးကသာ Soloနဲ့ တကယ်တူတယ်ဆိုရင်… အဲ့ဒီတိတ်ဆိတ်ငြိမ်သက်မှုတွေရဲ့နောက်မှာ သေချာပေါက် မုန်တိုင်းတစ်ခုရှိနေလိမ့်မည်။
သခင်ကြီးကို ပြောပြလိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့လား။
'အဖေ…'
Kaoရဲ့မျက်လုံးတွေက ဂိမ်းကနေလုံးဝမခွာဘဲ သခင်ကြီးကို ခေါ်လိုက်သည်။
'Soloကို ဘာလို့ ကျွန်တော်တို့နဲ့ မပေါင်းခိုင်းချင်ရတာလဲ။ အဖေက သူ့ကို ဘာလို့ အခြားသူတွေနဲ့ ရင်းရင်းနှီးနှီးမရှိစေချင်သလိုဘဲ…'
ခွေးပေါက်လေးက ဒီမောင်ပြာတာလေးကိုသာ ပြောပြခဲ့တဲ့… ကျွန်တော် မသိသေးတဲ့အကြောင်းဖြစ်လိမ့်မည်။
'အရမ်းချည်နှောင်ထားမိတဲ့အခါမှာ နောက်ဆုံးခွဲခွာခါနီးအချိန်ကျရင် အရမ်းခက်ခဲရလိမ့်မယ်။ အစကတည်းက သံယောဇဉ်မဖြစ်ခဲ့မိရင်တော့ အကောင်းဆုံးဘဲပေါ့… ဒါက အရင်တုန်းက တွေးခဲ့မိတဲ့အတွေးပေါ့…'
သခင်ကြီးက ဆိုဖာပေါ် မှီလိုက်ပြီးတော့
'ပြီးတော့ ငါက ရှင်းပြရတာကို သဘောကျတဲ့လူမျိုးမဟုတ်ဘူး'
အဲ့ဒါဆို အားလုံးက သခင်ကြီးအပေါ် အထင်လွဲနေကြတာပေါ့…
သခင်ကြီးက Soloကို ဘာလို့ အနီးကပ် မစောင့်ရှောက်ခဲ့ရတာလဲဆိုတာကို ကျွန်တော် မသိပေမယ့် သခင်ကြီးဆီမှာ သင့်တော်တဲ့အကြောင်းပြချက်ရှိနေမှာ သေချာသည်။ ပြီးတော့ သခင်ကြီးက ကျွန်တော် တွေးထားခဲ့သလိုမျိုး ကြောက်စရာကောင်းတဲ့လူမဟုတ်…
'အဖေ အဲ့ဒါနဲ့ပတ်သတ်ပြီးစိတ်မပူနဲ့… ကျွန်တော်ကော Jediကော သူ့အနားမှာ တစ်သက်လုံးနေမှာ… တကယ်လို့ ကျွန်တော်တို့ တစ်နေရာစီ ကွဲသွားတယ်ဆိုရင်တောင် အချင်းချင်း အချိတ်အဆက်ရှိနေမှာဘဲ… ကျွန်တော်က အရမ်းတွယ်ကပ်တက်တဲ့သူဗျ… သူ နိူင်ငံခြားသွားတယ်ဆိုရင်တောင် ကျွန်တော်က သူ့ကို လာတွေ့မှာ…'
ခွေးပေါက်လေးက ယုံကြည်ချက်ရှိရှိနဲ့ ပြောနေတဲ့အတိုင်းပင်…
'ဟား ဟား…'
သခင်ကြီးက ခပ်တိုးတိုးလေး ရယ်လာသည်။ သူ့ရဲ့မျက်နှာက ရုပ်တည်ကြီးနဲ့ တလဲ့လဲတောက်ပနေကာ မျက်လုံးတွေ မှိတ်တဲ့အထိ ရယ်နေတာ… အဲ့ပုံစံကို ကျွန်တော် မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော်လည်း မထိန်းနိူင်ဘဲ ရယ်လိုက်မိသည်။
Kaoဆိုတဲ့ကလေးက လူတွေကို ရယ်မောလာအောင်လုပ်ဖို့အတွက် မွေးဖွားလာတဲ့ကလေးဆိုတာ အမှန်ပင်… အရာအားလုံးကို ပိုပြီးလွယ်လာအောင် လုပ်နိူင်သည်။
ခွေးပေါက်လေးနဲ့ Jayက ကျွန်တော့်ကို ကူဖို့အတွက် Kaoကို ဒီကိုလွှတ်လိုက်တာ ဖြစ်နိူင်သည်။ ပြီးတော့လည်း အဲ့အကြံက တကယ့်ကို ထိရောက်ခဲ့သည်။
အခုတော့ ခွေးပေါက်လေးက သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်ချက်စာမေးပွဲကို ဖြတ်ကျော်နိူင်ပါစေလို့ဘဲ မျှော်လင့်နေမိသည်။
'သခင်ကြီး…' ကျွန်တော် သခင်ကြီးကို တည်ငြိမ်တဲ့မျက်နှာပုံစံမျိုး လုပ်လိုက်ပြီး မေးလိုက်သည်။ 'Soနဲ့ Khun Jayတို့ အပြင်မသွားခင်အချိန်တုန်းက… ကျွန်တော် Khun Jayနဲ့ စကားပြောဖြစ်တယ်'
'…'
'သူ တစ်နေရာရာကို ထွက်သွားဖို့လုပ်နေတယ်လို့ ကျွန်တော် ခံစားနေရတယ်'
'ဘာအဓိပ္ပာယ်လဲ'
ကျွန်တော့်ရဲ့မျက်လုံးတွေက စနောက်နေတဲ့ပုံရိပ်တွေ ရှိမနေတာကြောင့် သခင်ကြီးက မတ်မတ်ထိုင်လိုက်သည်။
'နည်းနည်းကြာလာရင် သခင်ကြီးရဲ့လက်ထောက်နေရာကနေ နူတ်ထွက်တော့မယ့်ပုံစံလိုမျိုးနဲ့ ပြောလာတာ…'
အဲ့ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ထင်မြင်ချက်ဆိုပေမယ့် ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်မိသည်။ ဒါပေမယ့် ကျွန်တော် တွေးထားတဲ့အတိုင်း သခင်ကြီးက တကယ်သာဆိုရင်… ကျွန်တော် ကူညီပေးချင်သည်။
ကျွန်တော့်စကားသံဆုံးသွားတာနဲ့ ဘယ်သူမှ ဆက်မပြောဖြစ်ကြတော့… တစ်ခန်းလုံးမှာ Kaoရဲ့ဂိမ်းဆော့နေတဲ့အသံသာ ကြားနေရသည်။ သခင်ကြီးရဲ့မျက်နှာက ကျွန်တော် ထပ်မကြည့်ရဲလောက်တဲ့အထိ ကြောက်စရာကောင်းနေသလို… အခုအချိန်မှာ သူ ဘာစကားမှ မကြားချင်လောက်ဘူးလို့ ကျွန်တော် ထင်မိသည်။
'ငါ ငါ့အခန်းကို ပြန်တော့မယ်'
သခင်ကြီးက ပြောပြီးတာနဲ့ တန်းပြီးမတ်တပ်လိုက်တာကြောင့် ကျွန်တော်ပါ အမြန်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ မောင်ပြာတာလေးကတော့ အနောက်ကို လှည့်ပြီး လက်အုပ်ချီပြီး ဂါရဝပြုလာသည်။
'ကျွန်တော် လိုက်ပို့ပေးပါမယ်'
ကျွန်တော် သခင်ကြီးကို ဟိုဘက်အခန်းရောက်တဲ့အထိ လိုက်ပို့လိုက်သည်။ ဒါပေမယ့် သခင်ကြီးက အထဲမဝင်ခင်မှာ အနောက်ကို လှည့်လာပြီး ကျွန်တော့်ကို ကြည့်ကာ…
'ငါ ဒီနေ့ မင်းဆီလာပြီး စကားပြောဖြစ်တယ်ဆိုတာက… မင်းက ဘယ်လိုလူမျိုးလဲဆိုတာကို ငါ သိချင်လို့…'
သခင်ကြီးက တည်ငြိမ်စွာနဲ့ ပြောလာသည်။
'ငါ မင်းရဲ့နောက်ခံအကြောင်းတွေ စုံစမ်းပြီးသွားတဲ့အခါမှာ Soနဲ့ ကိုက်ညီတဲ့အချက်အလက်တွေကို တစ်ခုမှမတွေ့ခဲ့ဘူး။ မင်းသာ ငါ့စိတ်ကို မပြောင်းနိူင်ခဲ့ရင် မင်းတို့နှစ်ယောက် ထပ်ပြီးတွေ့ရမှာ မဟုတ်ဘူး။ အဲ့လိုဖြစ်အောင်လည်း ငါ လုပ်နိူင်တယ်ဆိုတာ သေချာတယ်'
ကျွန်တော် သိတာပေါ့… ကျွန်တော်က အာသွက်လျှာသွက်နဲ့ ပြန်တွေ့တဲ့အထိရှာမယ်လို့သာ ပြောခဲ့တာ… ဒါပေမယ့် သခင်ကြီးကသာ ကျွန်တော်တို့နှှစ်ယောက်ကို တကယ်ခွဲလိုက်မယ်ဆိုရင် ဘယ်လောက်ထိ ခက်ခဲပင်ပန်းမလဲဆိုတာ ကျွန်တော် သိတယ်။
'Soအတွက်ကြောင့်တစ်ခုတည်းနဲ့ ငါ မင်းကို အခွင့်ရေးပေးခဲ့တာမဟုတ်ဘူး။ မင်းရဲ့စိတ်ဓာတ်ကြောင့်လည်း ပါတယ်။ ဒီအတိုင်းဘဲ ဆက်နေပါ။ လုံးဝလက်မလျော့လိုက်နဲ့… မင်းက သူ့ရဲ့ဘေးနားမှာ ရပ်တည်ဖို့အတွက် ထိုက်တန်တယ်ဆိုတာကို ငါ့ကို သက်သေပြလိုက်စမ်းပါ။ မင်း သူ့ကို ကာကွယ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့… မင်း ပြောခဲ့တဲ့အတိုင်း ဆက်လုပ်ရမယ်'
ကျွန်တော့်မှာ ပြောချင်တဲ့စကားတွေ အများကြီးရှိလာသည်။ ဒါပေမယ့် ပါးစပ်ဟလိုက်တဲ့အချိန်တိုင်းမှာ ဘာစကားလုံးမှ ထွက်မလာ… နောက်ဆုံးမှာတော့ သခင်ကြီးကို ရိုသေလေးစားမှုအပြည့်နဲ့ လက်အုပ်ချီပြီး ဂါရဝပြုလိုက်သည်။
'မင်းရဲ့အလုပ်သင်ကာလပြီးသွားတာနဲ့ ငါ စိတ်ကျေနပ်လောက်မယ့်အဖြေကို ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်'
'Guitar!'
ကျွန်တော့်ရဲ့အကြည့်က သခင်ကြီးဆီကနေပြီးတော့ ကျွန်တော့်ဆီ ပြေးလာတဲ့သူကို ကြည့်လိုက်မိသည်။ Soloရဲ့ပုံစံက အခုမှ အိပ်ယာထဲက ထလာသလိုမျိုး အသည်းအသန်ဖြစ်နေပြီးတော့ သူ့ရဲ့အနောက်မှာ Khun Jayက နီးကပ်စွာ ပါလာသည်။
'အဆင်ပြေရဲ့လား!'
ခွေးပေါက်လေးက သူ့ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီးတော့ သူ့ရဲ့နောက်ကျောဘက်ကို ပို့လိုက်ကာ သူ့အဖေရဲ့ရှေ့မှာ မားမားမတ်မတ်ကြီး ရပ်နေသည်။ သူ့ရဲ့ပုံစံက အရမ်းထိတ်လန့်ပြီး ကြောက်ရွံ့နေတဲ့ပုံဖြစ်နေတာကြောင့် သူ့လက်လေးကို ကျွန်တော် ဆုတ်ကိုင်လိုက်သည်။
'အစ်ကိုတို့ ဒီအတိုင်း စကားပြောကြတာပါ'
'Jay မင်း ဒီကို လာခဲ့…'
သခင်ကြီးက Khun Jayကို လှည့်ခေါ်လိုက်ပြီးတော့ သူ့ရဲ့အနောက်ကနေ လိုက်ခိုင်းလာသည်။ သခင်ကြီးက အခြားသူတွေကို ဂရုမစိုက်ဘဲ သူ့အခန်းထဲ ဝင်သွားတဲ့အခါမှာ Khun Jayက ကျွန်တော်တို့ကို ခေါင်းညိမ့်ပြပြီးတော့ ဝမ်းနည်းနေတဲ့မျက်နှာနှင့် အနောက်ကနေ လိုက်ဝင်သွားသည်။
'အထဲ အရင်ဝင်ရအောင်လေ…'
စိုးရိမ်နေတဲ့ခွေးပေါက်လေးရဲ့လက်မောင်းကို ဆွဲကိုင်ပြီး ပြောလိုက်သည်။ ကျွန်တော်တို့ အိမ်ထဲသို့ရောက်တာနဲ့ ကျွန်တာ့်ကို ဆွဲခေါ်သွားပြီး ဆိုဖာမှာ ထိုင်ခိုင်းလာသည်။ ခွေးပေါက်လေးက ဂိမ်းဆော့နေတဲ့ သူ့သူငယ်ချင်းကိုတောင် လုံးဝလှည့်မကြည့်ခဲ့…
'Soအဆင်ပြေရဲ့လား'
ကျွန်တော့်ဘက်က အရင်မေးလိုက်မိသည်။ ပြီးတော့ သူ့ရဲ့စိတ်ပူပန်မှုတွေကို လျော့ကျသွားအောင် သူ့ရဲ့လက်ဖမိုးလေးကို ပွတ်သပ်ပေးဖို့ကိုလည်း မမေ့ခဲ့ပါ။
'ကျွန်တော့်ကို ပြောပြ…' ကျွန်တော် Soloကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်ဆိုတဲ့အကြောင်းတွေ… ကျွန်တော်တို့ စောနက ပြောဖြစ်ခဲ့တဲ့စကားအားလုံးကို လုံးဝမဖုံးကွယ်ဘဲ ပြောလိုက်သည်။ ကျွန်တော် ပြောနေတဲ့တလျောက်လုံးမှာ Soloရဲ့မျက်နှာက ကြောက်စရာကောင်းလာပြီးတော့… ပြောပြီးသွားတဲ့အခါမှာတော့ သူက ငြိမ်သက်နေသည်။
'So…'
'…'
'အရာအားလုံးကို မျက်စိမှိတ်ပြီး မတွေးလိုက်နဲ့…'
မျက်မှောင်ကြုတ်ထားတဲ့ မျက်ခုံးနှစ်ခုကြားထဲက နေရာလေးကို လက်ညိုးလေးနှင့် ထိတွေ့လိုက်ကာ…
'အစ်ကိုတို့ရဲ့မျက်လုံးနှစ်ဖက်နဲ့ မြင်နေရတာတွေက အရာအားလုံးမဟုတ်သေးဘူး။ Khun Jayနဲ့ ဖြစ်ခဲ့တဲ့အကြောင်းကိုဘဲ So ပြန်စဉ်းစားကြည့်လေ…'
ဘာလို့လဲဆိုတော့ Soloက သခင်ကြီးကို အမြဲတမ်းမုန်းနေတဲ့စိတ်နဲ့ဘဲ ကြည့်ခဲ့တာ… အဲ့ဒါကြောင့် သူ့ရဲ့တစ်ဖတ်သတ်အမြင်တွေအပေါ် အခြေခံပြီးတော့ သူ ထင်တာတွေကိုစုပြီး အမှန်လို့ထင်နေတာ မထူးဆန်းတော့… ပြီးတော့ ကျွန်တော့်မှာ သခင်ကြီးအပေါ် သူ့လိုမျိုး တစ်ဖက်သတ်အမြင်တွေ မရှိတာကြောင့် သခင်ကြီးနဲ့တွေ့တဲ့အခါမှာ Soloမမြင်နိူင်ခဲ့တဲ့အပိုင်းတွေကိုပါ ကျွန်တော် ပိုပြီးတွေ့ခဲ့ရတာ…
'သခင်ကြီးက Soနဲ့ တကယ်တူတယ်။ သေချာရှင်းပြရတာကို သဘောမကျတဲ့အပြင် တစ်ယောက်ကို တစ်ယောက် အထင်လွဲနေကြတယ်'
'မတူပါဘူး။ ကျွန်တော်က အဖေနဲ့ နည်းနည်းလေးမှ မတူဘူး'
'အင်းပါ… မတူပါဘူး'
'ကောင်းတယ်'
ခွေးပေါက်လေးရဲ့ပျော်သွားတဲ့အမူအရာလေးကို ကြည့်ပြီး ကျွန်တော် ပြုံးလိုက်မိသည်။ ခဏလောက် ရယ်ပြီးသွားတဲ့အခါမှာ ကျွန်တော့်ရဲ့မျက်နှာကို တည်ထားလိုက်ပြီးတော့ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။
'Soရဲ့နှလုံးသားကို ဖွင့်ထား… ဘာဘဲဖြစ်လာဖြစ်လာ ဒီအတိုင်းထားထားလိုက်… နီးနီးကပ်ကပ် သွားကြည့်တော့မှ ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာကို မြင်ရလိမ့်မယ်။ ဘယ်တော့မှ အပေါ်ယံကို မကြည့်နဲ့…'
'ကျွန်တော် အဲ့လိုမျိုးနေခဲ့တာ အရမ်းကြာနေပြီ'
Soloက ကျွန်တော့်ရဲ့အကြည့်တွေကို ရှောင်လိုက်သည်။
'အတိတ်ကို ပြန်ကြည့်ဖို့အတွက် အစ်ကို ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ယခု ပစ္စုပ္ပန်အချိန်မှာတော့ Soကို အဲ့လိုမျိုး ကြည့်စေချင်တယ်'
အရင်တုန်းကကျတော့ သူက အရမ်းငယ်သေးတယ်လေ… ဒါပေမယ့် အခုကျတော့ အကျိုးအကြောင်း သင့်လျော်အောင် စဉ်းစားတက်တဲ့အရွယ်ရောက်နေပြီ။
သူ့ရဲ့နှလုံးသားသာ နည်းနည်းလောက် ထပ်ဖွင့်လိုက်မယ်ဆိုရင် သူ အမြဲပြောနေကြဖြစ်တဲ့ သူ့အဖေ့ဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးမှုမရခဲ့ဘူးဆိုတာက အမှန်မဟုတ်မှန်း သိသွားလိမ့်မည်။ သူက သူ့ရဲ့အမြင်တစ်ဖက်တည်းကိုဘဲ ကြည့်ခဲ့တာ…
'Soမှာ ကိုယ့်အကြောင်းပြချက်နဲ့ကို ရှိတယ်။ အဲ့ဒါကြောင့် သခင်ကြီးဆီမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပေါ့… ပြီးတော့ အခုဆို သခင်ကြီးက အလျော့ပေးဖို့ ဆန္ဒရှိနေပြီ… Soလည်း သူ့လို ကြိုးစားရမယ်'
Soloက လှည့်ကြည့်လာတဲ့အခါမှာ ကျွန်တော်က နူးညံ့တဲ့အကြည့်တွေနဲ့ ပြန်ကြည့်လိုက်ပြီးတော့ သူ့ကို ပြုံးပြလိုက်သည်။
'ကျွန်တော် ကြိုးစားကြည့်ပါမယ်'
တစ်ခါတစ်လေကျရင် လူတွေက အရမ်းအတွေးလွန်သွားပြီးတော့… ရိုးရှင်းတဲ့အရာတွေကို မမြင်ဘဲ ကျော်သွားတက်ကြတယ်။ အဖေဖြစ်သူနဲ့ပတ်သတ်ပြီး အမှန်တရားကို မမြင်နိူင်သေးတဲ့Soloလိုပေါ့… တကယ်တော့ သခင်ကြီးဆိုတာ Soloလိုမျိုး သူချစ်ရတဲ့သူတွေအတွက် ဘာမှမဆိုလုပ်ပေးနိူင်တဲ့ လူမျိုး…
ပြီးတော့ အဲ့အရာတွေက ဒီလအနည်းငယ်အတွင်းမှာ… Soloနဲ့ ကျွန်တော် ရှာဖွေရမယ့်အရာတွေ ဖြစ်သည်။
…_…