'ဒီမှာလေ… ဆရာတို့ ဒီမှာ ရေချိုးလို့ရတယ်'
N'Jaက ကျွန်တော်တို့ နေတဲ့အိမ်နဲ့ သိပ်မဝေးတဲ့နေရာက စမ်းချောင်းကို ညွှန်ပြရင်း ပြောလာသည်။ နည်းနည်းလောက်တော့ လမ်းလျောက်ရပေမယ့်လည်း နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဘာဘဲဖြစ်ဖြစ် ဒီလိုရာသီဥတုနဲ့ ဒီထိလာပြီး ရေချိုးလို့မှမရတာ…
'အစ်ကိုတို့ ဒီမှာ ချိုးရမှာလား'
ကျွန်တော် N'Jaဘက်ကို လှည့်ပြီးမေးလိုက်တဲ့အချိန်မှာ ကျွန်တော့်ဘေးနားက အသေးလေးက စမ်းချောင်းရှိရာသို့ လှစ်ခနဲပြေးထွက်သွားတာကို တွေ့လိုက်ရသည်။ ကျွန်တော် ပြေးဖမ်းဖို့လုပ်လိုက်ပေမယ့် ကျွန်တော့်ဘေးနားက ကောင်လေးက ပိုမြန်သည်။ Soloက N'Moonကို အမြန်ကောက်ချီလိုက်ပြီးတော့ အသေးလေးကို ဆူချင်နေတဲ့ပုံစံမျိုးနှင့် မျက်နှာထားကို တင်းထားသည်။ ပြီးတာနဲ့ Soloက ကလေးကို မြေကြီးပေါ်ချဖို့ ပြင်လိုက်ပေမယ့်လည်း အသေးလေးက Soloရဲ့လည်ပင်းကို တင်းကြပ်နေအောင်ဖက်ထားကာ ကျလာတော့မယ့် မျက်ရည်တွေကို ထိန်းထားသလိုမျိုး နူတ်ခမ်းတွေကို စေ့ထားသည်။
'မဟုတ်ဘူး ဆရာ… ဟိုဘက်အခြမ်းမှာ ရေချိုးလို့ရတဲ့နေရာရှိတယ်။ အဲ့နေရာမှာ လူသိပ်မများဘူးလေ…'
ကျွန်တော် နားလည်သွားတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး N'Jaကို သူငယ်ချင်းတွေနဲ့ သွားဆော့ခွင့်ပြုလိုက်သည်။ ပြီးတာနဲ့ လမ်းနည်းနည်းလောက်လျောက်ပြီးတဲ့အခါမှာ ခွေးပေါက်ကြီးက ခွေးပေါက်စလေးကို ချီထားတာကို ကျွန်တော် တွေ့လိုက်ရသည်။ N'Moonလေးက မငိုပေမယ့် နီရဲနေတဲ့မျက်လုံးတွေကြောင့် သနားစရာပုံလေးဖြစ်နေသည်။ သူ့ရဲ့သေးငယ်တဲ့လက်မောင်းလေးတွေက Soloကို လုံးဝမလွတ်တမ်း တင်းကြပ်စွာဖက်ထားသည်။ မြေကြီးပေါ်သို့ကျနေတဲ့ အသေးလေးရဲ့အရုပ်ကို ကောက်လိုက်ကာ ဖုန်ခါလိုက်ပြီးတော့ အသေးလေးကို ကမ်းပေးလိုက်သည်။
'ကလေးက ဘာဖြစ်တာလဲ'
'ဒီကလေးက ရေထဲပြေးဆင်းဖို့ လုပ်နေတာလေ… ကျွန်တော်က ဆူလည်းဆူလိုက်ကော ငိုသွားတော့ဘဲ…'
Soloက လှည့်ကြည့်ပြီး ပြန်ဖြေလာသည်။ သူက အသေးလေးကို ချီထားတုန်းဖြစ်ပြီး နှစ်သိမ့်ပေးတဲ့အနေနဲ့ ကလေးရဲ့ခေါင်းကို မပုတ်ပေးဘဲ ကျောပြင်လေးကိုသာ ပွတ်သပ်ပေးနေသည်။
'အဲ့ဒါနဲ့ သူ ငိုချင်ရင် တစ်ယောက်တည်းငိုဆိုပြီး ကျွန်တော် ပြောလိုက်တာ…'
'Soက အရမ်းရက်စက်တာဘဲ…'
ကျွန်တော် ဟန်ဆောင်ပြီးပြောလိုက်ပေမယ့်လည်း ခွေးပေါက်ကြီးက ပါးစပ်အဟောင်းသားဖြစ်နေသည်။ ကျွန်တော် လှမ်းပေးလိုက်တဲ့လက်က နီးလာလေလေ… အသေးလေးက ကျွန်တော့်ဆီ လာချင်လေလေဖြစ်နေတာကြောင့် ခွေးပေါက်ကြီးက မျက်မှောင်တွေ ကြုတ်လာသည်။
'Guitar အရမ်းအလိုလိုက်နေရင် ကလေးက ပျက်စီးသွားမှာပေါ့…'
'အစ်ကိုက ကလေးကို သနားလို့ပါ'
ကျွန်တော် ဒီက ကလေးတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော့်ရဲ့ညီလေး၊ ညီမလေးတွေကို စောင့်ရှောက်ခဲ့ရတဲ့အချိန်တွေကို သတိရလာသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အကြီးဆုံးဖြစ်တာကြောင့် ကျွန်တော်က စာနေရာမှာ သူတို့အတွက် စံပြဖြစ်အောင်နေခဲ့ရပြီး သူတို့ တစ်ခုခုအမှားလုပ်မိပြီဆိုရင်လည်း ကျွန်တော် တားမြစ်ရသည်။ ဒါပေမယ့် သူတို့လေးတွေ ငိုနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်က ချက်ချင်းနူးညံ့သွားပြီးတော့ သူတို့တွေကို နှစ်သိမ့်ပေးရသည်။
'ဒါနဲ့ ကျွန်တော်ကပါ ဘာလို့အဆူခံလိုက်ရတာလဲ'
Soloက စိတ်ရှုပ်နေတဲ့ရုပ်လေးနှင့် အသေးလေးရဲ့ခေါင်းကို ပွတ်သပ်ပေးနေသည်။ အသေးလေးကတော့ ဘာမှမပြောဘဲ ပျော်ရွင်နေတဲ့ပုံစံမျိုးနှင့် တခစ်ခစ်ရယ်နေသည်။
'N'Moonလေးက အခု ဘယ်သူနဲ့နေနေတာလဲ'
မကျေမနပ်ပြောနေတဲ့အသံလေးကို မသိချင်ယောင်ဆောင်လိုက်ပြီး အရုပ်ပိုက်ထားတဲ့အသေးလေးကို မေးလိုက်သည်။
'သားက အဘွားJitနဲ့နေတာ…'
'N'Moonက N'Jaရဲ့ညီလေးလား'
ကျွန်တော် အံ့သြစွာနဲ့မေးလိုက်မိသည်။ N'Jaက သူမရဲ့မြေးလေးဆိုပြီး အဒေါ်Jitက တစ်ခါပြောပြဖူးသည်။ ဒါပေမယ့် မျက်နှာချင်းယှဉ်လိုက်ရင်တော့ နည်းနည်းတော့ ကွာခြားသည်။
'မဟုတ်ဘူး' အသေးလေးက ခေါင်းခါပြပြီး ပါးတွေကို ဖောင်းအောင်လုပ်လိုက်ကာ စဉ်းစားနေသည်။ 'အဘွားJitပြောပြတာကတော့ Moonမှာ အခြားသူတွေလို မိဘမရှိဘူးတဲ့… ဒါပေမယ့် အဘွားက Moonကို လူလိမ္မာလေးဖြစ်လာတဲ့အထိ စောင့်ရှောက်ပေးခဲ့တာ…'
ကျွန်တော် ခဏလောက် တိတ်ဆိတ်ငြိမ်သက်မိသွားတာကို ဘေးနားက ကောင်လေးက သတိထားမိသွားပုံရသည်။ Soloက N'Moonလေးကို ချီထားရင်း ကျွန်တော့်ရဲ့လက်လေးကို ဆုတ်ကိုင်လာသည်။ အမိုးအကာထဲရောက်နေသလိုမျိုး နွေးထွေးစေတဲ့အထိအတွေ့က မငြင်းဆန်နိူင်လောက်တဲ့အထိ သက်တောင့်သက်သာဖြစ်မိသည်။
ကျွန်တော် ကျွန်တော့်ရဲ့မိဘတွေကို မသိရတာကြောင့် ဝမ်းလည်းမနည်းသလို… စိတ်မကောင်းလည်း မဖြစ်မိပါ။ ကျွန်တော်က မိဘမဲ့ဆိုတဲ့စကားလုံးနဲ့ နေသားကျနေခဲ့တာ… Mae Yaiနဲ့အတူတူ ရှင်သန်နေထိုင်ခဲ့လို့ ဖြစ်နိူင်သည်။ အဲ့ဒါကြောင့်ဘဲ ကျွန်တော် N'Moonလေးကို မြင်ရတဲ့အချိန်တိုင်းမှာ ကျွန်တော့်ရဲ့ငယ်ဘဝကို ပြန်မြင်နေရသလိုမျိုး သတိရလာခဲ့တာ…
'ကလေးတွေ… မင်းတို့ အရမ်းမြန်တာဘဲ!'
Khun Jayက ကျွန်တော်နဲ့ သိပ်မဝေးတဲ့နေရာက ကလေးတွေကို အော်နေသည်။ ခဏအကြာမှာ ကလေးတွေက ကျွန်တော့်ဆီ ပြေးလာကြသည်။
'အဘွားက ဆရာတို့ကို အခြားသူတွေဆီ ခေါ်သွားပေးပါတဲ့…'
ကလေးတစ်ယောက်က ကျွန်တော့်လက်ကို ဆွဲပြီးခေါ်သွားတာကြောင့် ကျန်တဲ့သူတွေက ကျွန်တော်တို့အနောက်ကနေ လိုက်လာခဲ့ကြသည်။
အစက အခြားသူတွေက ဘာကိုပြောတာလဲဆိုတာကို ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ လမ်းမပေါ် လျောက်လာတဲ့အချိန်မှာ ဒီကလေးပြောတဲ့အခြားသူတွေဆိုတာ ဒီနေရာမှာ အလုပ်အတူတူ လုပ်နေကြတဲ့ရွာသားတွေကို ရည်ညွှန်းနေမှန်း သိလိုက်ရသည်။
ရွာလမ်းလေးကို ဖြတ်လျောက်ပြီး ပထမဆုံးတွေ့လိုက်ရတဲ့အရာက ညီညီညာညာစိုက်ပျိုးထားကြတဲ့… ကြီးမားကျယ်ပြန့်တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို တွေ့လိုက်ရသည်။ ဦးလေးMarkအပါအဝင် အခြားရွာသားတွေအားလုံးက အတူတူ တက်ကြွစွာလုပ်ကိုင်နေကြသည်။
'အဖေ!' ကလေးတွေထဲက တစ်ယောက်က ဦးလေးMarkကို အော်ခေါ်လိုက်သည်။
'ဘာလာလုပ်တာလဲ Ai'Sao… အာ့… ဆရာလေးတွေပါလား'
ဦးလေးMarkက လက်ပြုတ်မတက် ဝှေ့ပြကာ ပြုံးပြနေပြီး ကျယ်လောင်စွာ ရယ်လာသည်။
'ဆရာက အရင်ဆုံး ဟိုနားဒီနား လျောက်ကြည့်ချင်တယ်လို့ပြောတော့ သားတို့က ဒီနေရာကို ခေါ်လာတာ အဖေ…'
ဦးလေးMarkက ခေါင်းညိမ့်ပြပြီး ကျွန်တော့်ဆီ လျောက်လာသည်။ ကျွန်တော့်လက်ထဲမှာ N'Moonလေးရှိနေတာကို တွေ့လိုက်ရတဲ့အချိန်မှာ သူက အသေးလေးရဲ့ခေါင်းပွတ်သပ်လိုက်သည်
'ဒီကလေးက အငိုသန်တဲ့ကလေး… ဆရာရဲ့…'
'ရပါတယ်'
ကျွန်တော် ဦးလေးကို ပြုံးပြပြီးတဲ့အခါမှာ အသေးလေးကို အောက်သို့ ချပေးလိုက်သည်။ ကျွန်တော် ချပေးလိုက်တာနဲ့ အသေးလေးက သူ့ရဲ့အရုပ်လေးကို ဖက်ပြီး Soloဆီ လျောက်သွားကာ Soloရဲ့ဘောင်းဘီစလေးကို ဆွဲကိုင်နေသည်။
'ဒီဘက်က လာခဲ့… ဆရာလေး…'
ဦးလေးMarkက ဟင်းရွက်စိုက်ခင်းနားဆီ လာဖို့ခေါ်နေသည်။ ရွာသားတွေအားလုံးက ကျွန်တော်တို့ဘက်ကို လှည့်ကြည့်ပြီး မပီသတဲ့ထိုင်းဘာသာစကားနှင့် နူတ်ဆက်နေကြသည်။ ဒါပေမယ့် သူတို့ရဲ့ရိုးသားတဲ့အပြုံးတွေက အခြားအရာတွေထက် ကြည်လင်တောက်ပနေသည်။
'အကျယ်ကြီးဘဲ…'
ကြီးမားကျယ်ပြန်တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ငေးကြည့်ပြီး ပြောလိုက်သည်။
'အရင်တုန်းက စိုက်ခင်းက သေးသေးလေးလေ ဆရာလေးရဲ့… တစ်နေ့လုပ် တစ်နေ့ စားသောက်လို့ရတဲ့အထိဘဲ စိုက်ခဲ့တာ…'
ကောင်းမွန်တဲ့အရည်အသွေးနဲ့ စိမ်းစိုနေတဲ့ဟင်းသီးဟင်းရွက်တွေကို အံ့သြနေတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။
'ကြည့်ရတာ စိမ်းစိုလတ်ဆတ်နေတာဘဲ… ဒီက လူတွေအားလုံးက တကယ်အရည်အချင်းရှိတာဘဲ…'
'မဟုတ်ရပါဘူးဗျာ…'
ဦးလေးMarkက ခေါင်းကို အပြင်းအထန်ခါလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ မြေကြီးကို ရွံရှာခြင်းမရှိဘဲ ဆုတ်ကိုင်လိုက်သည်။
'ဒီက လူတွေက ပညာမတက်ကြဘူးလေ… အသက်ရှင်နေထိုင်နိူင်ဖို့အတွက် တစ်နေ့လုပ် တစ်နေ့စားဖို့ကိုဘဲ သူတို့က လုပ်နိူင်ကြတာ… ဒီက မြေဆီသြဇာက အရမ်းကောင်းပေမယ့် ဒီက လူတွေက ဘယ်လိုအသုံးချရမလဲဆိုတာကို မသိဘူးလေ… အဲ့ဒါကြောင့် ဒီမြေကြီးတွေကို သဘာဝတရားရဲ့အလှဆင်တဲ့အရာအနေနဲ့ ဒီအတိုင်း ထားထားကြတာ…'
'အဲ့ဒါနဲ့ ဘယ်လိုလုပ်ပြီး…'
'လွန်ခဲ့တဲ့လေးနှစ်တုန်းက မြို့ပေါ်တက်ပြီး အလုပ်ရှာခဲ့တယ်။ ယောကျာ်းလေးတွေအတွက်က အနည်းအကျဉ်းလောက်ဘဲ လိုအပ်ပေမယ့် အမျိုးသမီးတွေအတွက်ကျတော့ သူတို့ရဲ့ကိုယ်ပိုင်အရာတွေ လိုကြတယ်လေ… အဲ့ဒါနဲ့ ဦးလေးတို့ ပိုက်ဆံလိုလာပြီ။ အဲ့ဒါနဲ့ ကျွန်တော်တို့ နွမ်းနေတဲ့ဟင်းသီးဟင်းရွက်တွေကို ယူသွားပြီး ရောင်းတော့ ဘယ်သူကမှ မဝယ်ကြဘူး။ ဦးလေးကိုလည်း ဘယ်သူကမှ အလုပ်မခန့်ကြတော့ မျှော်လင့်ချက်တွေ မဲ့နေခဲ့တာ… ဒါပေမယ့် အမျိုးသမီးကြီးတစ်ယောက်က တောင်ပေါ်လာဖို့ လမ်းကို မေးခဲ့တယ်။ အဲ့တုန်းက သူမပြောခဲ့တာက ဒီက လူတွေကို လှူဒါန်းဖူးတယ်တဲ့… ပြီးတော့ သူမက ဒီမှာ ပရဟိတဆရာမလုပ်ချင်ပြီး ကူညီပေးချင်တယ်တဲ့…'
'…'
'မြို့ပေါ်က လူတစ်ယောက်က ဦးလေးတို့ဆီကနေ ဘာကိုလိုချင်နေတာလဲဆိုတာကို ဦးလေး နားမလည်ခဲ့ဘူး။ သူမ ပြောခဲ့တဲ့ 'ကူညီပေးချင်တယ်'ဆိုတဲ့အဓိပ္ပာယ်ကို ဦးလေးနားမလည်ခဲ့ဘူး။ ဦးလေး ကျောင်းအုပ်ကြီးကို ဒီကိုခေါ်လာခဲ့တဲ့နေ့တုန်းက ဒီနေရာလေးက အရမ်းအံ့သြစရာကောင်းတဲ့နေရာလို့ ပြောခဲ့တယ်'
ဦးလေးMarkက ဆုတ်ကိုင်ထားတဲ့မြေကြီးတွေကို မြေကြီးပေါ် ဖြန့်ချလိုက်သည်။
'သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး စိုက်ခင်းက မြေကြီးတွေကို ကိုင်လိုက်ပြီးတော့ ဒီမှာ ရှိနေတဲ့သဘာဝတရားကြီးက မပျက်စီးသေးဘဲ အရာအားလုံးက အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောလာတယ်'
'…'
'ကျောင်းအုပ်ကြီးက ကလေးတွေကိုဘဲ သင်ပေးသွားတာမဟုတ်ဘူး။ ဒီမှာ ရှိသမျှလူတိုင်းကို သင်ပေးသွားခဲ့တာ… ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သိလားလို့ သူမကို ဦးလေး မေးလိုက်တဲ့အချိန်မှာ သူမက ရယ်ပြီးတော့ မသိဘူးလို့ပြောတယ်။ ဒါပေမယ့် သူမက ဦးလေးတို့ကို သင်ပေးခဲ့တဲ့အရာက…'
ဒီမှာရှိတဲ့လူတွေရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်တဲ့… ဟန်ဆောင်မှုကင်းသည့် အပြုံးမျိုးနှင့် ဦးလေးMarkက ကျွန်တော့်ကို ပြုံးပြနေသည်။
'လက်တွေ့စမ်းသပ်ပြီး ပြသာနာဖြေရှင်းနည်းကို သင်ပေးခဲ့တယ်'
'လက်တွေ့စမ်းသပ်ပြီး ပြသာနာဖြေရှင်းနည်း…'
'အင်း… အဲ့နေ့ပြီးတဲ့အခါမှာ နေ့တိုင်း ကျောင်းအုပ်ကြီးက ကလေးတွေ စာသင်ပြီးတာနဲ့ ဒီကို လာခဲ့တယ်လေ… အပင်တွေကို ဘယ်လို ကြီးထွားအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းကို သူမက ဦးလေးတို့နဲ့ အတူတူကူရှာပေးခဲ့တယ်။ ဦးလေးတို့ အတူတူ လက်တွေ့စမ်းသပ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ရှာဖွေခဲ့တယ်။ ဦးလေးတို့ လုပ်နိူင်တဲ့နည်းလမ်းမှန်သမျှနဲ့ စမ်းလုပ်ခဲ့တယ်။ အရမ်းခက်ခဲခဲ့ပေမယ့် ကျော်လွှားပြီးတဲ့အခါမှာတော့ ဦးလေးတို့ ကောင်းကောင်းလုပ်နိူင်သွားတယ်။ စိုက်ခင်းသေးသေးလေးကနေ ဦးလေးတို့ တွေးထားတာထက်ပိုပြီး ကျယ်ပြန့်တဲ့စိုက်ခင်းကြီးဖြစ်တဲ့အထိ လုပ်နိူင်ခဲ့တာ… အဲ့ဒါနဲ့ ရိတ်သိမ်းပြီး မြို့ပေါ်သွားရောင်းတဲ့အခြေအနေကနေ အခုလိုမျိုး တင်ပို့တဲ့အထိ ဖြစ်လာခဲ့တာ…'
'အမေက တကယ့်ကို အရည်အချင်းရှိတဲ့လူတစ်ယောက်ဘဲ…'
ကျွန်တော် Mae Yaiရဲ့ကြင်နာတက်တဲ့မျက်နှာလေးကို မြင်ယောင်ကြည့်ရင်း ပြုံးလိုက်မိသည်။ အမေက အထက်တန်းတောင် မအောင်ခဲ့ဘူးလို့ ပြောခဲ့သည်။ အမေက အခြားသူတွေထက်ပိုပြီး ဘဝအတွေ့အကြုံတွေကို ခံစားခဲ့ရတဲ့ သာမန်အမျိုးသမီးတစ်ယောက်… အမေရဲ့ဘဝမှာ မရေတွက်နိူင်လောက်တဲ့ လက်တွေ့ပြသာနာတွေကို ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းခဲ့ရတာကြောင့်လည်း ဖြစ်နိူင်သည်။ အမေက ကျွန်တော်တို့ကို ဗဟုသုတတွေကိုဘဲ ပေးခဲ့တာမဟုတ်… ဖတ်စာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာတွေထက် ပိုပြီးတန်ဖိုးရှိတဲ့အတွေ့အကြုံတွေကိုပါ ပေးခဲ့သည်။
'ကျောင်းအုပ်ကြီး ဒီကိုရောက်လာခဲ့တဲ့အချိန်မှာ သူမက ဦးလေးတို့အတွက် ကယ်တင်ရှင်တစ်ယောက်လိုဘဲ… ဒါနဲ့ သားလေး ဒီကိုရောက်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ သားရဲ့ပုံရိပ်ထဲမှာ ကျောင်းအုပ်ကြီးရဲ့ပုံရိပ်တွေကို ထပ်ပြီးမြင်နေရတယ်။ ဆရာလေး အခုရပ်နေတဲ့နေရာကလည်း ကျောင်းအုပ်ကြီး အရင်တုန်းက ရပ်ခဲ့တဲ့နေရာဘဲ…'
ဘာပြောရမလဲဆိုတာကို ကျွန်တော် မသိတာကြောင့် ငြိမ်သက်နေလိုက်မိသည်။ ကျွန်တော့်ရဲ့မျက်လုံးတွေက အလိုအလျောက် ကျွန်တော် ရပ်နေတဲ့မြေကြီးဆီသို့ ရောက်သွားခဲ့သည်။ ကျွန်တော် ငုတ်တုတ်ထိုင်ချလိုက်ပြီး မြေကြီးကို လက်နှင့်ထိတွေ့လိုက်တဲ့အခါမှာ ပျော်ရွင်မှု၊ ဝမ်းနည်းမှု၊ လွမ်းဆွတ်မှုတွေနဲ့ ခံစားချက်ပေါင်းစုံ ရောစုံနေတဲ့ခံစားချက်မျိုးကို ခံစားနေရသည်။ ဒါပေမယ့် အခံစားရဆုံးသော ခံစားချက်တစ်ခုက…
အဲ့ဒါက ဂုဏ်ယူမှုပင်…
'သူမ ပြောခဲ့တဲ့ ကူညီပေးမယ်ဆိုတဲ့စကားကို ဦးလေး ဒီနေ့ ရှင်းရှင်းလင်းလင်းနားလည်လိုက်ရပြီ။ အဲ့ဒါက ရိုးသားတဲ့ကူညီပေးမှုဘဲ… မည်သည့်အကျိုးမှ ပြန်ရဖို့ မမျှော်လင့်ခဲ့တဲ့ကူညီပေးမှုဘဲ…'
'ဟုတ်တယ်' ဂုဏ်ယူမှုတွေနဲ့ပြည့်နှက်နေတဲ့… နူးညံ့တဲ့အသံနှင့် ကျွန်တော်ပြန်ဖြေလိုက်သည်။ 'ဦးလေးမှာ မျိုးစေ့ချဖို့အတွက် မြေနေရာအလွတ်လေးများ ကျန်သေးလား'
'အဲ့ဒါက… ကျောင်းအုပ်ကြီးက အကြာကြီးပြင်ဆင်ထားခဲ့တာ…' ဦးလေးMarkက ကျွန်တော်တို့ရှိနေတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာက နေရာအလွတ်ကို ညွှန်ပြနေသည်။ ထိုနေရာက မြေအလွတ်လေးက ဟင်းသီးဟင်းရွက်အများကြီးကို ကောင်းကောင်းစိုက်ပျိုးလို့ရလောက်တဲ့အထိ ကျယ်ပြန့်သည်။ 'ကျောင်းအုပ်ကြီးက ဘာလို့ ဒီနေရာကို အလွတ်ထားရတာလဲဆိုတာကို ဦးလေးတို့ကို မပြောပြဘူးလေ… ဒါပေမယ့် ဆရာလေးက အဲ့အကြောင်းကို ပိုသိလိမ့်မယ်လို့ ဦးလေးထင်တယ်'
အဲ့နေရာအလွတ်က… အမေက ကျွန်တော့်အတွက် ပြင်ဆင်ပေးထားတဲ့နေရာ…
'Guitar~'
အသံပိုင်ရှင်ဘက်သို့ လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
'So… ဟင်းသီးဟင်းရွက်တွေ စိုက်ဖူးလား'
'ဟင့်အင်း…'
'အစ်ကိုတို့ စိုက်ကြည့်ကြမလား'
Soloက အံ့သြစွာနဲ့ မျက်ခုံးတွေကို ပင့်တင်လာပြီး အပြုံးတစ်ခုနဲ့အတူ ခေါင်းညိမ့်ပြလာသည်။
'ကလေးတွေ ဒီကို မြန်မြန်လာကြ…'
Khun Jayနဲ့အတူ ရပ်နေကြတဲ့ကလေးတွေကို ကျွန်တော် လှမ်းခေါ်လိုက်သည်။ အဲ့ဒါနဲ့ Khun Jayက ကျွန်တော့်ဆီ လျောက်လာတဲ့အချိန်မှာ ကလေးတွေကပါ သူ့နောက်ကနေ လိုက်လာခဲ့သည်။ တစ်ချိန်တည်း အတူတူလျောက်လာနေကြတဲ့သူတို့တွေကို ကြည့်ပြီးတော့ ကျွန်တော်ရယ်လိုက်မိသည်။ သူတို့လေးတွေရဲ့ပုံစံက သိုးအုပ်နဲ့ တကယ့်ကို တူနေသည်။
'စာစသင်ကြရအောင်…'
ကျွန်တော် ပြောတာကို ကြားလိုက်တာနဲ့ ကလေးတွေက မျက်လုံးအပြုးသားဖြစ်သွားပြီး ဆူညံသံတွေ လုပ်နေသည်။ သူတို့လေးတွေရဲ့ပုံစံက အရမ်းတက်ကြွပြီး စိတ်ဝင်တစားဖြစ်နေကြသည်။
'အခုဘဲ စာသင်ရအောင်…'
'စာသင်ခန်းက တောင်ပေါ်မှာ… ဆရာ့ကို သားတို့ခေါ်သွားမယ်'
'မဟုတ်သေးဘူး'
ကျွန်တော် ခေါင်းခါပြလိုက်တော့ Khun Jayနဲ့ Soloအပါအဝင် ကလေးတွေပါ နားမလည်တဲ့ပုံစံနှင့် ကျွန်တော့်ကို ကြည့်နေသည်။
'ဘာလို့လဲ။ ဆရာပြုံး'
'ဆရာပြုံး…'
ကျွန်တော် နားမလည်နိူင်စွာနဲ့ဘဲ Khun Jayကို လှည့်ကြည့်မိတော့ သူက ခပ်တိုးတိုးလေးရယ်နေပြီး အပြစ်ကင်းတဲ့မျက်နှာမျိုး လုပ်နေသည်။
'ဒီအပြုံးလေးလေ…'
ကလေးတွေက သူတို့မျက်နှာကို သူတို့ ညွှန်ပြနေပြီး ပြုံးနေကာ အဲ့ဒါက အပြုံးပါလို့ ကျွန်တော့်ကို ပြောပြဖို့ ကြိုးစားနေကြသည်။
'အင်း… အစ်ကိုက ဆရာအပြုံးဆိုရင် ဒီက ဆရာကကော…'
ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ကောင်လေးကို ညွှန်ပြပြီး ပြောလိုက်သည်။ Soloက ရယ်လိုက်ပြီး N'Moonလေးကို လှည့်ကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။
N'Moonလေးက မျက်စိတစ်ဖက်မှိတ်ပြပြီး အားရပါးရပြုံးပြနေတာကြောင့် အသေးလေးရဲ့ဖောင်းကစ်ကစ်ပါးပြင်လေးတွေက အရင်ကထက်ပိုပြီး ဖောင်းကားနေသည်။
'ဆရာခန့်ချောကြီး!'
'ဘယ်လို…'
ကျွန်တော် အခုအချိန်မှာ အရမ်းကြောက်စရာကောင်းတဲ့မျက်နှာမျိုး ဖြစ်နေလိမ့်မယ်ဆိုတာ သေချာသည်။ အဲ့ဒါနဲ့ Soloကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူက လက်မထောင်ပြနေသည်။
'ဆရာဘောစိ!'
N'Moonက နောက်ထပ် ထပ်ပြောလာသည်။ Khun Jayက အကျယ်ကြီးအော်ရယ်နေပြီး ကျဆင်းလာတဲ့မျက်ရည်တွေကို သုတ်နေသည်။ ကျွန်တော်တစ်ယောက်တည်းသာ ကူရာမဲ့ဖြစ်နေပြီး ဒီအတိုင်း ရပ်နေမိသည်။
'ဆရာခန့်ချောကြီးဘောစိ…'
ကလေးတွေက အကျယ်ကြီးအော်နေပေမယ့်လည်း Soloက ရပ်ဖို့ လက်ပြလိုက်တဲ့အချိန်မှာ အကုန်လုံး တိတ်ကုန်သည်။
'ဆရာခန့်ချောကြီးဆိုရပါပြီ… ဘောစိဆိုတာကြီးက ကြွားနေသလိုဘဲ…'
'တကယ်ကြီး…'
ကျွန်တော့်ဘေးနားက ကောင်လေးဘက်သို့ လှည့်လိုက်ပြီး အသံကိုဆွဲကာ ပြောလိုက်သည်။ အခုမှ သူ ကြွားနေတယ်ဆိုတာကို သတိထားလိုက်မိပုံရသည်။ ဒါနဲ့ သူ ချမ်းသာတယ်ဆိုတာကို ဘယ်နှစ်ကြိမ်လောက် ပြောနေဦးမှာလဲ။
'ဒါမှမဟုတ် ဒါကအမှန်မဟုတ်ဘူးဆိုရင်…' Soloက မကျေနပ်တဲ့အပြုံးမျိုးနဲ့ပြုံးပြီး ကျွန်တော့်ရဲ့ပါးကို လက်ညိုးလေးနှင့် လာထိုးကာ… 'ဒါလေးက ဘာလဲ ဆရာပြုံးလေး…'
'အစ်ကို Soကို စကားမပြောတော့တာဘဲ ကောင်းတယ်'
အခုအချိန်မှာ ကျွန်တော် ရှက်ပြီးနီရဲနေမလားဆိုတာ မသိတာကြောင့် ကျွန်တော့်မျက်နှာကို မပြတော့ဘဲ အဝေးသို့သာ လှည့်လိုက်သည်။ Soloကလည်း ကျွန်တော့်ကို တွန်းအားပေးပြီး မစတော့ပါဘူး။ ဒါပေမယ့် ရယ်ချင်စရာကောင်းတဲ့ ရယ်သံကို ကျွန်တော် ထင်ထင်ရှားရှားကြီး ကြားလိုက်ရတာကြောင့် အဲ့ဒီခွေးရူးကြီးကို ခေါင်းကနေစပြီး နုတ်နုတ်စဉ်းပစ်ချင်နေသည်။ ဒါပေမယ့်လည်း ကျွန်တော့်ကို ကြည့်နေကြတဲ့ကလေးတွေဘက်သို့ လှည့်ကြည့်လိုက်သည်။
'သားတို့ အခုဘာသင်ကြရမှာလဲ။ ဆရာ…'
ကျွန်တော် ဦးလေးMarkကိုကြည့်လိုက်ပြီး စိုက်ကွင်းအလွတ်ကို ညွှန်ပြလိုက်သည်။
'ဟင်းသီဟင်းရွက်တွေကို စိုက်တဲ့နည်းကို သင်ပေးမှာ… အားလုံး စိုက်ဖူးကြလား'
'သား ဖေဖေလုပ်နေတာကို တွေ့ဖူးတယ်'
'သားက အမေ့ကို ကူပြီး ရေလောင်းပေးတယ်'
ကလေးတွေက အပြိုင်အဆိုင်အော်ဟစ်ပြီး ဖြေနေကြသည်။ ကလေးတွေအားလုံးက သူတို့အားတဲ့အချိန်မှာ မိဘတွေကို ဝိုင်းပြီး ကူပေးကြတဲ့ပုံရသည်။ သူတို့အားလုံးက သူတို့လုပ်ခဲ့ပေးတာတွေကို ဂုဏ်ယူသလိုမျိုး ပြောနေကြတာကြောင့် ကျွန်တော့်စိတ်ထဲမှာ ပြုံးနေမိသည်။
'ဒါပေမယ့် ဒီနေ့မှာ အားလုံးက ကိုယ့်ဟင်းသီးဟင်းရွက်ကို ကိုယ် စိုက်ရမယ်' အားလုံးက နားမလည်တဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်လာတာကြောင့် ပြုံးလိုက်မိသည်။ 'ဒီနေ့ ဆရာလည်း တပည့်တစ်ယောက်ဘဲ… ဆရာတို့အားလုံးကို ဦးလေးMarkက ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုစိုက်ရမလဲဆိုတာကို သင်ပေးမှာ…'
'Moonလည်း ကိုယ့်ဟင်းသီးဟင်းရွက်ကို စိုက်လို့ရမလား ဆရာ…'
N'Moonက ကြီးမားတဲ့မျက်လုံးတွေလုပ်ကာ ကျွန်တော့်ဆီ လျောက်လာပြီး ကျွန်တော့်ရဲ့ခြေထောက်ကို ဖက်ထားသည်။
'ရတာပေါ့… အားလုံးက သူ့ကိုယ်ပိုင်အသီးအရွက်ကို စိုက်လို့ရတယ်'
'သား ဆလက်ရွက်စိုက်ချင်တယ်'
'သားကောဘဲ…'
'ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဒါက ဆရာတို့ရဲ့ပထမဆုံးသင်ခန်းစာဘဲ…' ကျွန်တော့်မျက်နှာကို တည်တည်ထားလိုက်တာနဲ့ ကလေးတွေအားလုံးက လုပ်နေတာတွေ ရပ်သွားပြီး ကျွန်တော်ပြောတာကို သေချာ ဂရုတစိုက်လိုက်နားထောင်နေကြတာကြောင့် ရယ်မိတော့မလို ဖြစ်သွားသည်။ 'အားလုံး ကိုယ့်အပင်ကို ကြီးထွားလာအောင် ကိုယ့်ဘာသာဂရုစိုက်ရမယ်။ ဘာဘဲပြသာနာဖြစ်လာဖြစ်လာ ကိုယ့်ဘာသာကို ဖြေရှင်းရမယ်။ ကိုယ် စိုက်ခဲ့တဲ့အပင်လေးကို အရေးကြီးတဲ့အရာတစ်ခုလိုတွေးပြီး ဂရုစိုက်ရမယ်။ စိတ်ရှည်ရမယ်။ ကိုယ်စိုက်ထားတဲ့ပုံစံကို လုံးဝပြောင်းလို့မရဘူး။ အားလုံး ဆရာ့ကို ကတိပေးလား'
'ကတိပေးပါတယ်'
'ဦးလေး…'
ဦးလေးMarkက လက်မခံမှာကို စိုးရိမ်နေတဲ့အကြည့်နဲ့ ကျွန်တော် လှည့်ကြည့်လိုက်ပေမယ့် ဦးလေးက ဘာမှမပြောဘဲ ပြုံးနေကာ အခြားဦးလေးတစ်ယောက်ဘက်သို့လှည့်ပြီး ပြင်ဆင်ဖို့ပြောကာ ကျွန်တော်တို့ကို စောင့်ခိုင်းနေသည်။
အခြားဦးလေးတစ်ယောက်က မျိုးစေ့တွေအားလုံးနှင့် ကရိယာပစ္စည်းတွေကို ယူလာသည်။ ကလေးတွေက သူတို့စိုက်ချင်တဲ့မျိုးစေ့တွေကို စပြီးရွေးနေကြသည်။ ကလေးတွေက အပြိုင်အဆိုင် ယူနေကြတာကြောင့် နောက်ဆုံးမှာတော့ ခွေးပေါက်လေးက သူတို့လေးတွေကို မာန်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ မျိုးစေ့တွေကို အညီအမျှခွဲဝေပေးလိုက်တော့မှဘဲ ကလေးတွေက ပြုံးကုန်ကြသည်။
အသက်နည်းနည်းကြီးတဲ့ကလေးတွေက ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေကြတာကြောင့် အရာအားလုံးကို ခပ်မြန်မြန်နဲ့ လွယ်ကူစွာနဲ့ဘဲ ကောင်းကောင်းလုပ်နိူင်ကြသည်။ ကျွန်တော်ကတော့ N'Jaကို သင်ခိုင်းရသည်။ အပင်စိုက်တာနဲ့ပတ်သတ်ပြီး စာအုပ်တွေမှာ နည်းနည်းပါးပါးလေ့လာဖူးပေမယ့် တကယ်လုပ်ရတဲ့အခါမှာတော့ မလွယ်ကူလှပါ။ ပြောစရာပင်မလို… အေးစက်တဲ့ရာသီဥတုမှာ လုပ်ရတာကြောင့်လည်း ပါသည်။
'N'Moon ဘာလုပ်နေတာလဲ'
မျိုးစေ့ချဖို့အတွက် လုပ်ထားတဲ့အပေါက်လေးကို ကြီးမားတဲ့မျက်လုံးလေးတွေနဲ့ စိုက်ကြည့်နေတဲ့N'Moonလေးရဲ့ဘေးမှာ ကျွန်တော် ဆောင့်ကြောင့်ထိုင်လိုက်သည်။
'P'Janက ညစ်ပတ်သွားမှာ မှတ်လား'
'P'Jan…'
'ဒီမှာလေ…'
သူ့လက်လေးထဲက လမင်းအရုပ်ကို ထောင်ပြကာ ကျွန်တော့်ကို ပေးနေသည်။ ပြီးတဲ့အခါမှာ အသေးလေးက သူ့ရဲ့လက်တစ်ဖက်ကို အသုံးပြုပြီးတော့ ခက်ခက်ခဲခဲနဲ့ ကျင်းတူးနေသည်။
'အင်း… အစ်ကို ကူပေးမယ်'
'မကူပါနဲ့… Moonဘာသာ လုပ်ရမယ်လို့ ဆရာခန့်ချောကြီးက ပြောထားတယ်'
သူ့ရဲ့မျက်နှာလေးမှာ အာရုံစူးစိုက်မှုအပြည့်ဖြစ်နေတာကြောင့် ကျွန်တော် ရယ်လိုက်မိသည်။ အဲ့ဒါနဲ့ သူကမ်းပေးလာတဲ့ အရုပ်လေးကို ကူကိုင်ပေးလိုက်သည်။
'အစ်ကိုက လုပ်ပြီးသွားပြီဆိုတော့… P'Janကို စောင့်ရှောက်ထားပေးမယ်နော်…'
N'Moonက ပြုံးပြပြီးတော့ ခေါင်းကို ငုံ့လိုက်ကာ N'Jaလုပ်ပေးခဲ့တဲ့တွင်းလေးကို တူးနေသည်။ ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး ကျွန်တော်ရှိတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ သူ့ဘာသာတူးထားတဲ့တွင်းတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်နေတဲ့ကောင်လေးဆီသို့ လျောက်သွားလိုက်သည်။
'Jay ဒီဟာလေးကို နည်းနည်းလောက်လုပ်ပေးပါလား'
'Khun Guiက အားလုံးကို ကိုယ့်ဘာသာလုပ်ဖို့ ပြောထားတယ်လေ… ပြီးတော့ သခင်လေးလည်း N'Moonကို သူ့ဘာသာလုပ်ဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား'
'ကျွန်တော် ရှစ်တွင်းလောက် တူးပြီးသွားပြီလေ…'
'အဲ့ဒါဆို သခင်လေးက တွင်းတစ်ရာလောက်ကို ကိုယ့်ဘာသာတူးနိူင်ဆိုပြီး သက်သေပြရမှာပေါ့…'
သူတို့စကားပြောနေတာကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော် ခိုးပြီးရယ်လိုက်မိသည်။ Soloက မျက်မှောင်တွေ ကြုတ်ထားပေမယ့်လည်း သူ့ရဲ့လက်တွေကတော့ မျိုးစေ့ချရမယ့်တွင်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန်ကန်ကန်လုပ်နေသည်။ သူ့ရဲ့ဈေးကြီးတဲ့အဝတ်အစားတွေက ညစ်ပေနေတာကြောင့် အဲ့ဒါနဲ့ပတ်သတ်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ အဲ့ဒီအဝတ်တွေကို ယူပြီး နောက်မှ ကိုယ်တိုင်လျှော်ပေးရမယ်ဆိုပြီး ကျွန်တော် တွေးနေမိသည်။ အစပိုင်းကတော့ ထိုအဝတ်ပိုင်ရှင်ကောင်လေးက ဆောင့်ကြောင့်ထိုင်နေရာကနေ ညစ်ပတ်မှာကို ဂရုမစိုက်တော့ဘဲ မြေကြီးပေါ်သို့ ထိုင်ချပစ်လိုက်သည်။
'အစ်ကို ကူပေးရမလား'
မျက်မှောင်ကြုတ်ထားတဲ့ကောင်လေးက ကျွန်တော့်ကို မြင်လိုက်တာနဲ့ နည်းနည်းပြုံးပြလာသည်။
'Guitarက ပြီးသွားပြီလား'
'ပြီးသွားပြီ… ကလေးတွေကလည်း တစ်ယောက်ကို တစ်ယောက်ကူညီပေးနေကြတယ်လေ…'
'ကျွန်တော် နောက်ထပ်တွင်းကိုးဆယ်လောက် တူးရဦးမယ်'
'ဒီနေရာလေးမှာ တွင်းတစ်ရာလောက်တူးလို့ရမယ်လို့ အစ်ကို မထင်ဘူးနော်…'
ကျွန်တော် ရယ်နေရင်း ပတ်ဝန်းကျင်ကို ကြည့်ပြီး ရေတွက်လိုက်မိတော့ တွင်းလေးဆယ်လောက်သာ စိုက်လို့ရနိူင်သည်။ ပြီးတော့ ကလေးတွေက နှစ်ဆယ်လောက်ပြီးနေပြီ။
'ဒီနေရာလေးကို အပြည့်ဖြစ်သွားအောင် လုပ်ကြတာပေါ့…'
'အင်း…'
Soloက ပြန်ပြောပြီးတာနဲ့ အာရုံအပြည့်စိုက်ထည့်ပြီးတော့ သူလုပ်နေတာကို ဆက်လုပ်နေသည်။ သူ့ရဲ့ညစ်ပတ်နေတဲ့လက်တွေကို ကျွန်တော် တွေ့လိုက်ရတဲ့အခါမှာ ထူးဆန်းတဲ့ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သူနဲ့ မလိုက်ဖက်တဲ့… မှားယွင်းနေတဲ့နေရာတစ်ခုကို ရောက်နေသလိုပင်…
'ပျော်ဖို့ကောင်းတယ်'
'ဟမ်?'
'ကျွန်တော်တို့ ဒီမှာလုပ်နေတာတွေက… ပျော်ဖို့ကောင်းတယ်လို့…'
Soloက ကျွန်တော့်ရဲ့လက်ကို ဆွဲယူလိုက်ပြီး သူ တူးထားတဲ့တွင်းနားသို့ ကပ်လိုက်ကာ…
'မြေကြီးက ဒီလိုမျိုး ခံစားရတာပါလားဆိုတာကို ကျွန်တော် သိလိုက်ရတယ်လေ…'
ကျွန်တော် ထိုကောင်လေးကို ကြည့်နေမိတဲ့အချိန်မှာ ကျွန်တော့်မျက်နှာက ဘယ်လိုမျက်နှာမျိုးဖြစ်နေမလဲဆိုတာကို ကျွန်တော် မသိ… ဒါပေမယ့် ကျွန်တော် တွေးနေတာတွေကို သူ့ရဲ့စကားလုံးတွေက ငြင်းဆန်နေပုံရသည်။ ကြည့်ရတာ ကျွန်တော်မှားပြီး တွေးမိတဲ့ပုံရသည်။
'ကျွန်တော် တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ဒါပေမယ့် အခု သင်ကြည့်တော့ ပျော်ဖို့ကောင်းတယ်'
သူက အဲ့စကားကိုဘဲ ထပ်ပြောပြီး ကျွန်တော့်ရဲ့လက်တွေကို နွေးလာတဲ့အထိ တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။
Soloကို ကြည့်လိုက်တဲ့အခါမှာ သူ့ဆီမှာ သူ့အဝတ်တွေအပြင် ရှိတဲ့အရာအားလုံးက ဈေးကြီးတဲ့ပစ္စည်းတွေချည်းဘဲ… သူ အခုလိုမျိုး လုပ်နေတာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော့်ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာခဲ့သည်။ ကြည့်ရတာ သူ လုပ်ချင်လား မလုပ်ချင်ဘူးလားဆိုတာကို သူ့ဘက်က တွေးကြည့်ဖို့ မေ့သွားခဲ့တာ ထင်သည်။
'အင်း… အတူတူသင်ရအောင်…'
ကျွန်တော်လည်း သူ့ဘေးနားမှာ ထိုင်ချလိုက်ပြီးတော့ သူ ကျွန်တော့်အတွက် ဝယ်ပေးထားတဲ့အကျီတွေကို ညစ်ပတ်သွားအောင် လုပ်လိုက်မိသည်။ နောက်တော့မှ ပြန်လျှော်တာပေါ့…
ကျွန်တော်တို့ ကလေးတွေကို သူတို့ အပင်စိုက်တဲ့နေရာမှာ ကူပေးပြီး ကျန်တဲ့အပေါက်တွေကိုပါ မျိုးစေ့လိုက်ချနေရတာကြောင့် ထိုစိုက်ခင်းမှာတင် အချိန်အတော်ကြာအောင် ဖြုန်းတီးပစ်ခဲ့သည်။ အခုလို ပျော်ရွင်စရာကောင်းတဲ့ စုပေါင်းလုပ်ခဲ့တဲ့အလုပ်လေးကနေ ရလာတဲ့အမှတ်တရတွေကို ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ အကြာကြီး ထည့်သိမ်းထားချင်သည်။ မှောင်နေပြီဖြစ်တာကြောင့် အိမ်ပြန်ကြဖို့ တစ်ယောက်ယောက်က ပြောတော့မှသာ ကျွန်တော်တို့ မှောင်နေပြီဆိုတာ သိလိုက်ရတာဖြစ်သည်။
ရေချိုးဖို့အတွက် ဆုံးဖြတ်ချက်ချဖို့ကို တော်တော်လေး အချိန်ယူခဲ့ရသည်။ အဲ့လောက်ထိ မအေးတော့ဘူးဆိုပေမယ့်လည်း ကျွန်တော့်အတွက်က အရမ်းအေးလွန်းတာကြောင့် ရေမချိုးနိူင်ဖြစ်မိသည်။ ဒါပေမယ့်လည်း ကျွန်တော့်တစ်ကိုယ်လုံးက ညစ်ပတ်ပေရေနေတာကြောင့် ရေမချိုးဘဲနေလို့မရ…
ရေချိုးပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော်တို့ အိမ်မှာဘဲ ညစာစားဖို့ လုပ်ခဲ့ကြသည်။ ဦးလေးMarkက ထမင်းဟင်းတွေ ထည့်ထားတဲ့ချိုင့်ကို ယူလာပြီး သူ့ရဲ့ဘေးနားမှာတော့ N'Moonလေးက အရုပ်ကို ပိုက်ကာ လိုက်လာခဲ့သည်။
'ဦးလေး Ai'Jaအိမ်ကိုသွားတော့ Moonလေးက ဆရာလေးတို့ကို လိုက်တွေ့မယ်လို့ ပြောလို့ ဦးလေးခေါ်လာတာ…'
ဦးလေးMarkက ပြောနေရင်း ခေါင်းကိုခါလိုက်ကာ…
'ဒီကလေးက ဆရာလေးတွေကို အရမ်းကပ်နေတာဘဲ…'
'ရပါတယ်။ ကျွန်တော်က သူ့ကို လာခိုင်းထားတာ…'
Soloက N'Moonလေးကို ဒီည ဒီကိုလာဖို့ ပြောခဲ့ဆိုတာကို သတိရမိသွားတာကြောင့် ကျွန်တော် ရှင်းပြလိုက်မိသည်။
'ဒီည N'Moonလေးကို ကျွန်တော်တို့နဲ့အတူတူ သိပ်လိုက်မယ်လေ… မနက်ဖြန်ကျမှ သူ့ကို ခေါ်သွားပြီးတော့ အခြားကလေးတွေကို စုပြီး စာသင်ပေးလိုက်မယ်'
ဘာလို့လဲဆိုတော့ စောနတုန်းက ဟင်းသီးဟင်းရွက်စိုက်တဲ့ထဲမှာဘဲ နစ်မြုပ်သွားတာကြောင့် ကလေးတွေကို မနက်ဖြန်အတွက် ချိန်းဖို့ မေ့သွားတာလေ…
'ဟုတ်ပြီ ဆရာလေး… ဦးလေး Jitကို ပြောလိုက်မယ်'
ဦးလေးMarkထွက်သွားတာနဲ့ ကျွန်တော့်ရဲ့အာရုံတွေက အရုပ်ကို ဖက်ထားတဲ့N'Moonလေးဆီသို့ ကျရောက်သွားသည်။ သူက အဝတ်စားအဟောင်းတွေ ဝတ်ထားတာဆိုပေမယ့်လည်း သပ်သပ်ရပ်ရပ်ပင်… သေးငယ်တဲ့မျက်နှာလေးက ပျော်ရွင်နေပုံရသည်။ သူ မျှော်နေတဲ့လူတစ်ယောက်က အခန်းထဲကနေ ထွက်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ အသေးလေးက ချက်ချင်းပြေးသွားပြီးတော့ ထိုကောင်လေးရဲ့ခြေထောက်ကို တင်းကြပ်စွာဖက်ထားသည်။
'N'Moon ထမင်းစားပြီးသွားပြီလား'
'စားပြီးသွားပါပြီ'
ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတော့ Soloနဲ့ Khun Jayကို ထမင်းစားဖို့ ခေါ်လိုက်သည်။ N'Moonက Soloရဲ့ဘောင်းဘီစကို ဆွဲပြီး အနောက်က လိုက်လာကာ Soloဘေးနားမှာ ထိုင်နေရင်း ကျွန်တော်တို့ စားနေတာကို ငြိမ်သက်စွာ ထိုင်ကြည့်နေသည်။
ထမင်းစားပြီးသွားတဲ့အချိန်မှာတော့ Soloက N'Moonလေးရဲ့လက်ကို ဆွဲပြီးတော့ အိမ်အပြင်ကို ထွက်သွားသည်။ သူတို့က ကျွန်တော် မသိတဲ့တစ်ခုခုကို အပြန်အလှန်ပြောနေကြတာ… ကျွန်တော် ခဏလောက် ခေါင်းငုံ့လိုက်ပြီး သူတို့ကို ပြန်ကြည့်လိုက်တဲ့အခါမှာ ကြီးမားကျယ်ပြန့်တဲ့ပုခုံးပိုင်ရှင်က အဝေးကို ရောက်နေတာကို တွေ့လိုက်ရသည်။
'အစ်ကို သိမ်းလိုက်မယ်'
Khun Jayက ကျွန်တော့်ကို ပြုံးပြပြီး Soloနောက်ကို လိုက်သွားဖို့ ပြောနေသလိုမျိုး Soloထွက်သွားတဲ့နေရာကို ကြည့်နေသည်။
'ကျေးဇူးတင်ပါတယ်'
သူတို့နှစ်ယောက်လုံး လမ်းလျောက်နေကြတဲ့နေရာကို ကျွန်တော် ပြေးပြီး လိုက်သွားမိသည်။ ရင်းနှီးတဲ့ကျောပြင်ကို တွေ့လိုက်ရတဲ့အခါမှာ ပြေးနေတာကို ရပ်လိုက်ပြီး သူတို့အနောက်ကနေ တိုးတိိုးလေး လိုက်လာခဲ့မိသည်။ လမ်းတစ်လျောက်လုံး N'Moonလေးရဲ့ တတွတ်တွတ်ပြောနေတဲ့စကားသံတွေကိုသာ ကြားနေရပြီး… နောက်ဆုံးမှာတော့ Soloက သူ့ရဲ့ခြေလှမ်းတွေကို ရပ်လိုက်ပြီးတော့ ထိုင်ချလိုက်သည်။
ကျွန်တော်က လမ်းထပ်လျောက်လိုက်ကာ သူ့ရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်ပြီးတော့ အံ့သြစွာနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ ဒီနေရာမှာ ကျွန်တော်တို့ ကောင်းကင်ပြင်ကြီးကို ကြည်ကြည်လင်လင်နဲ့ ကောင်းကောင်းမွန်မွန်မြင်နေရတာ… သစ်ပင်နဲ့ မည့်သည့်အရာကမှ ကောင်းကင်ကြီးကို မကွယ်ထား… ကောင်းမွန်လှတဲ့ရာသီဥတုအပြင် ရှုခင်းတွေကလည်း အရမ်းလှပလွန်းတာကြောင့် ကျွန်တော်တို့ တစ်ချိန်လုံးထိုင်ကြည့်နေမယ်ဆိုရင်တောင် ပျင်းစရာကောင်းလာမှာမဟုတ်…
'So ဘယ်လိုလုပ်ပြီး ဒီနေရာကို သိနေတာလဲ'
ကျွန်တော့်ဘေးနားကသူကို မေးလိုက်ပေမယ့်လည်း ကျွန်တော်တို့နှစ်ယောက်ကြားက အလယ်တည့်တည့်မှာ N'Moonက ထိုင်နေသည်။
'ကျွန်တော် မသိဘူး။ ကျွန်တော် ဒီအတိုင်းလျောက်လာရင်း ဒီနေရာကို ရှာတွေ့သွားတာ…'
ကျွန်တော် ရှည်ရှည်ဝေးဝေး ဘာမှထပ်မမေးတော့… ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး N'Moonလေးက သူ့ရဲ့လက်ထဲက P'Janနဲ့စကားပြောနေတဲ့အသံကိုသာ ကြားနေရသည်။
'ဒါက လမင်းကြီးလေ…'
Soloက တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။ N'Moonလေးကို ကောင်းကင်ပေါ်မှာ လှပစွာမြောလွင့်နေတဲ့လမင်းကြီးကို မော့ကြည့်စေချင်တဲ့ပုံရသည်။
'လမင်းကြီးက P'Janနဲ့ အများကြီးတူတာဘဲ…'
N'Moonလေးက ပြောပြီးတာနဲ့ သူ့လက်ထဲက လမင်းအရုပ်ကို ထောင်ကာ ကောင်းကင်ကြီးပေါ်မှာရှိနေတဲ့ တကယ့်လမင်းအစစ်ပေါ် ထပ်ပြီးကြည့်နေသည်။
'အင်း… ပြီးတော့ ကျောင်းအုပ်ကြီးကို လွမ်းတယ်ဆိုရင် ဒီကို လာပြီး လမင်းကြီးကို ကြည့်လို့ရတယ်'
ကျွန်တော် Soloကို လှည့်ကြည့်လိုက်သည်။ အသေးလေးကလည်း ကျွန်တော့်လိုဘဲ ဘာပြောနေတာလဲဆိုတာကို နားမလည်တာကြောင့် သူ့ကို လှည့်ကြည့်နေသည်။
'ကျောင်းအုပ်ကြီးက ကောင်းကင်ပေါ်ရောက်နေပြီလို့ ဆရာပြုံးက ပြောပြခဲ့တယ်မှတ်လား'
Soloက ခါးလေးကိုကုန်းကာ N'Moonကိုမေးလိုက်သည်။
'လမင်းကြီးက N'Moonလေးအတွက် အရေးကြီးတယ်မှတ်လား'
'ဟုတ်ကဲ့…'
'အဲ့လိုသာဆိုရင် ကျောင်းအုပ်ကြီးက ကောင်းကင်ပေါ်ကနေပြီးတော့ N'Moonလေးကို ကြည့်နေမှာ…'
'ဒါပေမယ့် Moonက ဘာလို့ ကျောင်းအုပ်ကြီးဆီ သွားလို့မရတာလဲ'
'အင်း… အချိန်မကျသေးလို့နေမှာပေါ့…'
'ဒါပေမယ့် Moon ကျောင်းအုပ်ကြီးကို တွေ့ချင်တယ်'
'သူက N'Moonလေးကို ဟိုးကောင်းကင်ကြီးကနေ ကြည့်နေတာ… သူက အရင်ပုံစံနဲ့မတူတော့ဘဲ N'Moonလေးကို စကားပြောလို့မရဘူးဆိုရင်တောင် ကျောင်းအုပ်ကြီးအပေါ် ချစ်တဲ့အချစ်တွေက လျော့သွားမှာလား'
N'Moonလေးက ခေါင်းခါပြပြီးတော့ ကောင်းကင်ပေါ်က မြောလွင့်နေတဲ့လမင်းကြီးကို ကြည့်နေသည်။
'ကျောင်းအုပ်ကြီးက ဘယ်ဘဲရောက်နေရောက်နေ… သားကို စကားပြောပြော မပြောပြော… သား အဆင်ပြေတယ်။ N'Moonက တစ်ယောက်တည်း စကားပြောလို့ရတယ်'
သေသေချာချာနားမလည်သေးတဲ့ အသေးလေးရဲ့စကားကို ကြားမိပြီး ကျွန်တော် ရယ်လိုက်မိသည်။ သူတို့စကားပြောတာ ပြီးသွားတဲ့အခါမှာ ကျွန်တော့်အကြောင်းကို ကျွန်တော် စပြီးပြောပြရတော့မှာပေါ့… အရာအားလုံးလျစ်လျူရှုပြီးတော့ လမင်းကြီးကို ကြည့်ကာ ပြောလိုက်သည်။
'သူမက သာမန်လမင်းကြီးတစ်ခု မဟုတ်ဘူး'
Soloက ကျွန်တော့်ကို လှည့်ကြည့်လာသည်။ အမှောင်ထုတွေကြားထဲမှာ ကျွန်တော်တို့နှစ်ယောက် အကြည့်ချင်းဆုံလျက်…
'သူမက လူသားဆန်တဲ့လူတိုင်းဖြစ်ချင်တဲ့… အရာအားလုံးနဲ့ပြည့်စုံတဲ့လူဘဲ…'
'…'
'သူမအပေါ် ဘယ်လိုမြင်လဲဆိုတာကို ဆုံးဖြတ်ပေးရမယ့်သူက Guitarလေ…'
ဘယ်လိုမြင်လဲ…
ကျွန်တော် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ N'Moonလေးအတွက်ကတော့ အသေးလေးက Mae Yaiကို လမင်းကြီးလို့ မြင်နိူင်သလို… ဒီရွာက လူတွေအတွက် Mae Yaiက ကျေးဇူးရှင်တစ်ယောက်ဖြစ်နိူင်သည်။ ဒါပေမယ့် ကျွန်တော့်အတွက်က…
'အစ်ကို့အတွက် သူမက မိသားစုဘဲ… ပြီးတော့ သူမက အစ်ကို့ရဲ့နှလုံးသားထဲမှာ ထာဝရရှန်သန်နေမှာ…'
N'Moonလုပ်သလိုမျိုး ကျွန်တော့်မှာ အစားထိုးစရာဘာမှမရှိ… ကျွန်တော့်ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက်အနေနဲ့ အမေ့ကို ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ အမြဲတမ်း သိမ်းဆည်းထားမည်။ ဒါပေမယ့် အမေက ကျွန်တော့်ရဲ့ပစ္စုပ္ပန်ကာလထဲမှာတော့ ရှိမနေနိူင်တော့ဘူးပေါ့… ကျွန်တော် အမေ့ကို ဖက်တွယ်မထားတော့ဘူး။ ဘာလို့လဲဆိုတော့ တကယ်လို့ ကျွန်တော်သာ ဖက်တွယ်ထားမိရင် ကျွန်တော့်ရဲ့ကျန်တဲ့ဘဝတစ်လျောက်လုံးမှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရမှာ…
'ကျောင်းအုပ်ကြီး… ဒီနေ့ Moonလေ… ဆရာHiaရယ်… ဆရာပြုံးရယ်… ဆရာခန့်ချောကြီးရယ်… ဆရာအသစ်သုံးယောက်နဲ့ တွေ့ခဲ့တယ်'
ကျွန်တော် Soloကို ပြုံးပြလိုက်တဲ့အခါမှာ သူက ကျွန်တော့်ကို ပြန်ပြီးကြည့်လာသည်။ ပြီးတော့ အံ့သြစရာကောင်းစွာနဲ့ဘဲ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်မထိတွေ့ထားတာတောင် သူ ပြောပြချင်နေတဲ့အရာက ဘာလဲဆိုတာကို ကျွန်တော် နားလည်မိသလိုမျိုး ခံစားနေရသည်။
'အမေ့ကို လွမ်းလို့ရတယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာဘဲ ကပ်တွယ်မနေသင့်ဘူး'
'သား ကျောင်းအုပ်ကြီးကို အရမ်းလွမ်းတယ်'
ကျွန်တော်လည်း Mae Yaiကို အရမ်းလွမ်းတယ်။
…_…