မတွေ့ခဲ့ရင်သိပ်ကောင်းမယ် ဆိုတဲ့အတွေးတွေကို အချိန်ပြည့်တွေးနေမိတဲ့ ကိုယ့်ကိုကိုယ်စိတ်တိုမိသည်။သူ့အကြောင်းတွေမေ့ထားမယ်၊မျက်စိရှေ့မှာ ပေါ်လာရင် အကြည့်လွှဲလိုက်မယ်ဆိုပြီး တွေးမိပေမယ့် လက်တွေ့မှာတော့ အတွေးနဲ့ခြားနားစွာ ထိုကောင်လေးကိုသာ မသိမသာငေးကြည့်နေမိတယ်။
သူ့အသံမှမကြားရရင်၊သူ့ကိုမှမတွေ့ရရင် တစ်ခုခုလိုနေတဲ့ခံစားချက်ကို ဖျောက်ထားလိုက်ချင်သည်။
စစ်မှန်တယ်လို့ထင်တဲ့ချစ်ခြင်းကို ရှာတွေ့ခဲ့တယ်။သူ့ရဲ့အလွဲနဲ့တွေ့ဆုံခဲ့တာလေးတွေ၊အမြဲအားငယ်နေတဲ့ မျက်နှာလေးဟာ ရင်ထဲမှမထွက်ပါ။ဖအေတူ မအေကွဲ ညီအစ်ကိုတဲ့လား။ဟက်...ဒါလားတွေ့ဆုံမှု၊ဒါလားအချစ်။တစ်အိမ်ထဲနေပြီး လွမ်းနေရတဲ့ အဖြစ်ကိုလည်းသဘောမကျချင်တော့ပါ။
"တစ်ခုခု ပြောစရာရှိလို့လားကောင်လေး"
ကော်ဖီခွက်ကို ကိုင်လိုက်၊ချလိုက်၊ကျွန်တော့်မျက်နှာကိုမော့ကြည့်လိုက်လုပ်နေတဲ့ကောင်လေးကို မေးလိုက်တယ်။
"ဟုတ်..ဟုတ်၊ခွင့်တောင်းစရာလေးရှိလို့ပါဗျ၊"
"အင်းပြောလေ"
ကော်ဖီခွက်ကိုမှုတ်ရင်း တစ်ငုံသောက်လိုက်ကာ ကောင်လေးရဲ့အပြောကိုစောင့်နေမိသည်။ဘာတွေ ဒီလောက်ကြောက်နေတာလဲတော့ မသိ။
"ဟိုလေ..ပျိုးပင်လေးတွေဝယ်ဖို့ ဖေဖေ့ကို ပြောတော့ ကိုလေးကလိုက်ပို့လိမ့်မယ်ပြောလို့ ကိုလေးအားရင် လိုက်ပို့ပေးပါလား၊ပြီးတော့ ဝယ်စရာလေး နည်းနည်းရှိလို့"
"ခုနေ့လား"
"ဟုတ်..ကိုလေး အားရဲ့လား၊အရေးမကြီးပါဘူးဗျ"
"အင်း...ဒါဆို မြန်မြန်စား။ကို အဝတ်စားလဲပြီး ဧည့်ခန်းထဲကစောင့်မယ်"
အေးနေတဲ့ကော်ဖီကိုမော့ပြီးမနက်စာကို အဆုံးသတ်ကာအဝတ်စားလဲဖို့ အခန်းထဲပြန်ဝင်လိုက်သည်။
မေမေရဲ့တစ်လပြည့်အတွက် အသွားမှာ ဘုရားကို လိုက်ပို့ပေးဖို့ ခွင့်တောင်းရအုံးမယ်။မေမေ့ကြောင့်လို့ပြောရင် ကိုလေးများ စိတ်ကွက်သွားမလားဆိုပြီး ထုတ်မပြောခဲ့တာ။ဒါပေမယ့် ကိုလေးက လူကောင်းတစ်ယောက်ဆိုတာကျွန်တော်သိပါတယ်။
ကျွန်တော်စရောက်တဲ့နောက်နေ့မှာ ဖေဖေကမိတ်ဆက်ပေးတော့ အံသြသွားတဲ့ ကိုလေးနဲ့ သူ့မျက်ဝန်းထဲက အရိပ်ရောင်လေးတွေကို ကျွန်တော်အဓိပ္ပါယ်မဖော်ရဲခဲ့ပါ။အရင် တွေ့ဆုံမှုတွေလို နွေးထွေးမှုတွေမရှိတော့တာ ကျွန်တော်တို့နှစ်ယောက်ကြားက ညီအစ်ကိုဆိုတဲ့အလွှာပါးကြောင့်ဆိုတာ သိပေမယ့် အေးစက်သွားတဲ့အကြည့်၊ကြေကွဲနေတဲ့မျက်ဝန်းတွေကို မြင်ရတာကြောင့် ကျွန်တော်အပြစ်မကင်းသလိုခံစားမိပါတယ်လေ။
✉✉✉✉✉✉✉✉✉✉✉✉✉✉✉✉
"သားရေ..ရှင်းနီရောက်နေတယ်"
ကောင်လေးကို အပြင်လိုက်ပို့ပေးဖို့ အဝတ်စားတွေလဲရင်း မေမေ့ရဲ့အသံကို အခန်းရှေ့က ကြားလိုက်ရသည်။မျက်ခုံးတွန့်လိုက်မိပေမယ့် ဘာမှတော့ အထွန့်မတက်ဖြစ်ခဲ့ပါ။
"ဂျွန်ရဲ့ဗိုက်ထဲမှာ ပုဏ္ဏားလေးများရှိနေလား"
ထိုင်ရုံရှိသေးတယ် ရှင်းနီရဲ့အပြောကြောင့် ကိုယ့်ဗိုက်ကိုပင် ပြန်စမ်းလိုက်မိတယ်။ဘာမှမရှိပါဘူး ပုံမှန်ပါပဲ။
"ဟမ်..မဟုတ်တာဗျာ။ဘာဖြစ်လို့ ကျွန်တော့်ဗိုက်ထဲကို ပုဏ္ဏားကရောက်နေမှာလဲ"
မေမေ့ရယ်သံတိုးတိုးကို ကြားမိပေမယ့် ဘာမှတော့ ဝင်မပြောပါ။
"ဟား..ဂျွန်ကကွာ သဘောပေါက်မလွယ်လိုက်တာ၊ရှင်းနီအပြင်လိုက်ပို့ခိုင်းမှာသိလို့ အဝတ်စားတွေကြိုလဲထားတာမဟုတ်ဘူးလား၊ခုနေ့မှ ဂျွန်က ပိုချောနေတယ်နော်"
ခြေဆုံးခေါင်းဆုံး အသွားအပြန်ကြည့်ရင်း ပြောလာသူကြောင့် ကြက်သီးပင်ထမိသည်။
"ခုနေ့တော့ မဖြစ်ဘူးရှင်းနီ၊ကိုယ်ဇယ့်ကို အပြင်လိုက်ပို့ပေးမယ်လို့ ပြောထားပြီးသားဖြစ်နေလို့"
ကျွန်တော်တို့စကားဝိုင်းကိုဘေးမှာ ချည်ထိုးရင်းအကဲခတ်နေတဲ့မေမေက ဇယ်ဆိုတဲ့နာမည်ကြားတဲ့အချိန်မှာတော့ ကျွန်တော့်ကို တည်တင်းတဲ့မျက်နှာထားနဲ့ကြည့်လာသည်။
"မင်းက သူ့ Driverလား."
"ဗျာမေမေ..အဲ့လိုတော့ မဟုတ်.."
ကျွန်တော့်စကားကို မေမေက ရှေ့ဆက်မခံဘဲ လက်ကာပြသည်။
"မဟုတ်ရင် ဘာလိုက်ပို့စရာလိုလဲ။သူကယောကျာ်းလေးတစ်ယောက်နော်။သူ့အဖေ စိတ်ပူတာဖြစ်သင့်ပေမယ့် မင်းကပါ မင်းအဖေနဲ့အလိုတူအလိုပါလား။ဟင်း..အမွေလုဘက်ဆိုတာလဲ သတိထားအုံးနော်"
မေမေ့ အသံတို့ကခက်ထန်လွန်းနေသည်။
"မေမေ..ဘယ်လိုပြောလိုက်တာလဲ။သူကြားသွားရင် ဘယ်လောက်အားနာစရာကောင်းလိုက်လဲမေမေရာ။ပြီးတော့ သူစိမ်းတစ်ယောက်ရှေ့မှာ ခုလိုမပြောသင့်ဘူးမဟုတ်လား"
သူစိမ်းဆိုတဲ့အသုံးကြောင့် ရှင်းနီက ကျွန်တော့်ကိုလှည့်ကြည့်လာ၏။သူမမျက်လုံးတွေ
မှာ အရောင်တွေက စူးရဲလွန်းနေသည်။
"ဘယ်သူကသူစိမ်းလဲ၊ရှင်းနီက တစ်ချိန်ကျ မင်းလက်ထပ်ရမယ့် မိန်းကလေးဘဲ၊ငါကတော့ ပြတ်ပြတ်ပဲပြောလိုက်မယ် မင်းအဲ့ကောင်ကို လိုက်ပို့ပေးစရာ အကြောင်းလုံးဝမရှိဘူး၊ရှင်းနီကိုသာ လိုက်ပို့လိုက်"
ရှပ်အကျီအဖြူလက်ရှည်လေးကို ပုဆိုးအပြာနုပ်လေးဖြင့်တွဲဝတ်လိုက်သည်။ပွနေတဲ့ဆံပင်တွေကို ခေါင်းလိမ်းဆီလိမ်းကာ ဖြီးလိုက်သည်။ဖေဖေပေးထားတဲ့မုန့်ဖိုးထဲကမှ တစ်ချို့ကိုယူကာ အိတ်ထဲထည့်လိုက်ရင်းအခန်းပြင်သို့ထွက်လာလိုက်တော့ ဆူဆူညံညံအသံတွေကို အမှတ်မထင်ကြားလိုက်ရသည်။
"ကျွန်တော် အရေးမကြီးပါဘူးဗျ၊ကိုလေးက အစ်မရှင်းနီကိုပဲ လိုက်ပို့ပေးလိုက်ပါ"
"ဟာ...ဇယ်က ဘယ်ကိုကျွမ်းကျွမ်းကျင်ကျင်...."
"ဂျွန်။မင်းတော်တော်ဖြစ်နေတာလား။ငါပြောနေတာကို လူလိုနားမလည်ဘူးလား။လိုက်မပို့နဲ့ဆိုမပို့နဲ့ပေါ့၊ဘာကို အထွန့်တက်ချင်နေတာလဲ"
မေမေက စကားဆုံးအောင်ပင် အပြောမခံဘဲ အော်တော့ ဇယ်ရဲ့မျက်နှာလေးဟာ သွေးမရှိတော့ လုံးဝဖြူဆွတ်သွားသည်။ရင်ထဲမချိလိုက်တာ ကောင်လေးရာ။
"နေပါစေ အန်တီရယ်၊ဇယ့်ကိုပဲလိုက်ပို့ပါစေ၊ရှင်းနီက ရပါတယ်"
အနစ်နာခံသူလိုပြောပေမယ့် ရေနစ်တဲ့သူဝါးကူထိုးတဲ့ရှင်းနီရဲ့ မျက်နှာကတော့မော့ချီကာ အထက်စီးဆန်နေသည်။
"တိတ်ကြစမ်း၊ငါ့အိမ်မှာ ငါ့အမိန့်ပဲဘယ်သူကမှ လျှာမရှည်နဲ့။ဟိုကောင်လေး ကိုယ့်ဘာသာသွား ငါ့သားနဲ့ချွေးမကြား ဝင်မရှုပ်နဲ့၊ပိုက်ဆံမရှိရင် လာယူ၊taxiစီးသွား၊ဒီလမ်းနဲ့ဒီခရီးကိုမှ မသွားတတ်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်တည်နိုင်မှာလဲ၊အမြန်သွားစမ်းပါ နင့်ကိုမြင်ရတာ ငါတကယ်စိတ်မချမ်းသာဘူး"
"ရ..ရပါတယ်ဗျ။ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ဒါဆို ကျွန်တော်သွားလိုက်ပါအုံးမယ်ခင်ဗျ"
ပါးပြင်ထက်မှာ မျက်ရည်လေးတွေက အထိန်းကွပ်မရှိကျဆင်းလာသည်။အန်တီက ငါ့ကို ဘဝအကြောင်းသင်ပေးနေတာပဲလေ။သင်ပေးနေတာ။ဒါက မေတ္တာရှိလို့ပေါ့။
ကျွန်တော့်ရဲ့ဘဝက အားကိုးရာမဲ့နေပြီလားလေ
✉✉✉✉✉✉✉✉✉✉✉✉✉✉✉✉
ဝါးနှီးနဲ့ရက်လုပ်ပူဇော်ထားပြီး ရွှေသင်္ကန်းကပ်ထားတဲ့ နှီးပုထိုးတော်ရဲ့ ရှေ့မှာ ပန်းမျိုးစုံတို့ကို ကပ်လှူပူဇော်ထားသည်။အာရုံခံမဏ္ဋပ်အောက်မှာတော့ ပုတီးစိပ်၊တရားထိုင်နေကြတဲ့ အဘိုးအဘွားတွေနဲ့ လူလတ်ပိုင်းတစ်ချို့ရှိနေသည်။
နှင်းဆီပန်းတွေနဲ့ခရေပန်းကုံးလေးတွေကပ်လှူနေတဲ့ ဇယ်ရဲ့မျက်နှာလေးက အေးချမ်းလွန်းတာကြောင့် ခွင့်မတောင်းပဲ တတိယမြောက်ပုံကို ခိုးကာရိုက်မိပြန်သည်။ကျွန်တော်တော့ ဒီကလေးအတွက်နဲ့ ငရဲကြီးပြန်ပြီဆိုတာ သိပေမယ့် နောင်တမရမိပါ။
"သွားရအောင်လေကိုဆက်၊ကျွန်တော် အဂါင်္ထောင့်မှာ ရေသပ္ပါယ်ချင်သေးလို့ အချိန်ရတယ်မလား"
"ရပါတယ်၊အေးအေးဆေးဆေးသာ ကုသိုလ်ယူပါ၊ဒီကောင်ကြီးက ဇယ့်အတွက်ပါရမီဖြည့်ဖို့ အသင့်ပါဗျာ"
အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်သွားနေတဲ့ဇယ်ကို အမှီလိုက်ပြီး ပုခုံးလေးကို ဖက်ထားလိုက်ပြီးပြောလိုက်တော့
ကျွန်တော့်ကို မော့ကြည့်ကာ ပြုံးပြလာတဲ့ကောင်လေးရဲ့ အပြုံးတွေက လန်းဆန်းမှုတွေပျောက်ကွယ်နေသည်။
.................
အိပ်ယာနိုးနိုးချင်း လုပ်နေကျ အလုပ်ဖြစ်တဲ့တစ်ဖက်ခြံလေးကို ဝရန်တာမှ ငေးကြည့်လိုက်တော့ ခရေပင်အောက်မှာ တရွေ့ရွေ့နဲ့ ပန်းကောက်နေတဲ့ကောင်လေးကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။မလှမ်းမကမ်းက သစ်သားခုံတန်းလေးထက်မှာတော့ ခူးပြီးသား နှင်းဆီခိုင်များက အရောင်အသွေးစုံလွန်းနေသည်။
"ဟဲ့..သား၊ဘယ်သွားမလို့လဲ၊သွားစရာရှိရင်လဲ Breakfastစားပြီးမှသွားတာမဟုတ်ဘူးကွယ်၊မျက်နှာရောသစ်ပြီးပြီလား မသိဘူး ဒီကောင်လေးတော့"
"ပြန်မှစားမယ်မေမေ၊ဟိုဘက်ခြံမှာ ဇယ့်ကိုမြင်လို့ သွားမလို့"
ခပ်မြန်မြန်ဖြေကာ အပြေးတစ်ပိုင်းသွားနေတဲ့ သားလုပ်သူရဲ့ ဇယ့်အပေါ်ထားတဲ့ သံယောဇဉ်တွေကိုမြင်ရတော့ ပြုံးရင်းခေါင်းကိုသာ ခါနေမိပါသည်။
ခရေပွင့်လေးတွေကောက်နေတဲ့ဇယ်က ကျွန်တော်ရောက်နေတာကိုပင် သိပုံမပေါ်ပါ။ဘေးတစောင်းမြင်နေရတဲ့ ဇယ်ရဲ့မျက်ဝန်းလေးတွေမှာ မျက်ရည်လေးတွေက ဝဲခိုနေသည်။မတွေ့ရတာ သိပ်မကြာသေးပေမယ့် ကလေးပိန်ကျသွားတာ သိသာနေသည်။ကျွန်တော် ရင်တွေနာလိုက်တာ။
ဟာ..ကိုဆက်၊အသံမပေးဘာမပေးနဲ့၊လန့်တောင်လန့်တယ်၊တကယ်ပါပဲ"
မျက်ရည်စတွေကို လက်ဖမိုးလေးနဲ့သုတ်ရင်း အပြုံးပန်းတွေကိုလဲ ဆင်မြန်းပြနေသေးသည်။ဟန်ဆောင်ကောင်းလိုက်တဲ့ ကလေးရယ်။
"ပြောပါအုံး၊ဘယ်ကောင်မလေးကို ပေးမှာမလို့ ဒီလောက်သည်းကြီးမည်းကြီးကောက်နေရတာလဲ၊ဒီကောင်လေး ရိုးမှရိုးသေးရဲ့လား"
ဇယ့်ကိုစရင်း မြက်ခင်းပေါ်တင်နေတဲ့ ခရေပန်းပွင့်လေးများကို ကောက်နေလိုက်သည်။
"မဟုတ်ပါဘူးကိုဆက်ရာ၊ခုနေ့မေမေကျွန်တော့်ကိုထားသွားခဲ့တာ တစ်လပြည့်လေ၊အဲ့ဒါခုနေ့ဘုရားသွားပြီး မေမေ့အတွက် ကုသိုလ်လုပ်မလို့ပါ၊ပြီးတော့ဝယ်စရာလေးလဲရှိနေသေးလို့"
"အော်..ဒါကြောင့် ခြံထဲက ပန်းတွေလာကောက်တာပေါ့။နေ့တိုင်းရေလောင်းရတဲ့ ဒီကောင်ကြီးကိုတော့ ကျေးဇူးတင်ပါတယ်မပြောဘူး"
"ကျေးဇူးတင်ပါတယ်..ဟုတ်ပြီလား"
"ဘယ်သူမှလိုက်မပို့ဘူးလား၊ဟိုကောင်ကရော."
"ဖေဖေက မနက်စောစောတည်းကုမ္ပဏီသွားတယ်လေ၊
အကိုဂျွန်ကိုလိုက်ပို့ခိုင်းထားပေမယ့် အစ်မရှင်းနီရောက်လာလို့ လိုက်မပို့ဖြစ်လို့ ကျွန်တော့်ဘာသာထွက်လာလိုက်တာ၊ပြီးတော့..."
ကောင်လေးက မျက်လွှာချရင်း ရေထဲကိုမြောသွားတဲ့ ပန်းပွင့်လေးတွေကို လိုက်ကြည့်နေသည်။
"သူ့အမေကလဲ လိုက်မပို့ပေးစေချင်ဘူးမဟုတ်လား"
ကောင်လေးကပြန်မဖြေ၊တစ်ချက်သာမော့ကြည့်ပြီး ပန်းကိုသာဆက်ကောက်နေ၏။
"မင်းအမြင်မှာ ငါကဘာလဲဇယ်၊ဘာမှအရေးမပါတဲ့ကောင်ကြီးလား။ငါကမင်းကို ဘာမှမဖြည့်ဆည်းပေးနိုင်တဲ့လူလား။သူလိုက်မပို့နိုင်ရင်ငါ့ကို ဖုန်းတော့ဆက်သင့်တာပေါ့၊ဘာလဲ အားလုံးရဲ့နောက်မှာမှ ငါလား။ခုခေတ်အခြေအနေက ယောကျာ်းလေးတောင်စိတ်မချဘူးကွ မင်းဒါလေးတောင်မသိတော့ဘူးလား"
"ကိုဆက်ကဗျာ၊မဆူပါနဲ့"
"ငါ့ကိုကြည့်."
ငိုမဲ့မဲ့လေးပြောလာတဲ့ဇယ်ရဲ့ခေါင်းလေးကို ဆွဲမော့လိုက်ရင်း မျက်လုံးချင်းဆုံလိုက်သည်။
"ဒီကမ္ဘာကြီးမှာ မင်းအတွက်ဘယ်သူမှမရှိဘူးဆိုတဲ့ အတွေးကို မတွေးပါနဲ့လားကွာ၊ငါတစ်ယောက်လုံးရှိတယ်လေ၊မင်းဘက်မှာဘယ်သူကမှ မရှိရင်တောင် ငါရှိနေသေးတယ်၊မင်းနာလည်ရဲ့လား။မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား"
သနားတဲ့စိတ်ရော ဒေါသထွက်တာတွေပါရောပြီး ကောင်လေးကိုဆူလိုက်မိသည်။ရင်ထဲမှာဘာတွေဖြစ်နေလဲ ကိုယ်ပဲသိတာမလို့ အပြစ်တင်ရင်လဲခံရမှာပဲ။
"မ..မဟုတ်ပါဘူးကိုဆက်ရာ။ကျွန်တော်က ကိုဆက်ကိုအားနာလို့ပါ။ပြီးတော့ ကိုဆက်က ဘယ်သူ့နောက်မှာမှမဟုတ်ပါဘူး။ကျွန်တော်ပြောတာယုံပါ။အန်တီလိုက်မပို့စေချင်ဘူးဆိုတာလဲ ဖြစ်သင့်တာပဲလေ။ချွေးမလောင်းနဲ့လင်ပါသားက ဘယ်သူအရေးပါလဲ ကိုဆက်ပဲတွေးကြည့်။
ပြီးတော့ ဘယ်သူတွေပဲ ကျွန်တော့်ကို အော်ငေါက်နေပါစေ ခံနိုင်ပါတယ်၊ ကိုဆက်တော့မအော်နဲ့ဗျာ ကျွန်တော်ဝမ်းနည်းတယ်၊စိတ်မကောင်းလဲဖြစ်တယ်"
မျက်ရည်တွေဒလဟောကျကာ ရှိုက်ငိုနေပြီဖြစ်တဲ့ကောင်လေးကို ဆွဲဖက်ထားလိုက်တော့ ပိုလို့ပင်ငိုနေပါသည်။
ကျွန်တော်မမှားပါဘူးလေ။ကျွန်တော်စိတ်ပူတာ ကျွန်တော်သူ့အပေါ်ဘယ်လောက်တန်ဖိုးထားပြီးချစ်တာ ကျွန်တော်ပဲသိတာလေ။ဂျွန့်အတွက်က ရှင်းနီရှိနေတာတောင် ဒီကောင်ရဲ့ မျက်လုံးတွေ အကြည့်တွေက ဇယ့်အပေါ်မှာ ခံစားချက်ရှိနေတာ သိသာတာကြောင့် စိတ်မချပါ။
ဖားလေးတစ်ကောင်က ခြံစည်းရိုးရဲ့အပြင်ဘက်ကို ခုန်ဆွ ခုန်ဆွနဲ့သွားနေသည်။ခရေပင်ယံထက်မှ ပွင့်ငယ်လေးတွေကလဲ ကျွန်တော်တို့အပေါ် ပန်းမိုးရွာနေသည်။ရေစီးကြောင်းအတိုင်း တစ်ချို့ကတော့ လိုက်ပါသွားသည်။
ဒီနေ့မှာ နေသာပါတယ်။ ခရေပင်ရိပ်အောက်မှာ ကျွန်တော်တို့နှစ်ယောက် ပွေ့ဖက်ထားပါတယ်။နေရောင်ခြည်တွေမကျလာပါ။ပွင့်ငယ်တွေကသာ တဖြုတ်ဖြုတ်.......