[Unicode ]
ဟိုတယ်ပြန်တဲ့လမ်းတစ်လျှောက် ချန်တုံလန် နှင်းလူသားရုပ်လေးကို လက်ထဲမှာ အသေအချာ ကျစ်ကျစ်ပါအောင် ကိုင်ထားလျက် ကျန်လက်တစ်ဖက်က ယွမ်ယွမ့်လက်ကိုဆွဲထားသည်။
အိပ်မက်သဖွယ် မယုံကြည်နိုင်အောင်ပင် သူတို့နမ်းပြီးခဲ့ပြီ။ ချန်တုံလန် အခိုင်အမာစိတ်ချရပြီလို့ခံစားမိသည်။
သူ လွှတ်မပေးတော့။ နောက်တစ်စက္ကန့်မှာ ယွမ်ယွမ်ကနောင်တရပါတယ်ဆိုလာရင်တောင် သူလွှတ်မပေးတော့။
ညစာစားဖို့ စားသောက်ဆိုင်ရောက်တော့ ယွမ်ယွမ် ဟင်းနှစ်ပွဲကို သင့်သလိုရွေးလိုက်ပြီးနောက် ချန်တုံလန့်ကို ဘာစားချင်လဲလို့မေးလိုက်သည်။
ချန်တုံလန့်ကို ဒီမေးခွန်းမေးလိုက်တာအတွက် အဖြေပြန်လာဖို့ အချိန်တွေအများကြီးကုန်အောင်စောင့်ရမယ်ဆိုတာ သူကြိုမြင်ပြီးသား။
ချန်တုံလန်တစ်ယောက် ခက်ခက်ခဲခဲတွေးပြီးနောက် ပြောလာသည်
"ငါအကုန်ကြိုက်တယ်လို့ထင်တာပဲ"
ယွမ်ယွမ် လက်ပိုက်လိုက်သည်
"မင်း ပန်းဂေါ်ဖီစိမ်းကြိုက်လား?"
ချန်တုံလန် အငိုက်မိသွားပြီး လိမ်ပြောတာပေါ်သွားမှန်း သိလိုက်တာကြောင့် တိတ်ဆိတ်သွားတော့သည်
"သိပ်မကြိုက်ဘူး"
"တရုတ်နံနံရော?"
"မဆိုးပါဘူး"
"ခရမ်းချဉ်သီး?"
"အရမ်းကြိုက်တယ်"
"နံနံပင်?"
"လုံးဝမစားဘူး"
ယွမ်ယွမ် တစ်ခုပြီးတစ်ခုမေးကြည့်လိုက်တော့ သူအကြိုက်အစားအစာတွေကို ချန်တုံလန် လုံးဝ မကြိုက်မှန်း သိလိုက်ရသည်။ ဒါပေမဲ့ သူမစားပါဘူးဆိုတာတွေကိုပဲ သူကိုယ်တိုင် အရင်က ချက်ပြုတ်ပြီး သူနှင့်အတူ ထိုင်စားခဲ့သည်။
ယွမ်ယွမ် စားပွဲထိုးကိုခေါ်လိုက်ပြီး ချန်တုံလန့်အကြိုက်နှင့်ကိုက်သည့်ဟင်းအချို့မှာလိုက်သည်။