Chapter 18

9.6K 1.4K 141
                                    


[Unicode]

ချန်တုံလန်တစ်ယောက် လှေကားထစ်ပေါ်မှာထိုင်ကာ ဝမ်းနည်းအားငယ်စွာနှင့် ငိုလို့နေသည်။

သူ တစ်နာရီလုံးလုံး ထိုင်ငိုနေမိသည်။

အငိုရပ်သွားပြီးနောက် မတ်တပ်ရပ်ဖို့ကြိုးစားကြည့်ပေမဲ့ ခေါင်းက မူးဝေလို့လာပြီး တစ်ကိုယ်လုံး ပျော့ခွေနွမ်းလျနေသည်။

ခဏလောက် စိတ်ငြိမ်ငြိမ်ထားလို့အားဖြည့်လိုက်ပြီး အဆုံးမှာတော့ သူ မတ်တပ်ရပ်နိုင်လိုက်သည်။

သူ တောင်အောက်ကိုဆက်ဆင်းသွားလိုက်သည်။ ငိုထားရတာကြောင့် မျက်လုံးတွေ မို့အစ်နေကာ နည်းနည်းလည်းနာသလိုရှိနေပြီး ခေါင်းကလည်း မူးနောက်နေသေးသည်။

အတိတ်အချိန်တို့ကို ပြန်လည်တွေးမျှော်ကြည့်ရရင် အခုလောက်ထိ သူ့စိတ်သူအလိုလိုက်ပြီး ငိုဖြစ်တာ...ဒါပထမဆုံးအကြိမ်ဖြစ်သည်။

အရွယ်ရောက်အပြီးမှာ ငိုဖြစ်ခဲ့သည့် အကြိမ်အရေအတွက် အနည်းငယ်သာရှိသည်။ သူငိုလိုက်ရင်တောင် သူ့ကို နှစ်သိမ့်ပေးမည့်လူမရှိသည်ကြောင့် ငိုရတာကိုပင် မုန်းမိတော့သည်။ ဒီလိုနှင့်ပဲ နာကျင်ခံစားရသည်တို့ကို ရင်ထဲမှာပဲ တိတ်တဆိတ် မျိုသိပ်သိမ်းဆည်းထားလိုက်သည်က သူ၏ဝမ်းနည်းမှုခံစားချက်တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လာသည်။

ဒီလိုကနေ အချိန်ကြာလာတဲ့အခါ သူ့ခံစားချက်တို့ကို တဖြည်းဖြည်းနှင့် ဖွင့်ဟဖြစ်တာမျိုးရှားလာသည်။

ဒီနေ့တော့ ခံစားရသည့်နာကျင်မှုတို့ကို မျက်ရည်အဖြစ် ပြောင်းလဲလိုက်ခြင်း၏ ချိုမြိန်မှုအရသာကို သိရှိလိုက်ရသည်။ သူ့ရင်ထဲကိန်းအောင်းတည်ရှိနေသည့် လေးလံလွန်းပါသောပူပန်မှုတို့က သူ့နေ့စဉ်ဘဝမှာ ရှေ့ဆက်လျှောက်ရမည့်ခြေလှမ်းတို့ကိုတောင် အမြဲ တုံ့ဆိုင်းနေစေခဲ့သည်။

ငိုလိုက်ရတာကြောင့် ခေါင်းမကြည်နေဘူးဆိုပေသည့် ထိုထိုသော ပူပန်ခဲ့ရသည်တို့ကို ထုတ်ဖော်ဖွင့်ချလိုက်အပြီး ကျန်ရှိနေသည့် နာကျင်ဝမ်းနည်းမှုတို့ကပါ မျက်ရည်အဖြစ် ပြောင်းလဲလို့သွားသည်က မထင်မှတ်စွာဘဲ စိတ်ပေါ့ပါးသွားရသည်။

Loneliness (Completed)Where stories live. Discover now