အပိုင်း (၄၄) - မနက်စာ

Start from the beginning
                                    

ယင်းအမူအရာကို မြင်လိုက်သည့်အခါ အန်းကျီယန်၏ ဉာဉ်က ဖူလောင်ဝမ်ရယ်မှာ စိတ်အနေအထား ကြည်ရှင်းမနေကြောင်း ပြောပြနေချေ၏။ ဖူဝူထျန်း က ဖူလောင်ဝမ်ရယ်၏ အခြေအနေကို အခွင့်ကောင်းယူပြီး သူ့မြေးမှာ ယောကျ်ားတစ်ယောက်ကို ဇနီးအဖြစ် လက်ထပ်ယူသည်အား သဘောတူရေးအတွက် လုပ်လိမ့်မည်ပါပင်။ ဖူလောင်ဝမ်ရယ်သာ ရောဂါစွဲကပ်မနေပါက သဘောတူလိမ့်မည်ဟု အန်းကျီယန် မထင်မိချေ။

နှစ်ယောက်သားမှာ ဖူလောင်ဝမ်ရယ်၏ ရှေ့တွင် ဒူးထောက် ဂါရဝပြုလိုက်ကြသည်။

လင်ပန်းကိုင်ထားသည့် အစေခံက ရှေ့သို့ တိုးလာပေး၏။ အန်းကျီယန် လင်ပန်းပေါ်မှ လက်ဖက်ရည်ခွက်ကို ယူလိုက်လေပြီး ဖူလောင်ဝမ်ရယ့်ထံ ဆက်သလိုက်လေသည်။

"အဖိုး...ကျေးဇူးပြုပြီး လက်ဖက်ရည် သုံးဆောင်ပါဦး"

ဖူလောင်ဝမ်ရယ် က လက်ဖက်ရည်ကို အပြုံးနှင့် ယူလိုက်လေ၏။ သူက တစ်ငုံမျှ စုပ်သောက်လိုက်ရင်း ပြောလိုက်သည်။

"ငါ့ရဲ့ မြေးချွေးမလေးက တကယ့်ကို အပြုအမူကောင်းလေး ရှိတာပဲ"

အဲ့ဒီနောက် သူက အနီရောင်စာအိတ်ကို အန်းကျီယန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ယင်းမှာ ခပ်ပါးပါးဖြစ်ပြီး ထူထဲသည့်ဟန် မပေါ်ပါပေ။ နောက်မှသာ ငွေသားတစ်သောင်းတန် လက်မှတ်ဖြစ်နေကြောင်း အန်းကျီယန် သိလိုက်ရ၏။ ဤမျှ များပြားလှသည့် ပမာဏက သူ့ကို အံ့အားသင့်သွားစေသည်။

အန်းကျီယန်သည် တမင်တကာပင် "မြေးချွေးမလေး" ဆိုသည့် နာမည်ကို လျစ်လျူရှုပစ်လိုက်ကာ မျက်နှာအမူအရာ တစ်ချက်မှ မပြောင်းမလဲနှင့်ပင် အနီရောင်စာအိတ်ကို လက်ခံယူလိုက်ကာ ကျေးဇူတင်လိုက်လေ၏။

ဖူဝူထျန်း က လည်း သူ့အဖိုးကို လက်ဖက်ရည်တစ်ခွက် ဆက်လိုက်ပါ၏။ သို့သော်ငြား လောင်ဝမ်ရယ် က သူ့မြေးအရင်းကိုမူ စိတ်ဝင်စားမှု နည်းပါးချေသည်။

သူတို့ လက်ဖက်ရည် ဆက်ပြီးချိန်တွင်တော့ ဖူလောင်ဝမ်ရယ်က သူ့မြေးကို ဘဝင်ခိုက်နေသည့်အသံဖြင့် ပြောလိုက်သည်အား အန်းကျီယန် ကြားလိုက်ရတော့၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now