အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း

3.9K 897 9
                                    

Unicode

အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း

လှေကားပေါ်ရှိ ဖူဝူထျန်း၏ နှုတ်ခမ်းမှာကား အနည်းငယ် ကွေးညွတ်သွားသည်။

ယခုအချိန်၌ အနှီ ခန့်ညားချောမောလှသည့် မျက်နှာသည် လူအများ၏ ပါးပြင်ကိုရှက်သွေးဖြာစေ၍ နှလုံးခုန်နှုန်း မြန်ဆန်သွားစေခြင်း မရှိတော့ပေ။ ထိုအစား သူ့ မျက်ခုံးနှစ်ခုကြားရှိ လိုင်း၌ သွေးဆာ ရက်စက်မှုအငွေ့အသက်များ စိမ့်ထွက်နေလေသည်။ ဤသည်မှာ ငရဲပြည်မှ တက်လာပြီး သာမန်လူသားများရှေ့၌ ရပ်တည်နေသည့် ခြူးရာ(နတ်ဆိုး) တစ်ကောင်နှင့် တူနေပေ၏။ သူသည် သူတို့ ဘယ်တော့မှ မရောက်ရှိနိုင်သည့် အထက်ကောင်းကင်ဘုံ၌ ရပ်တည်နေသော နတ်ဘုရားတစ်ပါးနှင့် တူပေသည်။ သူ့၏ အကြည့်အောက်၌ သူတို့သည် အရေးမပါသော ပုရွတ်ဆိတ်များနှယ် ခံစားလိုက်ရကြ၏။

အနှီမြင်ကွင်းကို မြင်လိုက်ရသည့် ရဲမက်များသည် စိတ်နှလုံးထဲဆီမှ အေးစက်တုန်ယင်မှုကို ခံစားလိုက်ရသည်။ သူတို့၏ လက်များက တုန်ယင်သွားကြပြီး အားလျော့သွားရကား ဓားများသည်လည်း လျောကျသွားရ၏။

လျိုဖေးဟုန်သည် ဒေါသထွက်ရလွန်း၍ ဖြူဖျော့နေသည့် သူ့မျက်နှာသည်ပင် အနီရောင်ပြောင်းသွားလေသည်။ လူအယောက်သုံးဆယ်သည် လူတစ်ယောက်ကိုပင် မဖြေရှင်းနိုင်ပေ။ ဤသတင်းသည်သာ ပျံ့နှံ့သွားပါက သူ့ကို ဝိုင်းဝန်းရယ်မောကြမည် မဟုတ်လော။

"တရားသူကြီး ကျင်း...မြန်မြန် အကြံထုတ်စမ်းပါဟ!"

နောက်ဆုံးတွင် လျှိုဖေးဟုန် သည် ကူကယ်ရာမဲ့စွာဖြင့် ကျင်းကျုံးထင် ထံမှ အကူအညီတောင်းရလေတော့သည်။ စာရင်းစာအုပ် ပါ အကြောင်းအရာများ ပျံနှံ့သွားမည်စိုးသည့်စိတ်ကြောင့် သူသည် အန်းယွမ်စီရင်စုသို့ အလျှင်အမြန် လာခဲ့ရသည်။ ထို့ကြောင့် သူ့၌ များစွာ ပြင်ဆင်ထားရန် အချိန်မရခဲ့ပေ။ ထိုအချိန်က သူသည် သူ့၏ ပြိုင်ဘက်ကို သာမန် မြေပိုင်ရှင် တစ်ယောက်မျှသာဟု တွေးထားခဲ့မိသည်။ ဤကိစ္စမှာ ထိုမျှ ခက်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now