ကျောင်းပိတ်ရက်ရှည်ဆိုတာလည်း အေးဝေတို့လို ကျောင်းသားတွေအတွက် ထူးထွေဆန်းလေပြီး ပျော်ရမယ့်အဖြစ်အပျက်ကြီးတစ်ခုမှ မဟုတ်တာ။
ဆယ်တန်းကျောင်းသူတစ်ယောက်အတွက် ပိတ်ရက်နဲ့ဖွင့်ရက်ဆိုတာ စနေနဲ့တနင်္ဂနွေနေ့ လို ဘေးချင်းကပ်ရှိနေတဲ့ ပုံမှန်အဖြစ်အပျက်ကြီးပဲလို့ တွေးမိတော့ အိမ်က ခြောက်တန်းကျောင်းသား အငယ်ကောင်တစ်ယောက် သီတင်းကျွတ်ကျောင်းပိတ်ရက်တွေကြောင့် သိပ်ကိုပျော်နေတာမြင်တော့ သူ့ကို ခေါင်းခေါက်မိချင်စိတ်တွေ တားမရ ဆီးမရတောင် ဖြစ်မိပါတယ်။ အစ်မတစ်ယောက်ရဲ့ သူ့မောင်ငယ်အပေါ်မှာ ထားတဲ့ ချစ်ခြင်းတွေဆိုတာ အဲလိုဖြူစင်တာပါလေ။
ထုံးစံအတိုင်း ကျောင်းကအပြန် စာသင်ဝိုင်းရောက်တော့ မြတ်လေးနဲ့ လင်းမောင်က ရိုးရာမပျက် ရန်ဖြစ်နေကြတယ်။ ဘော်ရှီဗစ်ပါတီနဲ့ ဘူဇွာတွေအကြောင်း ပြောကြရင်း ငြင်းနေကြပုံပေါ်ပါတယ်။ သူတို့နှစ်ယောက် ငြင်းခုန်ရန်ဖြစ်နေတဲ့ ကြားထဲမှာ အမြတ်ထွက်နေတာက ဖြိုးကျော်။ မြတ်လေး၀ယ်လာတဲ့ ဘယာကြော်တွေကို ပလုတ် ပလောင်း စားရင်း ဘူဇွာနဲ့ ဘော်ရှီဗစ်ပါတီကို စိတ်၀င်စားချင်ယောင်ဆောင်ရင်းနဲ့ ဗိုက်ပြည့်သွားတဲ့သူပါ။
"ငါ့ဘေးနားမှာ ဖြစ်ချင်တာဖြစ် ငါ့လာမထိသရွေ့ ငါနဲ့မဆိုင်" ဆိုသူက မီမီ။ နားထင်တစ်ဖက်ကို လက်နဲ့ထောက်ပြီး သမိုင်းစာအုပ်ကို ဖတ်နေရင်းက တလောကလုံးကို မေ့နေပုံရပါတယ်။ အခန်းထဲကို ဆက်ပြီးကြည့်တော့ အောင်နဲ့ ဘုန်းနောင် မရောက်သေးပါ။ ဒီနေ့ အချိန်က သမိုင်းချိန်။ သမိုင်းဆရာမ တီချယ်ခင်က အေးဝေတို့ ကျောင်းသားတွေအားလုံးအပေါ်ကို စာသင်ပေးရုံမကဘဲ လူမှုပေါင်းသင်းဆက်ဆံရေးလိုအရာတွေအတွက်ပါ သွန်သင်ညွှန်ပြတတ်တဲ့ တီချယ်ပါ။ သူ့ကျောင်းသူမလေးတွေကို တန်းခွဲဘယ်လောက်က ကျောင်းသားတွေ စာလာပေးတယ်၊ လက်ဆောင်တွေ လာထားသွားတယ်ဆိုတာမျိုးကအစ သိပြီး တိတ်တိတ်ကြိတ် ဆုံးမတတ်တဲ့ သူပါ။ ဘုန်းနောင်နဲ့ အောင်တို့ ရောက်မလာသေးပုံကို ကြည့်ရတာ တီချယ်ခင်ကို ကြိုဖို့ လမ်းထိပ်မှာ စောင့်နေကြတယ်ထင်ပါရဲ့။
YOU ARE READING
မချစ်ဘူးတဲ့လား၊ ( Don't you Love?)
Teen Fictionပျော်ပျော်နေတတ်ပြီး လူတိုင်းကို ခင်မင်တတ်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ သူ့ကို ဘယ်တော့မှ သူငယ်ချင်းလို့ မသတ်မှတ်နိုင်တဲ့ နှုတ်ခမ်းကို အမြဲ တင်းတင်းစေ့ထားတတ်တဲ့ ကောင်လေးတစ်ယောက်တို့ စာသင်နှစ်တစ်နှစ်လုံးမှာ အတူတူတက်ကြရသောအခါ ......