(Unicode)
အေး၀ေရဲ့အနားကို ရုတ်တရက်ရောက်လာတဲ့ အောင့်ကို ဆက်မကြည့်ရဲပါ။ အောင်ကတော့ ဘာမှမဖြစ်သလိုပါ။ အေး၀ေလက်ထဲက အ၀တ်ကို အောင် လှမ်းယူနေတယ်ဆိုတာ သိပေမယ့် ကြောင်တက်တက် မျက်နှာနဲ့ အ၀တ်ကို တင်းတင်းကြပ်ကြပ်ဆွဲမိဆွဲရာ ဆွဲထားမိတယ်။ ငုတ်တုတ်လေးထိုင်ရင်း ပြူးကြောင်ကြောင် ကြည့်နေတဲ့ အေး၀ေ ကိုကြည့်ရင်းက အောင် စိတ်မရှည်တော့ဘူးထင်ပါရဲ့။
"ဟေ့ ဘာတွေတွေးနေတာလဲ၊ လက်ထဲက အ၀တ်ကို ပေး၊ ကြမ်းတိုက်ပြမယ်၊" အောင့်ရဲ့ အသံခပ်အုပ်အုပ်နဲ့ ပြောလိုက်တဲ့စကားကိုကြားချိန်မှာ လန့်ဖျပ်သွားတဲ့အေး၀ေက အလန့်တကြားနဲ့ မော့အကြည့်။
"ဒုံး"
"အ ... အား"
"ဟာ နာသွားပြီထင်တယ်၊ ပြစမ်း ပြစမ်း.. အရမ်းနာသွားလား" ပြောရင်းနဲ့ အောင့်ရဲ့လက်ဖ၀ါးနွေးနွေးတစ်ဖက်က အေး၀ေရဲ့ နဖူးပေါ်ကို ဖွဖွလေး ဖိပွတ်ရင်း နောက်လက်တစ်ဖက်က အေး၀ေရဲ့ နားရွက်တစ်ဖက်ကို ဖိအုပ်ပြီး မျက်နှာကို မော့ပြီး ထိန်းကိုင်ထားတယ်။
ဖြစ်ပုံက ရုတ်တရက် အေး၀ေရဲ့ နဖူးနားအထိ အောင်က ခေါင်းကိုငုံ့ချလိုက်ပြီး စကားပြောလိုက်တော့ တွေးချင်ရာတွေးပြီး မြင်ချင်ရာမြင်နေတဲ့ အေး၀ေက ပျာယာခတ်ပြီး မော့အကြည့်၊ ငုံ့ကြည့်နေတဲ့ အောင့်ရဲ့ မေးစေ့ကို တိုက်မိလိုက်တာပါပဲ။ မေးစေ့ကို နဖူးနဲ့တိုက်ခံလိုက်ရတဲ့ အောင်ကတော့ မနာတဲ့ပုံနဲ့ အေး၀ေရဲ့ မျက်နှာ တစ်ခုလုံးကို သူ့မျက်နှာနားဆီ ဆွဲယူပြီး နဖူးကို ဖိပွတ်ရင်း ပါးစပ်ကလည်း လေပူတွေနဲ့ မှုတ်ပေးနေတယ်။ (တကယ်နာသွားမယ့်သူက အောင်လေ။ ငါမဟုတ်ပါဘူး၊ ငါက သူ့ကို နဖူးနဲ့ ၀င်တိုက်တာလေ )
"ဟာ အေး၀ေ ... အောင် ... မင်းတို့ ဘာလုပ်နေတာလဲ ၊ ဘုရားခန်းကြီးထဲမှာ"
" ဟေ့ကောင်တွေ ဘာဖြစ်ကြတာလဲ"
" ငါ့မင်းသမီးလေး ဘာဖြစ်ပြန်ပြီလဲဟဲ့" ... ၀ရုန်းသုန်းကားနဲ့ပြေးလာကြတဲ့အသံတွေထဲက နောက်ဆုံးထွက်လာတဲ့ ခပ်စာစာနဲ့ အသံက လင်းမောင်လေ။ လှည့်မကြည့်လည်း ဘယ်အသံက ဘယ်သူ့အသံလည်း ဆိုတာ သိနေပြီးသား သူတို့သုံးယောက်ရဲ့အသံ။ ဘုရားပန်းအိုးတွေ ဆေးပြီးလို့ ပြန်လာကြပြီထင်တယ်။
YOU ARE READING
မချစ်ဘူးတဲ့လား၊ ( Don't you Love?)
Teen Fictionပျော်ပျော်နေတတ်ပြီး လူတိုင်းကို ခင်မင်တတ်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ သူ့ကို ဘယ်တော့မှ သူငယ်ချင်းလို့ မသတ်မှတ်နိုင်တဲ့ နှုတ်ခမ်းကို အမြဲ တင်းတင်းစေ့ထားတတ်တဲ့ ကောင်လေးတစ်ယောက်တို့ စာသင်နှစ်တစ်နှစ်လုံးမှာ အတူတူတက်ကြရသောအခါ ......