(Unicode Version)
စနေနေ့ မနက်ခင်း ...
အိမ်ရှေ့က ခါတိုင်း ဖြတ်သွားနေကျ ပဲပြုတ်နံပြားသည်အဒေါ်ကြီးရဲ့အသံကလည်း အရင်လို မသာယာတော့ပါ။
နေ့တိုင်း စားနေကျ ခေါက်ဆွဲအစုံသုတ် နှစ်ပွဲဟာ အေးဝအေတွက် ဒီနေ့မှာတော့ ကုန်အောင်စားဖို့အတော်ခက်နေသလိုလို။
အပျော်တဝက်၊ အပျင်းတဝက်နဲ့ လွယ်အိပ်ကို ကောက်လွယ်ရင်း ၈ နာရီကျူရှင်အမှီ အပြေးတပိုင်းနဲ့ အိမ်ပေါ်က ဆင်းလာခဲ့ပါတယ်။
ဖြိုးကျော်ရဲ့အိမ်မှာပဲ စာစုသင်မှာဆိုတော့ မျက်နှာရူး ဖြိုးကျော်ကို တစ်နှစ်လုံး အတူတွေ့ရမှာကလည်း နည်းနည်းတော့ စိတ်ညစ်စရာ။
ပြောရဦးမယ်။ အဲဒီဖြိုးကျော်ဆိုတာ တော်တော့်တန်တန် မျက်နှာရူးတာမဟုတ်ဘူး။ သူသဘာကျတဲ့ မိန်းကလေးများ မြင်မိလို့ကတော့ လှတာ၊မလှတာ ဘေးထားလို့ ရင်ဘတ်ကြီးနဲ့ကို ခံစားပြီးချစ်မိတာဆိုပဲ။ လူကဖြင့် ဆယ်တန်းတောင်မအောင်သေး၊ စကားကြီး၊ စကားကျယ်၊ လေကြီးလေကျယ်တွေနဲ့ ပြီးတော့သူငယ်ချင်းတွေအားလုံးထဲမှာလည်း ဒင်းက စာအညံ့ဆုံး၊ အချစ်နဲ့ပတ်သက်ရင်တော့ သူက ဆရာတစ်ဆူ ပါဆိုပြီး သူ့ကိုယ်သူ ကြွေးကြော်ထားတဲ့ကောင်။
အခု အဲဒီအကောင်က "နင့်ကို ကြိုက်လို့တဲ့" သူငယ်ချင်းမြတ်ထွေး (ခ) မြတ်လေးက ပြောလာချိန်မှာ "အမလေး ငါတော့ဖြင့် လေပိသေတာ့မှာပဲ" လို့ပြောပြီး ရယ်ခဲ့တာတောင် သိပ်မကြာသေး၊ အခုတော့ ဒင်းအိမ်ကို သွားပြီး စာသင်ရပြီ၊ ဆိုးလိုက်တဲ့ ကံ။
တော်သေးတာက တစ်နှစ်လုံး အတူတက်ကြရမယ့် ကျောင်းကြီးမှာရော၊ စာသင်ဝိုင်းမှာပါ အမြဲအတူတူကျောင်းတက်ခဲ့ရတဲ့ သူငယ်ချင်း မြတ်ထွေးနဲ့ မေမီကျော်တို့ကြောင့် မျက်နှာရူးဖြိုးကျော်ရဲ့ အိမ်မှာ စာသင်ရတာက သိပ်တော့ မဆိုးလှဘူးပေါ့လေ။
မြတ်ထွေးနဲ့ မီမီတို့ဆိုတာလည်း မခေသူတွေမို့ ဖြိုးကျော်က သူတို့နှစ်ယောက်ကို မြင်ရုံနဲ့ အဝေးကနေပဲ ပြုံးဖြဲဖြဲလုပ်နေတတ်တဲ့သူတ။ မခေသူ မမနှစ်ယောက်ကို ဘာလို့ ကြောက်တာလဲဆိုရင် မြတ်လေးက ( မြတ်လေးလို့ပဲ ခေါ်နေကြ) ခါးလယ်အထိရှည်တဲ့ ဆံပင်ကြီးကို ကျစ်ဆံမြီးကျစ်ပြီး ကျောင်းလာတတ်သူ၊ ဆရာမသမီးမို့လားမသိ ပိုစွာတယ်လို့လည်း ပြောကြလေရဲ့။ သူ့ကိုယ်သူ ဆယ့်ရှစ်နှစ်မလို ဆရာလုပ်တတ်သူ၊ ခိုင်းလည်း အခိုင်းကြမ်းသူမို့ သူနဲ့အတူ သန့်ရှင်းရေးတာဝန်ကျတဲ့ ကျောင်းသားဟာ ဒေါင့်စေ့နေအာင် အခိုင်းခံရတတ်တာမျိုး၊ ဆရာမကြီးတစ်ယောက်ပေါ့လေ။
YOU ARE READING
မချစ်ဘူးတဲ့လား၊ ( Don't you Love?)
Teen Fictionပျော်ပျော်နေတတ်ပြီး လူတိုင်းကို ခင်မင်တတ်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ သူ့ကို ဘယ်တော့မှ သူငယ်ချင်းလို့ မသတ်မှတ်နိုင်တဲ့ နှုတ်ခမ်းကို အမြဲ တင်းတင်းစေ့ထားတတ်တဲ့ ကောင်လေးတစ်ယောက်တို့ စာသင်နှစ်တစ်နှစ်လုံးမှာ အတူတူတက်ကြရသောအခါ ......