ဝမ်ရိပေါ် ထိုလူများကိုလျစ်လျူရှုပြီး မိမိသွားရမည့်နေရာသို့သာ ဆက်သွားလိုက်သည်။
အနောက်မှာတော့ ကိုယ်ရံတော်ချန်းကတိတ်တဆိတ်လိုက်လာသည်။
ထိုအချိန် သူ့လက်ကိုလာဆုပ်ကိုင်လိုက်သည့်လက်တစ်စုံကြောင့် ဝမ်ရိပေါ်၏မျက်ခုံးတန်းတို့တွန့်ချိုးသွားသည်။

*ရာရာစစ ငါ့အသားကိုဘယ်သူထိရဲတာလဲ*

ဝမ်ရိပေါ်မျက်မှောင်ကြုတ်ပြီးဒေါသတကြီးလှည့်ကြည့်လိုက်သည်။
ထိုအချိန်သူမျက်ဝန်းအစုံထဲ နေရာယူသွားသည်က အပြုံးချိုချိုနှင့်မျက်နှာတစ်ခု။
လခြမ်းကွေးသဏ္ဌာန်မျက်ဝန်းများနှင့်ချိုသာစွာပြုံးပြနေသော မျက်နှာလှလှတစ်ခု။
ပုလဲလုံးများကိုကြိုးနှင့်သီထားသလိုစီတန်းလှပသောသွားများနှင့်ပြုံးရယ်ပြနေသော ထိုမျက်နှာ။
မဟုတ်သေးဘူး။ထိုလူ့ရှေ့သွားနှစ်ချောင်းက သာမန်ထက်တော့နည်းနည်းကြီးနေသလားလို့။
ယုန်လေးတွေလိုမျိုး။
သို့ပေမယ့်လည်း တော်တော်လေးလှနေတာကတော့ ငြင်း၍မရ။
ဒီလိုအလှလေးက သူ့ကိုဘာဖြစ်လို့လာကိုင်ရသည်လဲ။

"ရိပေါ်"

*ဘာလဲ ငါ့ကိုသိနေတာလား
လုပ်ကြံမယ့်လူထဲကလား*

ထိုအချိန် ကိုယ်ရံတော်ချန်းက အနားကပ်လာသောကြောင့် ဝမ်ရိပေါ်မျက်နှာရိပ်ပြပြီးမသိသလိုနေခိုင်းလိုက်သည်။

"ရိပေါ် မုန့်သွားဝယ်မယ်ဆိုပြီးဘယ်တွေလျှောက်သွားနေတာလဲ
ခဏနေရင် တံတားပေါ်မှာမီးပုံးတွေလွှတ်တော့မှာ
လာ သွားမယ်"

လက်ကိုဆွဲကာ ပြေးသွားသည့်လူနောက်မှ ဝမ်ရိပေါ် အူကြောင်ကြောင်ဖြစ်လျက်ပင်လိုက်ပါသွားသည်။
ကျိတ်ကျိတ်တိုးရလောက်အောင်ထူထပ်နေသော လူအုပ်ကြီးထဲကိုရောက်မှသာ ထိုလူကလက်ကိုလွှတ်ပေးသည်။

"ဒီမှာ ရိပေါ်ကြာနေတာနဲ့ ကောဇီးသီးတုတ်ထိုးပဲဝယ်ထားလိုက်တယ်
ရိပေါ်လည်းမုန့်မဝယ်ရသေးဘူးမလား"

"ဟင်... အင်း"

"ရော့ ရိပေါ်တစ်ချောင်းယူ"

လက်ထဲလာထည့်ပေးသည့် ဇီးသီးတုတ်ထိုးကိုဝမ်ရိပေါ် တွန့်ဆုတ်ခြင်းမရှိယူလိုက်သည်။
သူ့ခန္ဓာက ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ သူ့ရှေ့ကလူနှင့်လိုက်လျောညီထွေဖြစ်အောင်တုံ့ပြန်မိနေသည်။

Heaven or Hell(COMPLETED)Where stories live. Discover now