အခန်း (၂၆)

11K 1.5K 2
                                    

Unicode

Nie AnAn တစ်ယောက် ချက်ပြုတ်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ညတွင်းချင်း စီစဉ်လိုက်ရသဖြင့် အရံဟင်းအဖြစ် 'ဂေါ်ဖီထုပ်နှင့် ကြက်ဥမွှေကြော်' ကိုသာ စီစဉ်လိုက်နိုင်သည်။

မီးဖိုချောင်၌ မနက်စာအတွက် Nie AnAn တစ်ယောက်အလုပ်ရှုပ်နေလေသည်။ အချိန်ခဏကြာသည့်အခါ မီးဖိုပေါ်၌တည်ထားသည့် ဆန်ပြုတ်အိုးမှာ ပွက်ပွက်ဆူလာပြီး နယ်ထားသည့် ဂျုံများမှာလည်း ပွတက်လာပြီဖြစ်သည်။ ထို့ကြောင့် ပေါက်စီစ,လုပ်ရန်အတွက် သူမ ပြင်ဆင်လိုက်တော့သည်။

သူမ၏လှုပ်ရှားမှုများကို ရိုက်ကူးမှတ်တမ်းတင်နေသည့် ကင်မရာဆရာမှာ အိပ်ချင်မူးတူးဖြစ်ကာ သမ်းဝေနေလေသည်။ သို့သော်လည်း  အနားဖတ်ကလေးများကို ထပ်တူကျအောင် စီစီရီရီ တွန့်ခေါက်ထားသည့် ပေါက်စီကလေးများကို မြင်လိုက်ရချိန်၌ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။

'ဟာ... ဒီမိန်းကလေးက ကြယ်ငါးပွင့်ဟိုတယ်ရဲ့ အကြီးတန်းစားဖိုမှူးတစ်ယောက်လား!'

'မဟုတ်သေးပါဘူးကွာ၊ သူက အာဟာရဗေဒပညာရှင်တစ်ယောက်ပဲ။ သူ့ရဲ့တာဝန်က အာဟာရအချိုးအစား မျှတအောင် ဘယ်လိုတွေစားရမလဲဆိုတာကို လမ်းညွှန်ဆွေးနွေးပေးပြီး အကြံပေးရုံပဲ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့များ လက်တွေ့ချက်ပြုတ်တာကိုပါ ထမင်းစားရေသောက်သလို ကျွမ်းကျင်ပိုင်နိုင်နေရတာလဲ!'

ကင်မရာဆရာတစ်ယောက် သူမ ကို တအံ့တဩငေးကြည့်ရင်း အတွေးများနေစဉ်တွင် Nie AnAn တစ်ယောက် ပေါက်စီများကို ပေါင်းအိုးထဲသို့ထည့်ကာ အသီးအရွက်အချို့ကို ဆေးကြောလှီးဖြတ်ပြီးနောက် ဆန်ပြုတ်အိုးထဲသို့ ထည့်လိုက်တော့သည်။

ခဏကြာသည့်အခါ သူမ ချက်ပြုတ်နေသည့် ဟင်းလျာများမှ သင်းပျံ့မွှေးကြိုင်သည့် ရနံ့များထွက်ပေါ်လာသည်။ ထိုစားချင်စားဖွယ် ဟင်းရနံ့များကိုရှုရှိုက်နေမိသည့် ကင်မရာဆရာမှာ ဗိုက်လုံးလုံး ဆာနေပြီဖြစ်သည်။

ထိုအချိန်၌ နေထွက်လာပြီဖြစ်ကာ မိုးစင်စင်လင်းနေပြီဖြစ်သည်။ အဖွဲ့သားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အိပ်ရာထလာကြကာ သွားလာလှုပ်ရှားနေကြပြီဖြစ်၍ တည်းခိုခန်းအတွင်း၌ တပ်ဆင်ထားသည့် ကင်မရာများအားလုံးကိုဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်တော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now