Ep- 31 [Z]

1.9K 159 6
                                    

အခန်း (၃၁)

“ ဘာဖြစ်နေတာလဲ ကျူး။ မျက်နှာ မကောင်းဘူး ”

Video Call ကနေ တဆင့် မေးမိလိုက်တာ မတင်မကျ စိတ်တွေနဲ့။ မှိန်ဖျော့နေတဲ့ မျက်ဝန်းတွေက ကျူး မပီသလိုက်တာ။ ရေစိုနေတဲ့ ဆံပင်ကို တဘက်နဲ့ သုတ်ရင်း လပ်တော့ ရှေ့မှာ ဝင်ထိုင်လိုက်တယ်။

“ ယွင်းရော  မတွေ့ပါလား ”

ကျူးရဲ့ မူမမှန်နေခြင်းက စိုးရိမ်လှိုင်းကို ရိုက်ပုတ် နှိုးလိုက်သလိုပဲ။ သူငယ်ချင်းရယ်လို့ လက်ညှိုး ထိုးပြစရာလူက ကျူးမှာ ကိုယ်ပဲရှိတာ ကိုယ် အသိဆုံး။ ဇယားရှုပ်တွေနဲ့ ထွေငြိတတ်လည်း ကျူးက စိတ်ရဲ့ ဝေးရာမှာပဲ ထားပစ်ခဲ့တာချည်း။ ကျူးဘက်က စိတ်ရင်းမှန်နဲ့ ဆက်ဆံတဲ့သူဆိုတာ လက်ချိုးရေတွက်ရင်တောင် တစ်ဖက် မပြည့်တာ အသေအချာ။ အစွဲအလမ်းကြီးတတ်တဲ့ ကျူးက ဘယ်လို ကြိုးမျိုးကိုမှ ဘယ်သူ့အတွက်ရယ်လို့ မကျစ်ဖြစ်တော့တာ နှစ်တွေ ချီခဲ့တဲ့အထိ။

“ မရှိဘူး။ ကိုကို မရှိဘူး ခါး ”

တိုးဖျော့နေတဲ့ ဒီအသံ။ ပုတ်ခတ်လိုက်တဲ့ မျက်တောင်စိပ်စိပ်တွေ။ သေချာတယ်။ ကျူး တစ်ခုခု ဖြစ်နေပြီ။ ကားသော့နဲ့ ပိုက်ဆံအိတ် ကောက်ဆွဲချိန်မှာပဲ မြင်တွေ့လိုက်ရတဲ့ ဖန်ခွက်နဲ့ ဆေးတချို့။ ဂရုစိုက်ပေးမယ့်သူ မရှိတာနဲ့ ပေတေဇာတ်ကို ခင်းကျင်းနေပြီ။

“ ငါ အခု ထွက်လာပြီ။ အိမ်မှာပဲ စောင့်နေ ”

သံယောဇဉ်တွေ အနားသတ် ညီနေတဲ့အခါ တွယ်ငြိမိတာ သဘာဝပဲ။ မေတ္တာမှာ အရေအတွက်တွေ မလိုပါဘူး။ စစ်မှန်နေဖို့သာ အရေးပါတယ်။

*********

“ မနက်ဖြန်တော့ ပြန်မှ ဖြစ်မယ် ဖေဖေ ”

ဖေဖေ့ကို မျက်နှာချင်းဆိုင်ရင်း ကိုယ့်ဘက်က အခြေအနေကို ထုတ်ပြဖြစ်တယ်။

“ ဆရာဝန် တစ်ယောက်က သူ့တာဝန်ကို လျစ်လျူရှုထားလို့ မရဘူး။ ပြန်လေ။ ဒါပေမဲ့ ဖေဖေ မှာတာတော့ မမေ့ပစ်နဲ့ ”

“ စိတ်ချပါ ”

“ ကျူး ရှေ့မှာ သားရဲ့ ခံစားချက်တွေကို ထုတ်မပြမိအောင် သတိထားပါ။ ကျူးအပေါ် ထားတဲ့ သားရဲ့ မေတ္တာကိုလည်း ရင်ထဲမှာပဲ ခေါက်သိမ်းထား။ ဒါမှပဲ ကျူးရဲ့ အဖြေကို ဖေဖေတို့ သိနိုင်မယ် ”

Private AreaWhere stories live. Discover now