အခန်း (၂၀)
ဖွင့်ထားတဲ့ တံခါးက ပုံရိပ်လေး တစ်ခုနဲ့ ဆီးကြိုတယ်။ ရင်ထဲ လှိုက်မောရခြင်းတွေ ပျောက်သွားတယ်။ ကျူးက ကိုယ့်အတွက်တော့ မူးယစ်ဆေးလေးပဲ။ အန္တရာယ်လည်း ရှိတယ်။ ဆေးဖက်လည်း ၀င်တယ်။ စွဲလမ်းစေတာလည်း ခက်တယ်။
“ ကျူး ပြန်ရောက်နေပြီလား ”
ဖျာတစ်ချပ် ခင်းပြီး အရုပ်ထိုင်ဆက်နေတဲ့ ကျူးက မော့ကြည့်မလာဘဲ ခေါင်းညိတ်ပြတယ်။ ကိုယ် ရေချိုးဖို့ ပြင်တော့လည်း ကျူးက အရုပ် ထိုင်ဆက်နေဆဲ။ ရန်ကုန်မှာဆို ခါးနဲ့ အတွဲမိတဲ့ ကောင်လေးက ဒီမှာတော့ ဘယ်မှ မသွား၊ မလာရနဲ့ ပျင်းနေရှာမှာ။
“ အစ်ကို။ အစ်ကို။ အစ်ကိုရုပ် ”
“ ကျူး ခေါ်နေတယ် ”
ရေချိုး၊ အဝတ်စား လဲပြီးတဲ့အထိ ကျူးက ထိုင်ရာ မရွေ့ ရှိနေမြဲ။ ရေစိုနေတဲ့ ဆံပင်ကို တဘက်နဲ့ သုတ်ရင်း မကြားချင်ယောင်ဆောင်နေတဲ့ ကျူးကို နှိုးဆော်ရတယ်။ မနက်ခင်းကြီး သတ်ပုံထမှားနေတဲ့ ခြေရင်းအိမ်က ကောင်လေးပဲ။
“ မင်း ဆက်အော်နေရင် ရှိတာနဲ့ ကောက်ပေါက်မှာ။ ပြောစရာရှိတာ ပြော ”
ပြတင်းပေါက်နားက ခေါ်သံ ပိုင်ရှင်ကို မာဆတ်ဆတ် ခွန်းတုံ့ ပြန်လိုက်တဲ့ ကျူး။ မပြေမပြစ် ပြောစကားလေးတွေ ဘယ်လောက် လွမ်းခဲ့ရလဲ။ ကိုယ်ပဲ အသိဆုံး ဖြစ်မယ်။
ပန်းကန်ထဲ ထမင်းခူးထည့်ပြီးမှ မနက်က ဘာမှ မချက်ထားတာကို သတိရမိတယ်။ ကျူး မရှိတဲ့ ရက်တွေမှာ တကူးတက မချက်စားဖြစ်ဘူး။ ခုတော့ ခက်တယ်။ ပြန်ရောက်နေတဲ့ ကျူးကို ဘာနဲ့ ကျွေးရမလဲ စဉ်းစားရ ကြပ်ပြီ။
ပန်းကန်ကို ပြန်ချပြီး အိမ်ရှေ့ ထွက်ခဲ့တော့ သွားတန်း ဖြူဖြူတွေ ပေါ်အောင် ပြုံးပြလာတဲ့ ခြေရင်းအိမ်က ကောင်လေး။ ဆယ်တန်း တစ်နှစ်ကျလေးက စာမလုပ်ဘဲ ဆိုင်ကယ်ပဲ ထွက်စီးနေတတ်လို့ အမေနဲ့ တကျက်ကျက် ဖြစ်နေကျ။ မြင်ပါ၊ ကြားပါ များတော့ သိပ်ပြီး စိမ်းမနေဘူး။ ဒါပေမဲ့ ကျူးဆီ ခုလိုမျိုး ရောက်ချလာတော့ မျက်ခုံး ခပ်လှုပ်လှုပ်ပဲ။
“ ဆရာလည်း ရှိနေတာကိုး။ ပြန်မရောက်သေးဘူး ထင်နေတာ ”
“ ခုနလေးတင် ပြန်ရောက်တာ။ ကျူး ဘာစားထားလဲ ”
![](https://img.wattpad.com/cover/221138925-288-k465802.jpg)