ဟေးချိုက ခေတ္တမျှတိတ်ဆိတ်သွားသည်။ သူသည်လည်း အတွေးရေယာဥ်၌ နစ်မျောသွားဟန်ရှိသည်။

ခေတ္တအကြာမှ ဟေးချိုဆီက စကားသံထွက်လာသည်။

"မင်းသွားကြည့်ချင်လား ရှောင်ချို''

ဟေးချို၏ လေသံက ခိုင်မာပြီး ရှောင်ချိုသာ ဆန္ဒရှိပါက သူပို့ပေးနိုင်သည်ဆိုသော အဓိပ္ပါယ်ပင်။

ရှောင်ချိုက မျက်မှောင်ကို ကြုတ်ကာ ခေါင်းယမ်းပြသည်။

"ရေခဲတောင်မျက်နှာပြင်တွေ မင်းမြင်တယ်မလား၊ ငါတို့ရဲ့လူသားအသွင်နဲ့ တက်လို့လွယ်မှာမဟုတ်ဘူး။ နှင်းမုန်တိုင်းကလည်း အချိန်ပြည့်ရှိတယ်။ ဆီးနှင်းထုထဲ ငါတို့မြုပ်သွားမယ်''

ဟေးချိုက အေးဆေးစွာ ပြန်ပြောသည်။

"အဲ့ဒါလူသားအသွင်နဲ့လေ''

ဟေးချို၏စကားကြောင့် ရှောင်ချို၏ မျက်လုံးများ အရောင်တောက်သွားသည်။

"မဟုတ်မှလွဲရော...မင်း...''

".....''
ဟေးချိုက ခေါင်းကိုငဲ့စောင်းကာ ရှောင်ချိုကို ပြုံးပြလိုက်သည်။ ရှောင်ချိုပြောသည့်အတိုင်း ဟုတ်မှန်သည်ဆိုသော အဓိပ္ပါယ်ပင် ဖြစ်သည်။

"အား''

ရေခဲအငူ၌ ရှောင်ချို၏ အော်သံက လွှမ်းမိုးသွားသည်။ သူကပျော်ရွှင်မြူးထူးစွာဖြင့် ဟေးချို၏ ကိုယ်ပေါ်သို့ ခုန်တက်ကာ ဖက်လိုက်လေသည်။

"ဟေးချို! မင်းသိလား တကယ် မင်းကအကောင်းဆုံးပဲ''

သူ့အပေါ်ခုန်တက်လာသော ဝံပုလွေကို အသာအယာဖမ်းဆီးက ဟေးချို အလိုက်သင့် ဖက်ထားမိသည်။ ချစ်စရာကောင်းသော ဤကောင်လေး၏ ပျော်ရွှင်မှုကို ရှာဖွေပေးရန်သည် ကံကြမ္မာက ပြဌာန်းမထားသော သူ၏ သမိုင်းပေးတာဝန်ဟု ဟေးချိုခံယူထားသည်လားမပြောတတ်။ သူက ရှောင်ချို ပြုံးပျော်နေသည်ကို သဘောကျလေသည်။ သို့ကြောင့်လည်း ရှောင်ချိုကို ပြုံးပျော်နေစေချင်လေသည်။

နောက်တစ်ရက်၌ ဟေးချိုသည် သေဆုံးခြင်းအလွန်နယ်နမိတ်သို့ ပြန်ကာ သူ၏ ကျန်နေခဲ့သော နဂါးအမြုတေကို သွားယူလေသည်။

The True Conqueror [Complete]Where stories live. Discover now