Chapter 24

52.5K 6.2K 709
                                    

Unicode

လီချန်းယုံညီလာခံရောက်သောအခါ...

ယခင်အခါများစွာက ငြိမ်သက်နေသော အမတ်မင်းတို့က ယခု ဆူဆူညံညံဖြစ်နေကြသည်။ လီချန်းယုံကို မြင်သောအခါ အကုန်လုံးက အရိုအသေပေးကြသည်။

လီချန်းယုံက ခန်းမဆောင်၏ အလယ်၌ ခံ့ထည်စွာတည်ရှိနေသော ပလ္လင်ထက်တွင် နေရာယူပြီးသည့်နောက် အမတ်တစ်ဦးက သူ့ထံစာလွှာတစ်စောင်ဆက်သလေသည်။ ပလ္လင်သည် ဘုရင်မင်းမြတ်သာ ထိုင်ရသည့်နေရာဖြစ်သော်လည်း ဘုရင်ကြီးလီ ကျန်းမာရေးချို့ယွင်းလာကတည်းက ညီလာခံထက်က ပလ္လင်သည် လီချန်းယုံ၏ နေရာဖြစ်လာသည်။

လီချန်းယုံက စာလွှာကို ဖတ်ပြီး မျက်မှောင်ကြုတ်သွားသည်။
စာထဲမှာရေးထားသည်က ကောင်းမွန်သော အကြောင်းအရာများမဟုတ်ချေ။ ရှန်နိုင်ငံ၏ နယ်စပ်ပြည်နယ်တစ်ခုဖြစ်သည့် ဖုန်ဟွေ ပြည်နယ်တွင် ပုန်ကန်မှုကြံစည်နေသည်ဟုသော သတင်းရရှိသည့် အကြောင်းဖြစ်သည်။ ဖုန်ဟွေပြည်သည် လီချန်းယုံ မယ်တော်၏ တူတော်စပ်သော ဝမ်လုယီ အုပ်စိုးသော ပြည်နယ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် လီချန်းယုံ၏ မယ်တော်ဘက်မှ တော်စပ်သည့် အစ်ကိုဝမ်းကွဲ...

အနှီစာတွင် ရှုပ်ထွေးသော ဖုန်ဟွေပြည်အရေးကို တစ်ယောက်တည်း ဖြေရှင်းခြင်းရန်မတတ်သာသည့်အဆုံး ဝမ်လုယီက လီချန်းယုံကို လာရောက်ရန် အကူအညီတောင်းခြင်းဖြစ်သည်။ အခြေအနေကို ကနဦးစုံစမ်းရန်သပ်သပ်သာဖြစ်ပြီး မြောက်ပိုင်းမှ အလံကိုင်တပ်ဖွဲ့တို့ကိုခေါ်ယူလာပါက ပိုမိုရှုပ်ထွေးသွားနိူင်သောကြောင့် အတတ်နိုင်ဆုံး လျှို့ဝှက်စွာလာရန်လည်း ပြောထားလေသည်။

လီချန်းယုံသည် ဆုံးဖြတ်ချက်ကို လျင်မြန်စွာချရပေသည်။ မြောက်ပိုင်းဘုရင်ကြီးလီ ကျန်းမာရေးချို့တဲ့ချိန်တွင် ငယ်ငယ်ရွယ်ရွယ် အိမ်ရှေ့စံကို အကဲစမ်းလိုသော လူနည်းစုကလည်း ရှိနေသေးသည်။ ထိုသူတို့ကို ကြိုတင်၍ မတားဆီးထားလျှင် ရှေ့တွင် ပိုမိုအခက်တွေ့နိုင်သောကြောင့် လီချန်းယုံ သွားရောက်ဖြေရှင်းရပေမည်။ ညီလာခံ၏ ကျန်သည့်အပိုင်းတွင် ပုံမှန်ဖြေရှင်းနေကျ နန်းတွင်းရေး ပြည်ရေးတို့ကို သင့်တော်သော အမိန့်များချမှတ်ပြီး လီချန်းယုံ နန်းဆောင်သို့ ပြန်လာသည်။

The True Conqueror [Complete]Where stories live. Discover now