လီချန်းယုံက လင်းမို၏ အုန်းခွံရောင်မြင်းကြီးနား ယှဥ်တွဲရပ်လိုက်လေသည်။ သူက စနောက်နေသော လင်းမိုကိုကြည့်ကာ အားကျမခံ ပြန်၍ ချေပလိုက်ပေသည်။

"မင်းနှေးလာပြီလေ မသိဘူးလား''

လီချန်းယုံ၏စကားကြောင့် လင်းမို၏ မျက်နှာရှုံ့သွားချေသည်။ သူအရှိုက်ထိသွားချေပြီ။

"အားယုံလေး! ကိုယ်တော်က အားယုံထက် နှစ်နှစ်ပဲကြီးတာနော်။ ဒီဦးနှောက်သေးသေးလေးက မေ့ပြန်ပြီလား''

လင်းမိုက လီချန်းယုံ၏ နဖူးကိုလက်ဖြင့်ထောက်ကာ ပြောလေသည်။

လီချန်းယုံက သူ၏ နဖူးကိုထောက်ပြီးပြန်ရုတ်လိုက်သော လင်းမို၏ လက်ကို အမိအရဆွဲကာ လက်ညှိုးကို ကိုက်ချပစ်လိုက်လေသည်။

"အာ့...''

"ကြောက်ပြီလား''

လီချန်းယုံက သွားရာအကွင်းလိုက်ဖြစ်နေသော လက်ညှိုးကို လွှတ်ပေးလိုက်ကာ ပြောလေသည်။

လင်းမိုက အသံထွက်၍ ရယ်လိုက်ပြီး သူ၏လက်နှစ်ဖက်လုံးကို မြှောက်ကာ အရှုံးပေးပါပြီဟူသော အမူအရာ လုပ်ပြလေသည်။

ထိုအခါမှ လီချန်းယုံသည်လည်း ပျော်ရွှင်ကျေနပ်စွာ လိုက်ရယ်လေသည်။

နန်းတွင်းအရေးအရာတာဝန်တို့မှ ရုန်းထွက်လာခဲ့သော အရှင်နှစ်ပါး၏ တောင်ပိုင်းသို့ အစခရီးစဥ်သည်ကား တက်ကြွရွှင်မြူးဖွယ် အရိပ်အငွေ့တို့ဖြင့် ပြည်လျှမ်းနေလေသည်။

ဆွေဟိုင်းသည် လင်းမိုမြောက်ပိုင်းသို့ စစ်ချီလာခဲ့စဥ်က လွင်ပြင်သီးသန့်ကြီးသာ ဖြစ်ခဲ့သော်လည်း ယခုမူကား မြို့ကြီးတစ်မြို့အပြင်သို့ ပြောင်းလဲစပြုနေပြီ ဖြစ်သည်။ အသက်ဝင်လာသော မြို့ပြ၏ မနက်ခင်းနေရောင်ခြည်အောက်တွင် ကုန်သည်ခရီးသွားတို့ မြင်းရထားကိုယ်စီဖြင့် သွားလာနေကြသည်။

ရှန်နိုင်ငံတွင် တစ်နှစ်ပတ်လုံးရေခဲတို့ဖုံးလွှမ်းကာ ယခုကဲ့သို့ သွားလာလှုပ်ရှားကြခြင်း မရှိကြပေ။ သို့ကြောင့် မြောက်ပိုင်းကိုဆိုလျှင် ပန်းချီဆရာတို့က လူသူကင်းမဲ့သော ရေခဲလွင်ပြင် ရေခဲတောင်တန်းအသွင်တို့ဖြင့်ပုံဖော်လေ့ရှိကြသည်။ ယခုအခါတွင်မူ နှင်းတို့ဖုံးလွှမ်းနေသော ဆွေဟိုင်းမြို့ကြီး၌ လူများ ပျားပန်းခတ် သွားလာနေကြသည်။ မြောက်ပိုင်းသား လီချန်းယုံအတွက် နှင်းတောထဲတွင် လူများသွားလာနေကြသည်ကို ကြည့်ရသည်မှာ အထူးအဆန်းပင် ဖြစ်နေသည်။

The True Conqueror [Complete]Where stories live. Discover now