"အရှင်! လွန်ခဲ့တဲ့ရက်ပိုင်းက နက္ခတ်မျှော်စင်က ပို့လိုက်တဲ့ ဖိတ်ကြားလွှာလေ၊ အခုအကြောင်းပြန်ရမယ်ထင်တယ်''

ပြောပြောဆိုဆို အမတ်ကြီးက သူ၏ လက်ထဲက သဝဏ်လွှာကို အရှင်နှစ်ပါးဆီသို့ ကမ်းပေးလိုက်သည်။

လီချန်းယုံက ယခင်အခေါက်ညီလာခံတက်ပြီးကတည်းက ထိုအကြောင်းကို သိပြီးဖြစ်သည်။

လင်းမိုက မျက်မှောင်ကြုတ်၍ အမတ်ကြီးလှမ်းပေးလိုက်သော သဝဏ်လွှာကို ယူ၍ ဖွင့်ကြည့်လိုက်သည်။

စာထဲတွင်ရေးသားထားသည်က အမတ်ကြီးပြောသည့်အတိုင်းပင် နက္ခတ်မျှော်စင်၏ ဆယ်နှစ်တစ်ကြိမ်ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားနှင့် အကြီးအကဲသစ်တက်ပွဲကို ဖိတ်ကြားထားခြင်း ဖြစ်သည်။

"သခင်မကျန်းတစ်ခုခုဖြစ်လို့လားမသိဘူး။ အကြီးအကဲအသစ်ပြောင်းတယ်ဆိုတော့''

လီချန်းယုံက သဝဏ်လွှာကိုကြည့်ကာ မှတ်ချက်ပြုလေသည်။

လင်းမိုက သဝဏ်လွှာကို စေ့စေ့စပ်စပ်ဖတ်၍ လီချန်းယုံ၏ အမေးကို အ​ဖြေပေးလိုက်လေသည်။

"မဟုတ်ဘူး၊ အားယုံ နက္ခတ်မျှော်စင်က ဆယ်နှစ်ကို တစ်ကြိမ် အကြီးအကဲသစ်လဲတယ်''

လီချန်းယုံက အံ့အားသင့်သွားလေသည်။
"ဟုတ်လား၊ အဲ့ဒီအကြောင်း ငါမသိဘူး''

ထုံးစံအတိုင်း လီချန်းယုံက သူစိတ်မဝင်စားသောအကြောင်း ဖြစ်သောကြောင့် အမှုမှတ်အမှတ်မဲ့ဖြင့်ထားကာ စားပွဲပေါ်က အချိုပွဲတစ်ခုကိုလှမ်းလိုက်လေသည်။

လင်းမိုက သူ၏ စိတ်ထဲ၌ အားယုံ ဘာများသိလို့လဲဟု မေးလိုစိတ်ကို မျိုသိပ်လိုက်ရလေသည်။ ထို့နောက်သူက ခပ်လှမ်းလှမ်းက အချိုပွဲကို မမှီမကမ်းလှမ်းနေသော လီချန်းယုံကို အမတ်ကြီးရှေ့ အမြင်မသင့် မဖြစ်စေရန် သူ၏ ရှည်လျားသော လက်တံကို အသုံးချပြီး မုန့်ပန်းကန်ကို ယူပေးလိုက်ရလေသည်။

အမတ်ကြီးကား အရှင်နှစ်ပါး၏ ချစ်ကြည်နူးမှုကို မနှောင့်ယှက်လိုသော်ငြား သူ၏ လာရင်းကိစ္စသည်လည်း မပြီးပြတ်သေးသောကြောင့် အရှင့်ကို လော်ဆော်ရလေသည်။

The True Conqueror [Complete]Where stories live. Discover now