ယခင်က ဆယ့်ငါးပြည်ထောင်သာကိုင်တွယ်ခဲ့သော လင်းမိုက ယခု မြောက်ပိုင်း၏ အရေးအရာများကိုပါ စီမံနေပြီ ဖြစ်သည်။ အချိန်ရှိသရွေ့မြောက်ပိုင်း၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့ကို လေ့လာနေတတ်ပြီး အိမ်တော်များနှင့်လည်း အဆက်အသွယ်ရှိလေသည်။

မြောက်ပိုင်းက ဘုရင်ကြီးလီအနေဖြင့် ချစ်လှစွာသော သားတော်လေးက အားကိုးရသည် မှန်သော်လည်း လင်းမိုကဲ့သို့ ရှေ့ရေးကို မျှော်မြင်တတ်သူမဟုတ်ကြောင်း သိရှိထားပြီး ဖြစ်သည့်အလျှောက် လင်းမို၏ စီမံမှုတို့ကို ကန့်ကွက်ခြင်းမရှိတော့ပေ။

ယောက္ခမလောင်း ဘုရင်ကြီးဆီက သွယ်ဝိုက်သော သဘောတူညီမှုမှသည် အတိအလင်း သဘောတူညီမှုရအောင်လည်း လင်းမို အမှန်တကယ် ကြိုးစားနေပေသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း ကုန်သွယ်မှုကို ယခင်ကထက်တိုးမြှင့်ပြီး မြောက်ပိုင်းက မဖွင့်ဖြိုးသေးသော ပြည်နယ်များထိ လင်းမိုက ကုန်သွယ်မှု လမ်းကြောင်းဖောက်ခဲ့သည်။

ဤကဲ့သို့ လင်းမို ကြိုးစားနေချိန်၌ သူ၏ ချစ်လှစွာသော ဝံပုလွေဖြူလေးမှာ မနက်စောစော အိပ်ယာကနိုးပြီး အဆောင်မှ လှစ်ခနဲပျောက်သွားလေသည်။

လီချန်းယုံက တစ်ခါတစ်ရံ ရှောင်ချို၊ ဟေးချိူတို့ဆီ အလည်သွားတတ်ကြောင်း လင်းမို သိနေသည့်အတွက် များစွာ စိတ်ပူခြင်းမရှိပဲ သူ၏ စာအုပ်စင်ထက်က ဖတ်လက်စ စာအုပ်တစ်အုပ်ကို ဆွဲယူကာ ဖတ်ရှုနေသည်။ သူဖတ်နေသည်က တောင်ပိုင်းက ပညာရှိကြီးတစ်ဦးရေးသားခဲ့သော မြောက်ပိုင်းရှန်နိုင်ငံ၏ ဓလေ့ထုံးတမ်းများအကြောင်း ဖြစ်သည်။

သူဖတ်နေသည့်စာအုပ်၏ အခန်းငါးတွင် မြောက်ပိုင်း၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဓလေ့တို့ကို အသေးစိတ်ရေးထားလေသည်။

လင်းမိုက တစ်ကြောင်းချင်းစီကို စေ့စေ့စပ်စပ်ဖတ်ရှုနေသည်။

မြောက်ပိုင်း၏ လက်ထပ်ခြင်း ဓလေ့သည် တောင်ပိုင်းနိုင်ငံများနှင့် တူညီမှုမရှိပေ။ မြောက်ပိုင်း၏ လက်ထပ်မှုသည် သစ္စာတရားကို အခြေခံထားပြီး ထာဝရအတွက် ရည်ရွယ်ကာ ပေါင်းဖက်ခြင်း ဖြစ်သည်။ နှင်းတောင်သွေးဖြူဝံပုလွေတို့သည် ကြင်ဖော်ကို ရှာတွေ့ပါက သေတစ်ပန်သက်တစ်ဆုံး ပေါင်းဖက်ပြီး ထိုလူနှင့် မခွဲမခွာ နေတတ်ကြသည်။ သွေးဖြူဝံပုလွေ၏ စရိုက်ကို ကိုယ်စားပြုသည့် မြောက်ပိုင်းသားတို့သည်လည်း ထိုသို့သော အလေ့ကို ကျင့်သုံးကြသည်။

The True Conqueror [Complete]Donde viven las historias. Descúbrelo ahora