ထိုပုံရိပ်နှစ်ခုက နတ်ဘုရားနှင့် နတ်မိမယ်လို အသွင်အပြင်မရှိချေ...ထို့ကြောင့် တောင်ပိုင်းဘုရင်ကြီးနှင့် မြောက်ပိုင်းအိမ်ရှေ့စံကို နတ်ဘုရားနှင့် နတ်မိမယ်အဖြစ် တင်စားကြသည်မှာ မှားယွင်းပေသည်။

အမှန်စစ်စစ်တွင် ညီလာခံသို့ ဝင်လာသည်မှာ နတ်ဘုရားနှစ်ပါးပင်...

ကြက်သွေးရောင်ဝတ်ရုံကို ဆင်မြန်းပြီး ဆံနွယ်တို့ကို ထုံးထားသော ဘုရင်ကြီးမှာ ယမန်နေ့များကထက် အရှိန်အဝါများ ကြီးမားနေသယောင်...

သူ့နောက်က ကပ်ရပ်လိုက်ပါလာသူမှာ အဖြူရောင် ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံနွယ်တို့်ကို မြှင့်မြှောက်ကာစည်းထားသည်။ တည်ကြည်ခန့်ညားသော ထိုမျက်နှာတွင် မိန်းကလေးနှင့် နှိုင်းယှဉ်စရာ တစ်ခုမှ မရှိပေ။ ရေခဲတစ်မျှအေးစက်သော အကြည့်တို့်က ကြည့်မိသူမှန်သမျှရင်ကို ထိုးဖောက်တော့မည့်ဟန်ရှိသည်။ ယောင်ယောင်လေးပြုံးနေသော နှုတ်ခမ်းကသာ ထိုသူသည် ရှေ့ကဘုရင်ကြီးထက် အနည်းငယ် နူးညံ့သူဖြစ်ကြောင်း သက်သေခံနေသည်။

မြောက်ပိုင်းအိမ်ရှေ့စံ၏ ခါးတွင် ချိတ်ဆွဲထားသည်က ဝံပုလွေတစ်ကောင် မာန်ဖီနေပုံပါသည့် ဓားတစ်လက်ဖြစ်သည်။ ထိုဓားဆီကပင် အေးစက်စက်အငွေ့အသက်တို့ လွှတ်ထုတ်နေသယောင်...

အိမ်ရှေ့စံက တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ညီလာခံခန်းမကို ဖြတ်လျှောက်လာသည်။ အမတ်တို့နားလည်လိုက်သည်က ထိုအိမ်ရှေ့စံကို မြောက်ပိုင်းတစ်ခုလုံးက အသက်နှင့်လဲကာ သစ္စာစောင့်သိသည်ဆိုသော အချက်မှာ ယုံမှားသံသယဖြစ်ရန်မလိုပေ။

မြောက်ပိုင်းအိမ်ရှေ့စံသည်
ငယ်ရွယ်သည်
ထက်မြက်သည်
နတ်ဘုရားလိုချောမောသည်
မြောက်ပိုင်းစစ်တပ်တစ်ခုလုံးကိုကွပ်ကဲနိုင်သည်
လက်အောက်ခံအလံကိုင်အိမ်တော်တို့ကိုကြီးကြပ်နိုင်သည်
ခေါင်းမာသောမြောက်ပိုင်းသားတို့၏အကြွင်းမဲ့သစ္စာခံမှုကိုရရှိထားသည်...
ထို့ထက်ပို၍ ဆယ့်ငါးနိုင်ငံ အုပ်စိုးသူအရှင်၏ နှလုံးသားကို သိမ်းပိုက်ထားသည်။

ထိုကဲ့သို့သောသူကိုမှ အမတ်တို့ဦးမညွှတ်လျှင် မည်သို့သော သူကို ဦးညွှတ်ရပါမည်နည်း။ လင်းမိုပလ္လင်ထက်သို့ထိုင်လိုက်ပြီး နံဘေးတွင် လီချန်းယုံကို ထိုင်ရန် မျက်ရိပ်ပြလိုက်သည်။ လီချန်းယုံက ငြင်းပယ်ရန်စဉ်းစားလိုက်သော်လည်း ရာချီသော မျက်လုံးများ၏ စူးစမ်းမှုအောက်မှာ သူလင်းမို၏ အမိန့်ကို မေးခွန်းမထုတ်ချင်ပေ။ သူနံဘေးမှာ အသာဝင်ထိုင်လိုက်သည်။

The True Conqueror [Complete]Where stories live. Discover now