လင်းမိုက ပလ္လင်ပေါ်ထိုင်လိုက်သောအခါ စုရုံးနေသော အမတ်တို့က ရိုသေစွာ ဂါရဝပြုကြသည်။ ထိုအထဲမှ အသက်အတော်အတန်ကြီးရင့်ပြီ ဖြစ်သော အမတ်ကြီးတစ်ပါးက ရှေ့ထွက်ကာ လျှောက်တင်လေသည်။

"အရှင်မင်းကြီး...မြောက်ပိုင်းမှာ ကာလအတန်ကြာ ခရီးလွန်နေရာကနေ တောင်ပိုင်းကို ပြန်လည်ရောက်ရှိလာလို့ ကျွန်တော်မျိုး အထူးပင်ဝမ်းသာမိပါတယ်။ မြောက်ပိုင်းရဲ့ အအေးဒဏ်က ပြင်းထန်တယ်လို့ ကြားသိရတာကြောင့် အရှင်မင်းကြီးအတွက် ဒီက အမတ်တွေက စိတ်ပူနေခဲ့တာ။အခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ များစွာ ဝမ်းမြောက်မိပါတယ်''

လင်းမိုသည် လျှောက်တင်လာသော အမတ်ကို အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ကောင်းပြီ...ကိုယ်တော်ရော အမတ်ကြီးတို့ရော အချိန်မရှိတဲ့အတွက် ကိုယ်တော့်ကို လျှောက်တင်ချင်တာရှိရင် လျှောက်တင်ပါ''

လင်းမို၏ ရှေ့တွင် မတ်တပ်ရပ်နေသော အမတ်က သူ၏ စကားကို အချိန်ဆွဲပြီး မနေသင့်မှန်းသိလိုက်ချေသည်။

"အရှင်...မြောက်ပိုင်းမှာရောက်နေတုန်း ကျွန်တော်တို့အတွက် အမိန့်လွှာတစ်စောင်ရရှိခဲ့ပါတယ်။ အရှင်က မြို့တော်ကို ယန်မြို့တော်အစား ဆွေဟိုင်းလွင်ပြင်ကို ပြောင်းရွှေ့လိုတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားပါတယ်။''

လင်းမိုက အမတ်၏ စကားကို သေချာနားထောင်ရင်း သူ၏ မျက်နှာတွင် ခန့်မှန်းရခက်သော အမူအရာတို့ပေါ်လာချေသည်။
"အမတ်ကြီးပြောတာမှားနေတယ်...ကိုယ်တော်က ပြောင်းရွှေ့လိုတယ်လို့ ရေးထားတာမဟုတ်ဘူး။ ပြောင်းရွှေ့မယ်လို့ ရေးထားတာ''
အေးစက်ပြတ်သားသော လင်းမို၏ အသံက အမတ်ကို ပြင်းစွာ တုန်လှုပ်သွားစေသည်။

ပထမဆုံးထွက်ပြောသည့် အမတ်မှာ နောက်ထပ်စကားတို့ ဆက်မပြောနိုင်ခင် တုန်လှုပ်နေသောကြောင့် နောက်ထပ်အမတ်တစ်ယောက်က ရှေ့ထွက်လာလေသည်။

"အရှင်က ဆွေဟိုင်းကို မြို့တော်အဖြစ်ရွေးခဲ့တယ်ဆိုရင် ကျွန်တော်မျိုးတို့အနေနဲ့ အကြောင်းရင်းကို သိခွင့်ရှိမလား။ ပြည်သူတွေဟာ အကြောင်းရင်းကို မသိရှိဘဲ ရမ်းသမ်းပြောနေတဲ့ ကောလဟာလတွေလည်း ရှိပါတယ်။ အဲ့ဒါတွေက အရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြောဆိုနေတာမျိုးတွေတောင် ရှိတာမလို့ အရှင့်ရဲ့ အမျှော်အမြင်ကို နားမလည်နိုင်အောင် ဉာဏ်တိမ်တဲ့ ကျွန်တော်မျိုးတို့ကို အကြောင်းအရင်း သိခွင့်ပေးပါ''

The True Conqueror [Complete]Where stories live. Discover now