LMA (14)

8.8K 506 9
                                    




လျိုချန်းဟွာက သူ့သမီးနဲ့ပက်သက်လာရင် အမြဲတမ်း လိပ်ပြာမလုံသလို ခံစားလာခဲ့ရတာ ။ သူကိုယ်တိုင်က ဖခင်ကောင်းတစ်ယောက် မပီသခဲ့ဘူးဆိုတာကိုလည်း သိနေခဲ့တယ် ။ နောက်ပြီး သူ့သမီး လျိုအန်ဟိုင်ရဲ့ နှလုံးသားထဲမှာလည်း သူ့ဇနီးဟောင်း ဆောလီ ကိုအကြောင်းပြုပြီး သူလိုအဖေမျိုးကို မုန်းတီးနေမယ်ဆိုတာကို သိနေခဲ့တယ် ။

သူ ဆောလီကို ပေးဆပ်စရာတွေ အများကြီးရှိတယ်ဆိုတာ လျိုချန်းဟွာ သိတယ် ။ သူတို့နှစ်ဦးကြားက အိမ်ထောင်ရေးက အဆင်ပြေမှုသက်သက်တစ်ခုပဲ ဖြစ်ပြီး သူ့အနေနဲ့လည်း ဆောလီကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး ။ မိုင်းဖန်နဲ့ကလည်း အိမ်ထောင်မပြုဖြစ်ခင်ကတည်းက သိကျွမ်းပက်သက်ထားခဲ့တာလည်း ပါတယ် ။ အဲ့တုန်းက သူနဲ့မိုင်းဖန်က နှစ်ရှည်လများတွဲလာကြတဲ့ချစ်သူတွေဖြစ်နေခဲ့ပြီး သူကလည်း မိုင်းဖန်ကိုပဲ လက်ထက်မယ်လို့ ရည်းစူးထားခဲ့တာ ။

ဒါပေမယ့်လည်း Luo မိသားစုပိုင် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအမှားတစ်ချက်ကြောင့် ငွေကြေးအခြေမခိုင်တော့တဲ့ အနေအထားနဲ့ ကြုံလိုက်ရတယ် ။ ဒေဝါလီခံရတော့မတတ် ဖြစ်သွားခဲ့တာ ။ သူ့အဖေက သူ့ကို ဟန့် မိသားစုရဲ့ သမီးနဲ့ အတင်းအဓမ္မလက်ထပ်ခိုင်းတယ် ။ သူ့အမေကတော့ ဘေးမှာ ငိုယိုတောင်းပန်ရင်းပေါ့ ။

သူ့ကတော့ ဆင်းရဲရမှာကို မကြောက်ခဲ့ဘူး။ သူ့အနေနဲ့ ချမ်းသာတဲ့သခင်လေးတစ်ယောက်အဖြစ် မနေရလည်း ကိစ္စမရှိပေမယ့် သူ့ရှေ့မှာ သူ့မိဘတွေ အရာအားလုံးဆုံးရှုံးသွားတော့မယ့်အဖြစ်ကိုတော့ သူ လက်ပိုက်ကြည့်မနေနိုင်ခဲ့ဘူး ။ ဘာမှမတတ်နိုင်ခဲ့တဲ့သူ မိုင်းဖန်နဲ့ လမ်းခွဲပြီး သူ့အဖေသဘောတူစီစဉ်ပေးခဲ့တဲ့ ဆောလီကို လက်ထပ်ယူခဲ့ရတယ် ။

သူလည်း ဆောလီအပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်ခဲ့ပါတယ် ။ဒါပေမယ့် လျို မိသားစုရဲ့စီးပွားရေးကို ကယ်တင်ဖို့ အလောကြီးနေခဲ့တာကြောင့် လက်ထပ်ပြီးပြီးချင်း နှစ်အနည်းငယ်မှာ သူနေ့တိုင်း အလုပ်မှာပဲ အာရုံနှစ်ထားခဲ့တယ် ။ မိန်းမကို အချိန်မပေးခဲ့ဘူးပေါ့ ။တစ်ဖက်က ဆောလီရဲ့စိတ်ဓာတ်ကကျ အရမ်းကို ထိရှခံစားလွယ်တယ်၊ သံသယများတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့တယ်။ ဘယ်ကနေကြားလာတဲ့ ကောလဟာလမှန်းမသိဘဲ သူမနဲ့လက်ထပ်ထားတုန်း နောက်မိန်းမတစ်ယောက်နဲဖောက်ပြန်နေပါတယ်လို့ကြားပြီး သူမက လျိုချန်းဟွာကို နေ့စဉ်ရက်ဆက် ရန်ရှာတော့တယ် ။

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now