LMA (1)

32.6K 984 14
                                    

လျိုအန်ဟိုင်ဆိုတဲ့ သူမဟာ တနေ့မှာ သူမရဲ့ဈာပနကို သူမကိုယ်တိုင် မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဖူးဘူး။

သူမ နောက်ဆုံးမှတ်မိခဲ့တာက Englandကို စီးပွားရေးစေ့စပ်ဆွေးနွေးဖို့သွားနေတဲ့ လေယာဉ်ပေါ်မှာ ရှိနေခဲ့တာပဲ ၊ အဲ့အစည်းအဝေးမှာသာ အဆင်ပြေအောင်မြင်ခဲ့ရင် ရှယ်ယာအများဆုံးပိုင်ဆိုင်သူတွေရဲ့ ဝိုင်းဝန်းထောက်ခံမှုရပြီး သူမ LUOကုမ္ပဏီကြီးရဲ့ CEOဖြစ်လာလိမ့်မယ် ။

ဒါပေမယ့် လမ်းမှာလေယာဉ်ပျက်ကျခဲ့လိမ့်မယ်လို့တော့
သူမ လုံးဝမတွေးဖူးခဲ့ဘူးလေ ။

သူမရဲ့ နောက်ဆုံးအတွေးကတော့ ၁၀နှစ်လုံး အပတ်တကုပ်ကြိုးစားလာခဲ့သမျှ အကုန်သဲထဲရေသွန်ဖြစ်သွားတော့မယ် ဆိုတာပဲ ။ ၁၀ နှစ်လုံးလုံး Luo စံအိမ်ကြီးမှာ တောင့်ခံနေလာခဲ့ရတာတွေ ၊ မယားငယ်နဲ့ မယားငယ်ဘက်ကပါတဲ့သား ဟန်ထင်းဟွာတို့ရဲ့ လက်ထဲ Luo ကုမ္ပဏီကြီး ပါမသွားအောင် ရုန်းကန်ကာကွယ်ခဲ့ရတာတွေ ။

အိပ်မက်ကို အမိအရဆုပ်ကိုင်ဖို့ လက်တစ်ကမ်းလေးအလိုမှ
သူမဘဝကြီးကို လေယာဉ်ပျက်ကျတဲ့အထဲမှာ ဆုံးရှုံးရတော့မယ်ဆိုတဲ့အချက်ကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ဘူး ။

လေယာဉ်ပျက်ကျပြီး တခဏအကြာမှာပဲ သူမက သူမရဲ့အုတ်ဂူရှေ့မှာ ရောက်နေခဲ့တယ်။

သူမရဲ့အဖေက နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက်စာရင်
ပိုလို့ အိုစာနေလေရဲ့ ။

သူမ ကြက်သေသေသွားတယ် ။ သူမနဲ့ သူမအဖေ စိတ်ဝမ်းကွဲပြီး အခေါ်အပြောမရှိကြတော့တာ Luoစံအိမ်တော်ဆီ မယားငယ်နဲ့ ဟန်ထင်းဟွာတို့ကို သူမအဖေ ခေါ်တင်လာခဲ့တဲ့ နေ့ကတည်းပဲ ။

သူမအမေကို ငွေမက်ပြီးလက်ထက်ခဲ့တဲ့ အဖေ့ကို သူမ သိပ်နာကြည်းတယ် ။ သူမအမေက အဲ့လူကို နင့်နင့်နဲနဲချစ်ခဲ့ပေမယ့် သူမအမေ ဘာပြန်ရခဲ့လို့လဲ ? အထီးကျန်တဲ့နှလုံးသားနဲ့
ဆုံးပါးသွားခဲ့ရတာပဲ ရှိတယ် ။

အန်ဟိုင့်အမေ ဆုံးပြီး သုံးလတောင်မပြည့်ခင်မှာပဲ သူမအဖေက မယားငယ်ကို ရဲရဲတင်းတင်းလက်ထပ်ယူခဲ့တယ်လေ ။ သူမအမေသာ အချစ်မပါတဲ့ အိမ်ထောင်ရေးကို တစ်ဖက်သက်အတင်းဖက်တွယ်မနေခဲ့ဘူးဆိုရင်
သူမအဖေဘက်က ကွာရှင်းပစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာမလိုလောက်အောင်ကို သိသာလွန်းတယ် ။

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now