မြောက်ပိုင်းကို သိမ်းရန် စစ်ချီလာခဲ့သော ဆယ့်ငါးပြည်ထောင် အစိုးရသည့် ဘုရင်ကြီးသည် မြောက်ပိုင်းကို သိမ်းပိုက်ရန် ဆန္ဒမရှိတော့သော်လည်း မြောက်ပိုင်းအိမ်ရှေ့စံ၏ နန်းဆောင်ကိုမူ အမိအရခြေကုပ်ယူပြီး သိမ်းပိုက်ထားလေသည်။ ကိုယ်ရံတော်များအတွက် သီးသန့်အဆောင်များ ပြင်ဆင်ပြီးဖြစ်သော်လည်း လင်းမိုသည် သူ၏မူရင်းအဆောင်သို့ မပြန်ပဲ လီချန်းယုံ၏ အဆောင်တွင်သာနေလေသည်။

လီချန်းယုံ၏ အဆောင်သို့ရောက်သောအခါ လင်းမိုသည် စာလွှာတို့ကို ယူပြီး ကနုတ်တံတစ်ချောင်းနှင့် တစ်စုံတစ်ရာကို ရေးနေလေသည်။ စာလွှာမှာ တစ်စောင်ပြီး တစ်စောင် ဖြစ်ပြီး ဆယ့်သုံးစောင်မြောက်တိတိတွင်တော့ လင်းမိုသည် သူနှင့် ရင်းနှီးနေပြီးသား ခြေသံကိုကြားလိုက်ရသည်။ သူ့မျက်နှာမှာ ချက်ချင်း ဝင်းပသွားပြီး အပြုံးတို့က အလိုအလျောက် ပေါ်လာသည်။

လီချန်းယုံပြန်လာပြီဖြစ်သည်။

လီချန်းယုံပြန်လာသောအခါ သူ့အဆောင်ကို အပိုင်စီးထားပြီး သဝဏ်လွှာများရေးနေသော လင်းမိုကိုတွေ့လိုက်ရလေသည်။ လင်းမိုက စစ်ရေးလေ့ကျင့်ရေး ဝတ်စုံကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး စိတ်ရှည်လက်ရှည်နှင့် စာလွှာများကို ရေးသားနေလေသည်။ သူက လီချန်းယုံကို မော့မကြည့်ပဲ စာကိုသာ စိတ်ဝင်စားစွာ ရေးနေသည်။ လီချန်းယုံဝင်လာသည်ကို တမင်တကာ မသိချင်ယောင်ဆောင်နေမှန်းသိသာသော လင်းမိုကို စိတ်အချဉ်ပေါက်လာသည်နှင့် လီချန်းယုံက စတင်ပြီး ခနဲ့တဲ့တဲ့ပြောလေသည်။
"အလွန်အားလပ်တဲ့ တောင်ပိုင်းဘုရင်ကြီးက သဝဏ်လွှာတွေနဲ့ အလုပ်ရှုပ်နေပါလား...တစ်ယောက်ယောက်က မင်းကိုပုန်ကန်ပြီးလုပ်ကြံတော့မလို့လား''

လီချန်းယုံ၏ စိတ်တိုစရာကောင်းသော စကားကြောင့် လင်းမိုက ကနုတ်တံကိုချပြီး လီချန်းယုံကို ဒေါသငွေ့တို့ပါဝင်နေသည့် စူးရဲသော အကြည့်တစ်ချက် ပစ်လွှတ်ရန်ကြိုးပမ်းလိုက်သည်။ သို့သော် သူ၏ ကြိုးပမ်းမှုမှာမအောင်မြင်ပါ။

အဘယ့်ကြောင့်ဆိုသော် ရေခဲလွင်ပြင်ကို ခရီးနှင်လာခဲ့သော အနှီအိမ်ရှေ့စံက သူ၏ ထူထဲထဲ ဝတ်ရုံလွှာတို့ကို တစ်လွှာချင်းချွတ်ချနေသောကြောင့် ဖြစ်သည်။ အိမ်ရှေ့စံက သူ၏ နန်းဆောင်မှာ ဝတ်ရုံတော်လဲသည်မှာ သင့်လျော်သောကိစ္စဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now