လီချန်းယုံ၏ နီရဲရဲနှုတ်ခမ်းလေးတစ်စုံမှာ ခပ်ဟဟဖြစ်နေပြီး သူက အသက်ကို ခက်ခက်ခဲခဲရှုသွင်းနေရပုံနှင့် ရင်အုပ်မှာနိမ့်ချည်မြင့်ချည်ရှိနေသည်။ လင်းမို၏ လှုပ်နိုးမှုကြောင့် သူ၏ မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပြီး နိူးလာလေသည်။ သူ၏ မျက်ဝန်းမှာ ကြောက်ရွံ့ခြင်း၊ ဝေခွဲမရခြင်းအရိပ်အယောင်တို့ ယှက်သန်းလျက်........

လီချန်းယုံက သူ့မျက်နှာကိုမိုးကြည့်နေသော လင်းမိုကိုမော့ကြည့်လိုက်သည်။ အိပ်မက်ထဲက သွင်ပြင်နှင့်မဟုတ်ပဲ သူသိသော ငယ်ရွယ်သည့် လင်းမိုဖြစ်သည်။ သူ၏ မျက်ဝန်းတို့မှာ အိပ်မက်ထဲကလို ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်ခြင်း အထီးကျန်ခြင်းတို့မရှိ...ပကတိ တည်ငြိမ်နေပြီး လီချန်းယုံကို စိတ်ပူနေဟန်သာ ရှိလေသည်။

"မင်းအဆင်ပြေရဲ့လား''
ပြောရင်း လင်းမိုက သူရေကရားထဲက ငှဲ့ထားသည့် ရေခွက်ကို ပေးလေသည်။ လီချန်းယုံက ရေကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ သူသေရည်သောက်တာများသွားသောကြောင့် ခေါင်းကနောက်ကျိနေသည်။ သူနှင့် လင်းမိုက အိပ်ရာတစ်ခုတည်းတွင် အိပ်နေကြသည်ကိူ သတိပြုမိလိုက်သည်။

"ငါ အိပ်မက်မက်တာ...မင်းက ဘာလို့ ငါ့နန်းဆောင်ထဲရောက်နေတာလဲ''

"မင်းနန်းဆောင်ဟုတ်လို့လား...သေချာကြည့်ပါဦး''

လီချန်းယုံဘေးဘီကို ဝေ့ကြည့်လိုက်လေသည်။
"အော်...ငါမူးပြီး မင်းအဆောင်လိုက်လာတာလား''

"ငါ မင်းနန်းဆောင်ကို မသိလို့...''

"အင်း''
လီချန်းယုံက ခေါင်းငြိမ့်ပြပြီး အိပ်ရာပေါ်ပြန်လှဲလိုက်သည်။ ယောကျ်ားလေးနှစ်ယောက် တူတူအိပ်သည်မှာ မဆန်းကြယ်ပေ။ သူငယ်စဉ်က စစ်ရေးလေ့ကျင့်စဉ်ကလည်း လက်အောက်ခံ အိမ်တော်များမှ စစ်သည်များ နှင့် အတူလေ့ကျင့်ပြီး အဆောင်တစ်ဆောင်ထဲတွင် အိပ်စက်ခဲ့လေသည်။

အိပ်မက်ဆိုးက နိုးထလာသည်ဖြစ်သောကြောင့် လီချန်းယုံ၏စိတ်က မတည်ငြိမ်သေး။

လင်းမိုက ကိုယ်ကိုစောင်းပြီး ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ကာ လီချန်းယုံကို ကြည့်နေလေသည်။ နီရဲရဲနှုတ်ခမ်းလွှာလေး၊ ရှည်လျားကော့ညွှတ်သော မျက်တောင်ရှည်များ၊ စိတ်မကြည်သာဟန်နှင့် အနည်းငယ်ကျုံ့ထားသော မျက်ခုံးလွှာ၊ အသက်ရှုသံအတိုင်း နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသော ရင်အုပ်....ထိုအရာများ၏ ဆွဲဆောင်မှု အောက်မှာ လင်းမို အကြိမ်ကြိမ်ကျရှုံးနေပါသည်။

The True Conqueror [Complete]Where stories live. Discover now