လီချန်းယုံမှာဦးနှောက်ကို အလျင်အမြန် အလုပ်ပေးနေရသည်။ လင်းမိုက လော့မြစ်တစ်ဖက်ကမ်းမှာ စခန်းချထားသည့်နေရာမှာ မရှိဘဲ ပိုင်အိမ်တော်သို့ရောက်နေသည်။ လီချန်းယုံအကြောင်းစုံသိလိုက်ပါပြီ။ အဘိုးကြီးပိုင်မင်းသစ္စာဖောက်လေပြီ။ မင်္ဂလာပွဲကလည်းအတုအယောင်သာ ဖြစ်ပြီး လင်းမို၏ စီစဉ်ချက်များဖြစ်လိမ့်မည်။

သူအတွေးများနေခိုက် လင်းမို၏ စကားသံထွက်ပေါ်လာလေသည်။

"အဟက်....မြောက်ပိုင်းသားတွေက ထင်ထားတာထက် တုံးတာပဲ''

လီချန်းယုံသည် သူထောက်ထားသော ဓားကို ပိုအားထည့်လိုက်သည်။ ချက်ချင်းပင် လင်းမိုလည်ပင်း၌ သွေးစင်းရာတစ်ခုထွက်ပေါ်လာသည်။

"မင်းတို့ကမှ အောက်တန်းကျတာ...သတ္တိရှိရင် တရားနည်းလမ်းကျကျ တိုက်ပါလား''
လီချန်းယုံဒေါသဖြင့် ခက်ထန်စွာပြောလိုက်သည်။

လင်းမိုကတော့ သူ၏လည်ပင်းက ဒဏ်ရာကို ဂရုမစိုက်ချေ။ သူ၏ပုံစံက လည်ပင်းကို ဓားဖြင့်ထောက်ခံထားသော အသက်အန္တာရာယ်နှင့် နီးကပ်နေသည့် လူတစ်ယောက်အတွက် လွန်စွာအေးဆေးနေသည်ဟု ဆိုနိုင်သည်။

"အောက်တန်းကျတာ...ဟုတ်လား...တရားနည်းလမ်းကျကျ တိုက်တော့ရော ဘာကောင်းကျိုးတွေရမှာလဲ...လူတွေထောင်နဲ့ချီပြီးသေလိမ့်မယ်... မင်းသိလား ငါလောက်စစ်ပွဲတွေမှာ မွေ့လျော်နေတဲ့သူရှိမှာတောင်မဟုတ်ဘူး ဒါပေမယ့် ငါစစ်ပွဲကို
အတတ်နိုင်ဆုံးရှောင်တယ်...မလိုအပ်ဘဲ ငါ့စွမ်းအားတွေ ငါ့နိုင်ငံရဲ့ အရင်းအမြစ်တွေမဖြုံးတီးဘူး''

လီချန်းယုံကတော့ မကောင်းဆိုးဝါးလိုလူ၏ ပါးစပ်က ထွက်လာသောစကားများကို ပြက်လုံးတစ်ခုဟုသာမြင်မိသည်။

"မင်းအဲ့ဒီလောက်စစ်ပွဲကိုရှောင်ချင်ရင်လည်း ဘာကိစ္စသူများနိုင်ငံကို ကျူးကျော်နေတာလဲ''

လင်းမို၏ စူးရဲသော မျက်လုံးတွေက ချန်းယုံကို စေ့စပ်စွာကြည့်နေသည်။ ချန်းယုံနှင့် မျက်လုံးချင်းဆုံသည့်အခိုက်အတန့်မှာ လင်းမိုရဲ့မျက်နှာက လှောင်ရိပ်တစ်ချို့ ပျောက်သွားလေသည်။ စက္ကန့်ပိုင်းအတွင်း မျက်နှာအမူအရာကို လင်းမိုပြန်ထိန်းလိုက်ပြီးလီချန်းယုံကိုပြန်ဖြေလေသည်။

The True Conqueror [Complete]Where stories live. Discover now