လင်းမိုက သူအသိချင်ဆုံးမေးခွန်းကိုသာမေးလိုက်သည်။

"အဲ့ဒီဝံပုလွေက မြောက်ပိုင်းက ဘယ်သူ့ကိုစောင့်ရှောက်မှာလဲ။ မြောက်ပိုင်းဘုရင် အဘိုးကြီးလီလား''

အမတ်ကြီးက အသာခေါင်းယမ်းပြသည်။

"မဟုတ်ဘူး အရှင်...အဘိုးကြီးလီရဲ့ တစ်ဦးတည်းသော သားတော် လီချန်ယုံ''

"လီချန်ယုံ...'' လင်းမိုက အမတ်ကြီးစကားကို သံယောင်လိုက်ပြီး ရေရွတ်လိုက်သည်။ ပြီးတော့မှ သူသိချင်နေသော နောက်မေးခွန်းတစ်ခုကို ဆက်လိုက်သည်။

"ဝံပုလွေက အုပ်လိုက်လား...တကယ်လို့ရှိတယ်ဆိုရင်ပေါ့လေ'' လင်းမိုရဲ့မေးခွန်းက မထူးဆန်းပါ။ ဝံပုလွေဆိုတာ အုပ်စုလိုက် ကျက်စားသော သတ္တဝါများဖြစ်လေသည်။

"ကောလဟာလတွေအရတော့ တစ်ကောင်တည်းပဲ...နှင်းတောင်သွေးဖြူဝံပုလွေတစ်ကောင်က စောင့်ရှောက်သူတစ်ယောက်ကို ကိုယ်စားပြုတာတဲ့''

လင်းမိုရဲ့ ပိရိသေသပ်သော နှုတ်ခမ်းပါးများက အနည်းငယ်ကွေးတတ်သွားသည်။ ဘယ်လောက်အစွမ်းအစရှိရှိ တစ်ကောင်တည်းသော ဝံပုလွေက သူ့အတွက်ခြိမ်းခြောက်မှုမဟုတ်။ အမတ်ကြီးမှာ လျှောက်တင်စရာများပြီးပြီမလ်ု့ လင်းမိုကို ခွင့်တောင်းပြီး ပြန်ထွက်သွားလေသည်။ ရွက်ဖျင်တဲရဲ့ ဝင်ပေါက်ရောက်မှ လင်းမိုရဲ့အသံကို ကြားလိုက်ရသည်။

"အမတ်ကြီး ဝေးလံတဲ့ မြောက်ပိုင်းက သတင်းတွေကို ဘယ်လိုသိတာလဲ''

အမတ်ကြီး၏ ပါးရေများတွန့်နေသော ပါးပြင်တွင် အပြုံးတစ်ခုထင်ထင်ရှားရှားပေါ်လာသည်။

"မြောက်ပိုင်းက ငှက်လေးတွေရဲ့ သီချင်းဆိုသံကြောင့်ပါ''

"အမတ်ကြီးရဲ့ငှက်လေးတွေက မြောက်ပိုင်းမှာလဲ ရှိတာပဲလား''

"နံရံတွေမှာနားရှိတယ်...နေရာတိုင်းမှာငှက်လေးတွေရှိတယ်''

အမတ်ကြီးပြောသွားသောစကားရဲ့ အဓိပ္ပါယ်ကို လင်းမိုက သဘောပေါက်စွာ ခေါင်းငြိမ့်လိုက်သည်။ ငှက်လေးတွေဆိုတာ တကယ့်ငှက်အစစ်ကို ရည်ရွယ်တာမဟုတ်ပါ။ ထန်ရွှမ်းတိုက်တစ်ခွင်တွင် အမတ်ကြီး လွှတ်ထားသော သူလျှိုကလေးများဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now