''..... ဟာ Baekhyun ရာ... မင်းကကွာ ''
Chanyeol စိတ်ညစ်ငြူးစွာ ဆံပင်တွေကြား လက်ချောင်းတွေနဲ့ ဆွဲဖွလိုက်တော့ မကြာသေးခင်ကမှ အရောင်ခြယ်ထားသော ငွေမှင်ရောင် ဆံနွယ်တွေက ဖွခနဲ။
လေတဖြူးဖြူးတိုက်နေသော ကျောင်းကြီးရဲ့ အနောက်ဘက် အရိပ်ရအပင်ကြီးကြီးတွေအောက် ရောက်နေခဲ့တာ နာရီဝက်ခန့် ရှိချေပြီ။
ဆွဲဖွထားရုံမက လေပါတိုက်နေသဖြင့် ပုံသွင်းထားတဲ့ ဆံနွယ်တွေက ပုံစံပျက်သွားသည့်တိုင် Park Chanyeolသည် ကြည့်ကောင်းနေဆဲ။
စိတ်ရှုပ်လို့ ထင်သည်။ ခါးတစ်ဖက်ထောက်ကာ အလိုမကျသော မျက်ခုံးတန်းတွေ ကျုံ့ထားသည့်တိုင် ကြည့်ကောင်းနေဆဲ။
ဘယ်အချိန်မဆို ကြည့်ကောင်းနေတတ်တာ Chanyeolရဲ့ အားနည်းချက်ဆိုလျှင် ထိုချစ်သူကိုမှ အမြဲစိတ်မချဖြစ်ကာ ချုပ်ချယ်နေတတ်တာ Baekhyunရဲ့ အားနည်းချက်ပင်။
''ငါ့ပြောစကားသာ နားထောင်ရင် ဒီလိုတွေ စကားများစရာမလိုဘူး Chanyeol''
Baekhyun စကားဆုံးတော့ အဝေးရောက်နေသော Chanyeol မျက်ဝန်းတွေက Baekhyunဆီ ပြန်ဝေ့လာသည်။
နားထင်ကို လက်ချောင်းရှည်ရှည်တွေနဲ့ ခပ်ဖွဖွကုတ်ကာ မျက်နှာတစ်ချက် ရှုံ့လျက် ကျစ်ကနဲ စုပ်သပ်ကာ ဂျစ်တစ်တစ်မျက်နှာပေးကိုက အကြည့်လွှဲစရာ တစ်ချက်မှ မရှိ။
သည်လို ချစ်သူကို အမြဲတစေ စိတ်မချဖြစ်နေရတာ Baekhyunရဲ့ အလွန်တော့မဟုတ်ပေ။
Chanyeolက မိမိကို အရမ်းချစ်မှန်း Baekhyun သိသည်။
ယုံလည်းယုံကြည်သည်။သို့ပေမယ့် အပေါင်းအသင်းမက်လွန်းသော Chanyeolက...
မိန်းကလေး ယောကျာ်းလေးမရွေး အရမ်းခင်မင်သည်။မည်သည့်ကိစ္စမဆို စိတ်ရော ကိုယ်ပါနှစ်ပြီး ကူညီတတ်သည်။ Baekhyunသည်လည်း ရွယ်တူမို့ Chanyeol အပေါင်းအသင်းမင်တာကို နားလည်ပေမယ့် သူ့အပေါင်းအသင်းတွေထဲမှာ သူ့အပေါ် မရိုးမသားတွေရှိတာလည်း Baekhyunက ရိပ်မိသည်။ အတတ်သိသည်။
ထိုသည်ကိုပဲ Chanyeolက မကြိုက်။ Baekhyun စိတ်ပူလို့ ချုပ်ချယ်တာကိုပဲ သူ့ကို မယုံကြည့်တာလို့ ထင်ပြီး နှစ်ယောက်သား ရန်ဖြစ်ကျတာ ခဏခဏ။