Part 9

3.3K 269 14
                                    


လွန်ခဲ့သောနှစ်နှစ် ...

'စီးကရက်ကကုန်သွားပြန်ပြီလား'

ဆိုဒ်ထဲကအပြန် မီးပွိုင့်စောင့်နေရင်း စီးကရက်သောက်ဖို့
ဘူးကိုဖွင့်ကြည့်လိုက်တော့ ကုန်နေသည်။ မနက်ကမှ
အသစ်တစ်ဘူးထည့်လာခဲ့တာကို ညနေမရောက်ခင်
ကုန်ပြီတဲ့လား ... စဉ်းစားကြည့်တော့မှ ဆိုဒ်ထဲ
လှည့်ပတ်ကြည့်ရင်း တော်တော်လေးသောက်မိတာပဲ ...။
ကိုယ့်စီးကရက်သောက်နှုန်းကိုသိရက်နဲ့
သေချာထည့်မလာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ စွမ်းထွဋ်
အပြစ်တင်လိုက်သည်။ ဒီညအိမ်လည်းပြန်ဖြစ်မှာ
မဟုတ်တော့ နီးစပ်ရာဆိုင်ကဝင်ဝယ်ဖို့စဉ်းစားပြီး
အနီးအနားကိုကြည့်လိုက်တော့ Convenience Store
တစ်ခုတွေ့လိုက်တာမို့ ကားကိုဘေးကပ်လိုက်သည်။
မီးပွိုင့်ကကြာချင်သလောက်သာကြာပေတော့ ... ။

ဆိုင်ထဲရောက်တော့လိုချင်တာကိုကြာကြာမရှာလိုက်ရ ...။
Convenience Storeတွေမှာ စီးကရက်ဘူးတွေကို
ငွေရှင်းကောင်တာနားမှာပဲ ထားလေ့ရှိတာမို့ ဆိုင်ထဲ
ဝင်ဝင်ချင်းမှာပဲ လိုချင်တာကိုတွေ့လိုက်သည်။
သောက်နေကျ Mevius ငါးဘူးအပြင်
Marlboro နှစ်ဘူးကိုပါ
ယူပြီး ကောင်တာပေါ်တင်လိုက်သည်။

'ဒါတွေအကုန်လုံးလား'

ဘယ်လိုမှထင်မထားတဲ့ စကားကိုကြားလိုက်တာမို့
အသံလာရာကိုကြည့်လိုက်မိတော့ cashier
ကောင်မလေးဆီကဖြစ်နေသည်။ စီးကရက်
ခုနှစ်ဘူးဆိုတာ
သူ့အတွက်ထူးဆန်းတဲ့ပမာဏဖြစ်နေလို့လား ... စီးကရက်
ခုနှစ်ဘူးဝယ်တဲ့ Customerကို သူမမြင်ဖူးလို့လား ...
ကိုယ်လုပ်စရာရှိတာကိုမလုပ်ပဲ
အထူးအဆန်းလာမေးနေတဲ့
ကောင်မလေးကိုကြည့်ပြီး စိတ်အချဉ်ပေါက်သွားတာမို့ ...

'မယူပဲမင်းရှေ့ကိုအလကားချပေးတယ်ထင်နေတာလား'

'မဟုတ်ပါဘူး ... ဟို ... ဒီလောက်အများကြီးဆိုတော့ ...
ထားပါတော့လေ ... ဟန်နီ့ကိစ္စလည်းမဟုတ်ပါဘူး'

နားမလည်နိုင်တဲ့စကားတွေပြောပြီး ဘောက်ချာ
လာပေးသည်။ စွမ်းထွဋ် ပိုက်ဆံရှင်းပြီးထွက်လာခဲ့သည်။
ဘယ်လိုကောင်မလေးလဲ ... ကြည့်ရတာလည်း
အသက် ၂၀တောင်ရှိဦးမယ့်ပုံမပေါ် ... ရောင်းစရာရှိတာ
မရောင်းပဲ အထူးအဆန်းလာမေးနေတဲ့သူကို အခုမှပဲ
တွေ့ဖူးတော့တယ် ... ။

Honey Where stories live. Discover now