ဖခင်.. လူတွေရဲ့နှလုံးသားကို ကျွန်တော်မစားချင်ဘူး...ကျေးဇူးပြု၍ မစားပါရစေနဲ့...

စေတန်နတ်၏ ရက်စက်သောအပြုံးတစ်ခုနှင့် လက်တစ်ဖက်ချင်းစီကို ရက်စက်စွာ ရိုက်ချိုးခံလာရသော မိန်းကလေးငယ်၏ နာကျင်မှုနှင့် အော်ဟစ်သံများသည် ဒန်နရယ့်ခေါင်းထဲ တိုးဝင်လာနေသည်။

မင်း အစာစားဖို့ ဆုံးဖြတ်လိုက်ပြီလား ဖရက်ဒီ..

စေတန်နတ်၏ အေးစက်သောစကားသံကို ကြားလိုက်ရသည်။ ထိုအချိန်က ဖရက်ဒီ ခံစားခဲ့ရသော ၀မ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် မိန်းကလေးငယ်အပေါ် သနားစာနာမှုများသည် ဒန်နရယ်ကိုယ်တိုင် လက်ရှိခံစားနေရသလို သူ့နှလုံးသားတစ်ခုလုံးကို ပူလောင်လာစေသည်။

ထို့နောက်မှာတော့ ဒန်နရယ်၏ တစ်ကိုယ်လုံးသည် လွင့်မြောသွားပြန်ကာ မြင်ကွင်းအားလုံး ပြောင်းလဲလာသည်။ မြင့်မားမတ်စောက်သော ကျောက်ဆောင်များနှင့် ၀န်းရံနေသော ချိုင့်ဝှမ်းငယ်နှင့် ရေကြည်ကန်ငယ်ရှေ့ရောက်နေပြန်သည်။

အဘိုးအိုမာစီသည် ဖရက်ဒီဖြစ်သော ဒန်နရယ့်ရှေ့တွင် ဒူးထောက်အရိုအသေပေးနေသည်။

မာစီ..ကျွန်တော် အပြင်သွားကြည့်ချင်တယ်...

အသက်ရှင်တယ်ဆိုတာဘာလဲ.. ဒီလောက်ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကိုသာ အသက်ရှင်တယ်လို့ခေါ်ရင် ကျွန်တော်ကတော့ အပြင်ထွက်ပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်ချင်တယ်..

အထီးကျန်ခြင်း၊ ပိတ်လှောင်ခံထားရသည့် အလိုမကျ စိတ်ကျဉ်းကြပ်မှုများ၊ ထို စိတ်ခံစားမှုများသည် တိုးဝင်လာနေသော လေပြင်းများလို တစ်ခုပြီးတစ်ခု ဒန်နရယ့် ရင်ခွင်ထဲ တိုးဝင်လာနေသည်။ မောပန်းဖွယ်ကောင်းလွန်းလှသော ခံစားချက်များ မကုန်ဆုံးသေးခင်မှာပင် ကန်ရေပြင်ဘေးတွင် ထိုင်နေသော ဖရက်ဒီ၏ ကိုယ်ခန္ဓာထဲသို့ ဒန်နရယ်ရောက်သွားပြန်သည်။

ကျောက်ဆောင်ထိပ်များပေါ်မှ လွင့်စင်ကျလာနေသော အရိပ်တစ်ခု..

ထိုအရိပ်သည် မိမိသာဖြစ်သည်ကို ဒန်နရယ် သိနေသည်။ လွင့်မြောသော ဆံပင်နက်များနှင့် ငြိမ်သက်စွာ မေ့မြောနေသော မိမိကိုယ်ကို ပြန်ငုံ့ကြည့်နေရသလို ဒန်နရယ် ခံစားနေရသည်။ ချို မြသော သွေးစက်၏ အရသာကို အရိုးထဲအသားထဲ စိမ့်သည်အထိ ဒန်နရယ် ခံစားလာရသည်။

Black Angelजहाँ कहानियाँ रहती हैं। अभी खोजें