Chapter (9)

595 68 13
                                    

စေးတံတိုင်းရံသည် မနက်စာပြင်ထားသည်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ထိုင်ခုံနေရာတွင်မြတ်ကို မတွေ့သဖြင့် သွားခေါ်ခိုင်းလိုက်သည်။

"မြတ်က အလုပ်အစောကြီးသွားပြီ ကိုစေး"

ဒေါ်ကြီးမြစကားက စေးစိတ်မကောင်းဖြစ်သွားစေသည်။

မနက်စာအတူမစားနိုင်တာနဲ့ သူကစိတ်မကောင်းဖြစ်သွားတာလား...

စေးသည် တစ်စုံတစ်ယောက်က သူ့စိတ်အပေါ်  ဤမျှသက်ရောက်မှုကြီးမားသည်ကိုသိသွားပြီး မနက်စာစားချင်စိတ်မရှိတော့ပေ။ အလုပ်မသွားခင်ထိ အခန်းထဲတွင် အပြန်ပြန်အလှန်လှန်စဥ်းစား အဖြေထုတ်နေမိတော့သည်။

စေးတုန်လှုပ်မည်ဆိုလည်း တုန်လှုပ်ချင်စရာ...

သူက တစ်စုံတစ်ယောက်အပေါ်ကို ငြိတွယ်စွဲလမ်းသွားမဲ့သူမှမဟုတ်တာ

သိမ်မွေ့လရောင်ကို သဘောကျတာတောင် တွက်ချက်မှုတွေ နိုင်ချင်ဇောတွေနဲ့...

စေးသည် မိမိကိုယ်ကိုယ် ဝန်မခံချင်ဘဲ ဝန်ခံလိုက်ရသည်။ သူသည် သူ့အိမ်ကိုရုတ်တရက်ဆန်ဆန်ရောက်လာပြီး သူ့ဘဝထဲဝင်ရောက်လာသည့် မြတ်သော်ကကို အမှန်တကယ်ပဲ ချစ်မိနေခဲ့ပြီ။


စေးအလုပ်သွားမည့်အချိန်တွင် ဒေါ်ကြီးမြက စေးကိုမနက်စာမစားတော့ဘူးလားဟု မေးမြန်းလာသည်။

"ဒေါ်ကြီးမြမစားရသေးဘူးလား"

"ဟုတ်တယ် ကိုစေးကမစားဘဲတက်သွားတော့ ကြီးမြလည်းစောင့်နေလိုက်တာ"

စေးကို တတ်နိုင်သလောက် တစ်ယောက်တည်းထမင်းမစားရစေရန် ကြိုးစားပေးသော ဒေါ်ကြီးမြကို ပထမဆုံးအကြိမ် အားနာစိတ်ဝင်သွားသည်။

သူအကျိုးအကြောင်းလေးတော့ ပြောပြခဲ့သင့်တာ...

"ဟုတ် ဒါဆိုလဲ စားရအောင်လေ "

ဒေါ်ကြီးမြသည် မျက်နှာပေါ်ဘာအမူအယာမှ မပြသော ကိုစေးကိုလှမ်းကြည့်လိုက်သည်။ စိတ်ကြည်နေသည်ဟု ယူဆလို့ရသဖြင့် သူမပြောချင်တာကို ပြောဖို့ကြိုးစားလိုက်သည်။

"ကိုစေး မြတ်ကို ကိုစေးကအရင်ပြန်ခေါ်လိုက်ပါ့လား"

ဒေါ်ကြီးမြစကားကြောင့် စေးက ကော်ဖီသောက်နေရင်း လှည့်ကြည့်လာသည်။

Say You Love MeWhere stories live. Discover now